၁၉၉၀ ပြည့်လွန်နှောင်းပိုင်းနှစ်များကတည်းက အယ်လ်ဆာဗေဒိုနိုင်ငံသည် ကိုယ်ဝန်ဖျက်ချမှုကို လုံးဝတားမြစ်ထားသည့်နိုင်ငံဖြစ်သည်။ အဓမ္မပြုကျင့်ခံရမှုဖြစ်စေ၊ သွေးရင်းစပ်ယှက်မှုဖြစ်စေ၊ သန္ဓေသားမူမမှန်မှုဖြစ်စေ၊ ကိုယ်ဝန်ဆောင်မိခင် အသက်အန္တရာယ်ရှိ၍ပင်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမှုကို လုံးဝ ခွင့်မပြုသည့်နိုင်ငံမျိုး ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချရန် စိတ်ကူးထားခြင်းမျိုး မဆိုထားနှင့်။ သားလျှောခြင်း၊ ကလေးအသေမွေးခြင်းနှင့် အခြားသော ကိုယ်ဝန်ဆောင်မှုနောက်ဆက်တွဲ အခြေအနေများသည်ပင် အယ်လ်ဆာဗေဒိုနိုင်ငံနေ အမျိုးသမီးများအား အရေးယူအပြစ်ပေးခြင်း၊ နှစ်ရှည်ထောင်ဒဏ်ပေးခြင်းများ ကြုံစေရတတ်သည်။
ကံအကြောင်းမလှစွာဖြင့် အရေးယူပစ်မှတ်ထားခံရသည့် အမျိုးသမီးများသည် များသောအားဖြင့် ဆင်းရဲကြပြီး ကျေးလက်နေသူများဖြစ်ကြသည်။
ကိုယ်ဝန်ဖျက်ချမှုကိုတားမြစ်သည့် ဥပဒေကြောင့် ထောင်ထဲရောက်ခဲ့ရသူ အမျိုးသမီးအချို့ကို AP သတင်းဌာနက မေးမြန်းဖြစ်ခဲ့ပြီး ကိုယ်ပိုင်လုံခြုံမှုကို ထည့်တွက်သည်ကတစ်ကြောင်း၊ ရန်ပြုခံရမှုနှင့် လူမှုပတ်ဝန်းကျင်၏ခွဲခြားဆက်ဆံခံရမှုတို့ ဖြစ်လာနိုင်သည်ကတစ်ကြောင်း ၎င်းအမျိုးသမီးက နာ မည်အပြည့်အစုံကို ထည့်သွင်းမဖော်ပြရန်ပင် မေတ္တာရပ်ခံခဲ့သည်။
စင်သီယာ
အသက် ၃၃ နှစ်အရွယ် စင်သီယာရိုဒရီ ဂွတ်ဇ်သည် ၂၀၀၈ ခုနှစ်က နေအိမ်တွင် က လေးအသေမွေးသဖြင့် သူ့မိသားစုက လူနာတင်ယာဉ်ကို ခေါ်လိုက်သည်။ သို့သော် လူ နာတင်ယာဉ်ရောက်လာရမည့်အစား ရဲကားတစ်စီးရောက်လာပြီး စင်သီယာကို ဆေးရုံ ခေါ်သွားခဲ့သည်။ စင်သီယာသည် လူနာထမ်းစင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် ပါသွားခဲ့ရသည်။
ကိုယ်ဝန်ဖျက်ချမှုဖြစ်စေသည်ဟု ဆိုကာ ရဲများက စင်သီယာကို ဖမ်းဆီးလိုက်ပြီဟုလည်း ပြောဆိုခဲ့ပြီး နောက်ပိုင်း စင်သီယာသည် လူသတ်မှုဖြင့် စွဲချက်တင်ခံရကာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရသည်။
“ကျွန်မရဲ့အိပ်မက်က ပညာသင်မယ်၊ အလုပ်လုပ်မယ်၊ မိသားစုကို ထောက်ပ့ံမယ်၊ ကျွန်မရဲ့ရင်သွေးကိုပျိုးထောင်မယ်ပေါ့။ ဒါပေမဲ့ နှစ် ၃၀ လို့ ကြားလိုက်တဲ့အခါမှာ ကျွန် မရဲ့အိပ်မက်တွေအားလုံး ပျက်စီးသွားတယ်။ ကျွန်မရဲ့ဘဝကြီး ရပ်သွားတယ်” ဟု စင်သီယာက သူ့အဖြစ်ကို ပြန်တွေးပြောပြခဲ့သည်။
