ယခုနှစ် မြန်မာ့ရေထွက်ကုန် တင်ပို့မှုနဲ့ နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာမှုများကို သတင်းများမှာ တွေ့နေရပါတယ်။ ကိုဗစ်ကပ်ရောဂါ အခြေအနေများ၊ ရာသီဥတုအခြေအနေများ၊ ငွေလွှဲနှုန်းများ၊ နိုင်ငံရေး အခြေအနေများ၊ ထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်းများ၊ ငါးဖမ်းရာသီ အပြောင်းအလဲများကြောင့် တရုတ်နဲ့ ထိုင်းနယ်စပ်ကိုသာ အဓိကအားထားတင်ပို့နေရတဲ့ မြန်မာ့ထွက်ကုန်များမှာ အကျဘက်ကို ဦးတည်လာတာ တွေ့ရပါတယ်။
တစ်နှစ်နှစ်နှစ်အတွင်း စီးပွားရေးအခြေအနေများက သိသာစွာကျဆင်းသွားခဲ့ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကပ်ရောဂါအခြေအနေများကို နိုင်ငံရေးနဲ့ ငွေလွဲနှုန်းများက ထပ်ဖိလိုက်တဲ့အခါမှာ အဆင်းကို ဘီးတပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ထုံးစံအတိုင်း အခြေခံလူတန်းစားများ လူးလှိမ့်အောင် ခံစားနေပါတယ်။
ရေထွက်ကုန် တစ်ခုကိုအဓိက မှီခိုနေရတဲ့မြိတ်ကျွန်းစုအတွင်းမှာလည်း အလားတူခံစားနေရပြီး ရာသီဥတုအပြောင်းအလဲများ၊ ငါးဖမ်းရာသီအပြောင်းအလဲများနဲ့ ထုတ်လုပ်မှုစရိတ် ပြောင်းလဲလာခြင်းများက အပိုဆုအဖြစ် ထပ်ပါလာပြန်ပါတယ်။ မြိတ်ကျွန်းစုအတွင်းမှာ ငါးသားပေါက်ရာသီကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ရာနှုန်းပြည့် ပိတ်လိုက်ပါတယ်။
ငါးဖမ်းရာသီပြန်ဖွင့်တဲ့အခါမှတော့ ငါးအထိအမိကောင်းပြီး လုပ်ငန်းရှင်များ၊ ရေလုပ်သားများအတွက် အကျိုးအမြတ်ရလိုက်ကြပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ မုတ်သုံက မေလလောက်တွင် စတင်ဝင်ရောက်ပြီး စက်တင်ဘာလလောက်အထိ မိုးရွာသွန်းခြင်း၊ လှိုင်းလေပြင်းထန်ခြင်းများ ရှိနေတတ်ပါတယ်။ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေဟာ ငါးသားပေါက်ရာသီ ဖြစ်သလိုပင်လယ်ပြင် အတွင်းလှိုင်းလေအပြင်းထန်ဆုံး ဖြစ်တဲ့အတွက် ကမ်းဝေးငါးဖမ်းလှေကြီးများလုပ်ငန်း ရပ်နားထားလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှတော့ ငါးသားပေါက်ရာသီကို မေ၊ ဇွန်၊ ဇူလိုင်လတွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် အဲဒီသုံးလအတွင်းမှာ ငါးမဖမ်းရရာသီ ဖြစ်သွားတော့တယ်။
“ငါးသားပေါက်ရာသီအဖြစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်များကို နှစ်စဉ်သတ်မှတ်ထားသလို နှစ်စဉ်ပိတ်လာတာကလည်း ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေပဲဖြစ်ပါတယ်။ သုတေသန သင်္ဘောရေယာဉ်က ဒေါက်တာ ဖိလစ်နယ်လ်ဆင်ရဲ့ သုတေသနပြုချက်အရ မြန်မာနိုင်ငံရဲ့ ငါးသားပေါက်ရာသီဟာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီဆိုပြီး အဖြေထွက်နေတယ်လို့ သိရပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်ဆိုရင် ဧပြီ၊ မေ၊ ဇွန်လတွေအထိ တစ်လစီတိုးလာမှာပါ။ သုတေသနသင်္ဘောရဲ့ တွေ့ရှိချက်အရ သူတို့က ပြောင်းလဲလိုက်တာလို့ သိရပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားခဲ့ပါတယ်။
ငါးဖမ်းရာသီကို သြဂုတ်လတွင် စတင်ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ငါးဖမ်းလှေကြီး တချို့ပင်လယ်ပြင်ထဲမှာ ဆိုးရွားနေဆဲဖြစ်တဲ့ရာသီဥတု အခြေအနေကြောင့် လုပ်ငန်းခွင် မဝင်နိုင်ကြချေ။ ကိုဗစ်ကပ်ရောဂါ အခြေအနေကိုအခွင့်ကောင်းယူပြီး ထိုင်းကငါးစျေးကွက် ဖြုတ်ချနေတဲ့အတွက် လုပ်ငန်းခွင်ဝင်ရောက်ရန် အဆင်မပြေတဲ့အနေအထားဖြစ်ခဲ့ပါတယ်။
“ရောဂါစဖြစ်တဲ့အခါမှာ ထိုင်းစျေးကွက်ထဲမှာ ၃၀ ရာခိုင်နှုန်းအထိ ဖြုတ်ချပစ်လိုက်ပါတယ်။ မဟာချိုင်နဲ့ မက်ကလောင် ငါးစျေးကွက်ကြီးထဲမှာ မြန်မာ့ရေထွက်ကုန်တွေ မဝယ်ဘဲ ဆိုင်းငံ့လိုက်ပြန်တယ်။ အဲဒီမှာငါးဖမ်းလှေတွေ တချို့ရပ်နားလိုက်ကြရပါတယ်။ လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ လှေတွေလည်းပေးတဲ့ စျေးနဲ့ထိုးရောင်းလိုက်ရပါတယ်။ ကျွန်တော်တို့မှာ စျေးကွက်ရွေးချယ်ခွင့်မရှိဘူး။ ရနောင်းငါးစျေးကွက်မှာ ပေးတဲ့စျေးနဲ့ ထိုးရောင်းရတယ်။ တစ်ခေါက်ရောင်းပြီး တချို့လှေတွေ နားလိုက်ကြတယ်။ တချို့လည်း ရေလုပ်သားတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းကို ငဲ့ညာပြီး တောင့်ခံနေခဲ့ရတယ်။ ငါးကုန်တက်ကတော့ လျော့ကျသွားတာပဲ” လို့ ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောကြားခဲ့တယ်။
အစိုးရအနေနဲ့ ပို့ကုန်တင်ပို့မှုကို မြင့်တက်လာဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိနေဖို့ ငါးဖမ်းဆီးမှု ရာခိုင်နှုန်းများကို ဖြေလျှော့ပေးခြင်း၊ ငါးသားပေါက်ရာသီ မပြီးဆုံးမီမှာ ငါးဖမ်းခွင့်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပေမဲ့ စျေးကွက်အနေထားနဲ့ ရာသီဥတုအနေထားများက အဟန့်အတားဖြစ်နေခဲ့ပြန်ပါတယ်။ ငါးစျေးကွက်ဖွင့်ခြင်း၊ မဖွင့်ခြင်း၊ စျေးနှုန်းသတ်မှတ်ခြင်းများမှာ ဝယ်လက်ဖြစ်တဲ့ ထိုင်းနိုင်ငံ၏ သဘောအတိုင်းဖြစ်နေပြီး လုပ်ငန်းရှင်များက သတ်မှတ်တဲ့စျေးအတိုင်း ရောင်းချပေးနေရပါတယ်။
“ငါးသားပေါက်ရာသီကလည်း ပညာရှင်များကိုယ်တိုင် မေလကို စတင်သတ်မှတ်လိုက်တာဖြစ်တယ်။ တာဝန်ရှိလူကြီးများ ကိုယ်တိုင်လည်း အဆင့်ဆင့်ဆွေးနွေးပြီးမှ သတ်မှတ်လိုက်တာပါ။ မြိတ်ကျွန်းစုက ထွက်တဲ့ရေထွက်ကုန်တွေတော့ မဟာချိုင်နဲ့ ရနောင်းကိုအဓိက ပို့ရတယ်။ မဟာချိုင်မှာ ကိုဗစ်ကာလတုန်းက ပိတ်လိုက်တာမျိုးရှိတယ်။ အဲဒီလိုပိတ်လိုက်တော့ ဒီကနေတင် ပို့လိုက်တဲ့ အချိန်မှာရောင်းရမယ့် ငါးစျေးကွက်က ပျောက်သွားတော့တယ်” လို့ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ဆိုပါတယ်။
ပွင့်လင်းရာသီများမှာသာ လုပ်ကိုင်ကြတဲ့ ကင်းမွန်မီးထွန်းလှေများမှာလည်း မေလမှစတင်ပြီး သီတင်းကျွတ်ကာလအထိ ရာသီဥတုအခြေအနေကြောင့် လုပ်ငန်းခွင်မဝင် ရောက်နိုင်သေးပါဘူး။
“နောက်နှစ်မှာဆိုရင် ဧပြီ၊ မေ၊ ဇွန်ဖြစ်သွားမယ်။ တစ်လထပ်တိုးမှာပါ။ တနင်္သာရီတိုင်းအတွင်းမှာ ကမ်းဝေးလှေကြီးတွေက မနှစ်က လိုင်စင်ထုတ်ထားတဲ့ စာရင်းအရဆိုရင် ၁၄၁၄ စင်း ရှိပါတယ်။ ရန်ကုန်၊ မွန်၊ ဧရာဝတီစသဖြင့် လှေတွေက ဒီကနေချက်ပွိုင့်လာထွက်တာလည်း ရှိပါတယ်။ အစင်းရေ ၁၅၀၀ ကျော် လောက်တော့ ရှိသွားမှာပါ။ ဒီလောက် ငါးဖမ်းလှေအင်အားနဲ့ ကျွန်တော်တို့က ထိုင်းကို မှီခိုနေရတုန်းပါပဲ။ တကယ်လို့ ရနောင်းငါးစျေးကွက်တစ်ခု မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဘာလုပ်မလဲ။ ကျွန်တော်တို့ ငါးလုပ်ငန်းကြီးကရပ်သွားနိုင်တယ်။ ကမ်းဝေးငါးဖမ်းလှေကြီး အားလုံးရပ်နားသွားရနိုင်တယ်။ စျေးကွက်ဖွင့်ခြင်း၊ မဖွင့်ခြင်းကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ပေးတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်။ ဒီမှာငါးစျေးကွက်ကြီး တစ်ခုလိုအပ်နေပြီ” လို့ ကမ်းဝေးငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။
မြိတ်ကျွန်းအတွင်းက ရေလုပ်ငန်းများမှာ ထုတ်လုပ်မှုစရိတ် ကြီးမြင့်စွာနဲ့ လည်ပတ်နေရပါတယ်။လောင်စာဆီစျေးကြီးမြင့်မှုနဲ့ လျှပ်စစ်မီတာခ စျေးကြီးမြင့်မှုကလည်း ရေထွက်ကုန်တင်ပို့မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာ ဖြစ်ပါတယ်။ ယခင်က မြိတ်ကျွန်းစုအတွင်းမှာ အအေးခန်းစက်ရုံ ၁၀ ရုံကျော် အထိရှိခဲ့ပေမဲ့လည်း ယခုအခါမှာတော့ လျှပ်စစ်စျေးနှုန်းကြီးမြင့်မှုနဲ့ လောင်စာဆီ စျေးနှုန်းများကြောင့် အအေးခန်းစက်ရုံနှစ်ရုံသာ လည်ပတ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။
မြန်မာ့ရေထွက်ပစ္စည်းတင်ပို့မှုအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာသန်း ၇၂၀၊ ၂၀၁၉ ခုနှစ်မှာတော့ ဒေါ်လာ ၈၃၅ သန်းအထိ တိုးတက်လာတယ်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်မှာတော့ ကပ်ရောဂါ အခြေအနေများ၊ အပြောင်းအလဲများစွာကြောင့် နယ်စပ်တင်ပို့မှုနဲ့ ရေထွက်ကုန