အဖြစ်ကဆိုးလှသည်။ ထောင်ထဲတွင် ထောင်စောင့်များက သူ့ကို မည်သည့်အမှုဖြင့် ထောင်ကျသည်ကို ဘေးလူများအား ထုတ်မပြောရန် သတိပေးခဲ့သော်လည်း အခြားအကျဉ်းသားများ သိသွားသည့်အခါ သူ့ကို ရိုက်နှက်နှိပ်စက်ကြသည်။ “သူတို့က ကျွန်မကို ကလေးလူသတ်သမားတဲ့လေ”ဟု စင်သီယာ က ပြန်စဉ်းစားပြောသည်။
စင်သီယာ၏လက်တွင် ၂၀၁၄ ခုနှစ်၏ မမေ့ရက်စရာနေ့စွဲတစ်ခုကို အမြဲအမှတ်ရ နေစေမည့်တက်တူးတစ်ခုရှိသည်။ သူ ထောင်ကျနေစဉ် ဖခင်ဆုံးပါးသွားသည့်နေ့ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် နဂိုထောင်ဒဏ်ကို လျှော့ပေါ့ပေးခဲ့သဖြင့် စင်သီယာသည် ထောင် ၁၁ နှစ် ကျခံပြီးနောက် လွတ်လာခဲ့သည်။
စင်သီယာရိုဒရီဂွတ်ဇ်သည် သူ့အဖြစ်ဆိုးကို လူသိရှင်ကြား ဖွင့်ဟလိုက်ခြင်းအားဖြင့် အမျိုးသမီးများ သူတို့၏လွတ်လပ်ခွင့်ကို ရယူနိုင်ကြစေရန် ၊ အယ်လ်ဆာဗေဒိုနိုင်ငံ၏ ပြင်းထန်တင်းကျပ်သည့် ကိုယ်ဝန်ဖျက်ချမှုဆိုင် ရာမူဝါဒ အဆုံးသတ်သွားစေရန် မျှော်လင့်နေသည်။
ယခုစင်သီယာတွင် သမီးတစ်ဦးရှိနေပြီ ဖြစ်ပြီး သမီးဖြစ်သူကို မိိခင်တစ်ဦးအနေဖြင့် အမြဲအားပေးသွားမည်ဖြစ်ကြောင်း၊ သမီးဖြစ်သူကလည်း ယခုအရေးတွင် ပါဝင်တိုက်ပွဲဝင်ပြီး မိခင်ကဲ့သို့ ရဲရင့်ပြီး အမှီအခိုကင်းသည့် မိန်းမသားတစ်ဦး ဖြစ်လာစေချင်ကြောင်း စင်သီယာက ဆိုသည်။
ဇူလေမာ
ဇူလေမာ ဘယ်လ်ထရန်သည် ၁၉၉၉ ခုနှစ်က ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားစဉ် တစ်နေ့၌ အလွန်အမင်း နာကျင်ပြီး မူးမေ့သွားခဲ့သည်။ ကိုယ်ဝန်ပျက်ကျသွားသည့်အခါ ရဲတပ်ဖွဲ့က ကိုယ်ဝန်ဖျက်ချမှု သံသယ ဖြင့် ဇူလေမာကိို စစ်ဆေးတော့သည်။ နောက်ဆုံး ဇူလေမာသည် လူသတ်မှုစွဲချက်ဖြင့် စီရင်ချက်ချခံရပြီး ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံလိုက်ရသည်။
သူ ထောင်ကျနေစဉ် သူနှင့် ညီအစ်မတော်စပ်သူတစ်ဦးက လမ်းလျှောက်ကာစ သူ့သမီးလေးကို ခေါ်ယူစောင့်ရှောက်ပေးခဲ့ရသည်။ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ဇူလေမာ ထောင်က လွတ်လာသည့် အခါ သမီးဖြစ်သူက သူ့ကို ကောင်းကောင်းပင် မမှတ်မိတော့ပေ။
ဇူလေမာသည် အစတော့ အလုပ်တစ်ခု ကြိုးစားရှာပြီး ခွဲခြားဆက်ခံမှုများလည်း ခံစားခဲ့ရသည်။ သို့သော် သမီးဖြစ်သူကပင် သူ့ကိုအားတင်းထားရန် အားပေးခဲ့ပြီး လှည်းလေးတစ်ခုကို သားအမိနှစ်ဦး ပြင်ဆင်ကာ မြို့တော်ဆန်ဆာဗေဒို၏ လမ်းများတွင် ဟော့ဒေါ့ လိုက်ရောင်းခဲ့သည်။
“လောကကြီးကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သူကပဲ ကျွန်မကို အများကြီး သင်ပြသွားတာ” ဟု ဇူလေမာက ပြန်တွေးပြောပြသည်။ သို့သော်သမီးဖြစ်သူက အသက် ၂၂ နှစ်ဖြင့်ပင် ဆုံးသွားသည်မှာ မကြာသေးပေ။
လက်ရှိဇူလေမာသည် အသက်ရှစ်နှစ်အရွယ် သမီးလေးနှင့် အတူနေထိုင်လျက်ရှိပြီး ရေမွှေး ရောင်းရသည့်ငွေဖြင့် ဖူလုံနေသည်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ရှိလာရန်လည်း သူ စိတ်ကူးထားသည်။ “အခက်အခဲတွေ ဘယ်လောက် ကြီးကြီးမားမား ကြုံကြုံ၊ ကျွန်မတို့ အဲဒါကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ပတ်ဝန်းကျင်ကို ပြချင်တယ်”ဟု ဇူလေမာက ဆိုသည်။
မာရီယာနာ
မာရီယာနာလိုပက်ဇ်သည် ၂၀၀၀ ခုနှစ်တွင် ကိုယ်ဝန်ဆုံးရှုံးလိုက်ရပြီး ကိုယ်ဝန်ဖျက်ချမှုသံသယဖြင့် ဖမ်းဆီးခံရကာ ထောင်ကျခဲ့ သည်။ ရှေ့အမှုများအတိုင်းပင် လူသတ်မှုဖြင့် စွဲချက်ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရသည်။ သို့သော် ပြစ်ဒဏ်လျှော့ပေါ့ချက်ဖြင့် ၁၇ နှစ်ကျပြီး ထောင်မှပြန်လွတ်လာသည်။
ထောင်ကျစက သူ့တွင် အသက်လေးနှစ် အရွယ်သားလေးတစ်ဦး ကျန်ခဲ့သည်။ ယခုတော့ သားဖြစ်သူပင် အသက် ၂၆ နှစ် ရှိနေပြီဖြစ်ပြီး ထောင်မှ လွတ်လာပြီးကတည်းက မာရီယာနာတို့သားအမိချင်း ဆက်ဆံရေးမှာ မချောမွေ့ပေ။ “မကျေမချမ်းနိုင်တာတွေ ရှိ တာပေါ့လေ။ ပုံမှန်ဘဝမျိုးနဲ့ မကြီးပြင်းခဲ့ရတဲ့ သားအတွက် အရမ်းကို ခက်ခဲမှာပေါ့”ဟု မာ ရီယာနာလိုပက်ဇ်က ပြောပြရှာသည်။
မာရီယာနာသည် မိခင်ဖြစ်သူ၊ အသက် ခုနစ်နှစ်အရွယ်သမီးလေးတို့နှင့် မြို့တော် ဆန် ဆာဗေဒိုအနောက်မြောက်ပိုင်းတွင် နေထိုင်လျက်ရှိသည်။
သူသည် မုန့်ဖုတ်နည်းကို ထောင်ထဲတွင် သင်ခဲ့ရသည့်အတွက် ယခုလည်း ဝင်ငွေရအောင် နေ့စဉ်အရုဏ်မတက်မီ ထပြင်ဆင်ပြီး ပေါင်မုန့်ဖုတ်ရောင်းနေသည်။ သူ့အိပ်မက်က တစ်နေ့တွင် ကိုယ်ပိုင်မုန့်တိုက် ဖွင့်နိုင်ရန်ဖြစ်သည်။
ကယ်ရင်
အဘွားဖြစ်သူအိမ်တွင် အသက်၂၁ နှစ် အရွယ်ကိုယ်ဝန်ဆောင်မိခင် ကယ်ရင် မူးမေ့သွားချိန်က အိမ်တွင် တစ်ဦးတည်းကျန်နေခဲ့ချိန်ဖြစ်သည်။ သူ သတိရလာသည့်အခါ လူနာထမ်းစင်ပေါ်တွင် လက်ထိတ်ခတ်ခံထားရသည်။၂၀၁၅ ခုနှစ်တွင် ကိုယ်ဝန်ဖျက်ချ သည်ဆိုကာ လူသတ်မှုစွဲချက်ဖြင့် သူ့ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။
“ကျွန်မက လူသတ်သမား၊ ကျွန်မ လုပ်ခဲ့တဲ့အပြစ်အတွက် ပြန်ပေးဆပ်ရမယ်၊ ထောင်ထဲမှာ ဆွေးတဲ့အထိ နေရမယ်ဆိုပြီး သူတို့က ပြောတယ်” ဟု ကယ်ရင်က ပြန်ပြောင်းပြောပြ သည်။အကျဉ်းထောင်ထဲတွင်လည်း အခြား အကျဉ်းသားများက သူ့ကို အသက်ဆက်ရှင်ရန် မတန်ဟုပင် ခါးသီးစွာနှိမ့်ချပြောဆိုခဲ့ကြသည်။ ထောင်ဒဏ်ခုနစ်နှစ် ကျခံပြီးသည့် နောက် ကယ်ရင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ပြန်လွတ်လာသည်။
စင်ဒီ
စျေးဝယ်ကုန်တိုက်တစ်ခု၏ သန့်စင်ခန်းထဲတွင် ကလေးအသေမွေးခဲ့သည့် စင်ဒီသည် ၂၀၁၄ ခုနှစ်တွင် ဥပဒေ၏အပြစ်ပေးမှုကို ခံခဲ့ရသည်။ ထိုအချိန် စင်ဒီတွင် အသက်လေးနှစ်အရွယ် သားလေးတစ်ဦးလည်း ရှိသည်။ သားဖြစ်သူကိုပြန်တွေ့ခွင့်ရရန် အချိန်လေးနှစ် သူ ပေးဆပ်ခဲ့ရသည်။
ခရီးသွားလုပ်ငန်းနှင့် အင်္ဂလိပ်စာကို လေ့လာနေစဉ် ထောင်ကျခဲ့သည့်အတွက် သူ့အိပ်မက်အားလုံး ရပ်ခဲ့ရသည်။ စင်ဒီသည် ခရီးသွားလုပ်ငန်းအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ခွင့်ရရန် ဆန္ဒရှိနေပြီး ပြည်ပသို့ ထွက်ခွာရန်လည်း စိတ်ကူးထားသည်။ “အားလုံးကို မေ့ဖျောက်ချင်ရင် နေရာသစ်တစ်ခုမှာ အသစ် ပြန်စရမှာပေါ့”ဟု စင်ဒီက ဆိုသည်။
အမယ်လ်ဒါ
အမယ်လ်ဒါသည် မိခင်နှင့်ပတ်သက်နေသည့် အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်မှုကို အသက် ၈ နှစ်မှ ၁၈ နှစ်အထိကြုံတွေ့ခဲ့ရပြီး ကိုယ်ဝန်လည်း ရသွားခဲ့သည်။၂၀၁၇ ခုနှစ်တွင် အမယ်လ်ဒါသည် သန့်စင်ခန်းတစ်ခုတွင် အမှတ်မထင် မီးဖွားပြီးနောက် သတိလစ်သွားခဲ့သည်။
ကလေးဖြစ်သူမှာ အသက်ရှင်သော်လည်း အမယ်လ်ဒါသည် လူသတ်ရန်ကြံစည်မှုဖြင့် စွဲချက်တင်ခံလိုက်ရသည်။ သို့သော် ကံကောင်းစွာ ကလေးကိုသတ်ရန်မကြိုးစားခဲ့ဟု ရုံးတော်က ဆုံးဖြတ်သဖြင့် ၂၀၁၈ ခုနှစ်တွင် ထောင်မှလွတ်လာခဲ့သည်။ မိန်းမသားတစ်ဦးသည် အနိုင်ကျင့်စော်ကားခံရမှုကြောင့် ရလာသည့် သန္ဓေသားကို လွယ်ထားရန် အတင်းအကျပ် ဖိအားပေးမခံရသင့်ဟုလည်း အမယ်လ်ဒါက အခိုင်အမာယူဆထားသည်။
“ဘယ်မိန်းကလေးက အသက်ငယ်ငယ်နဲ့ မိခင်ဖြစ်ချင်ပါ့မလဲ။ သူတို့အပြစ်မှ မဟုတ်တာ။ အဓမ္မပြုကျင့်ခံရတဲ့ ၁၀ နှစ်သမီးလေးတွေ သူတို့တကယ်ဖြစ်ချင်တာက ဆော့ဖို့ စာသင်ဖို့လေ။ ကျွန်မဆိုလည်း စာသင်ချင်သေးတာ၊ ကလေးအမေ ဖြစ်ချင်တာ မဟုတ်ဘူး”ဟု အသက်၂၄ နှစ် ရှိနေပြီဖြစ်သည့် အမယ်လ်ဒါက ဆိုသည်။
Ref : AP
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား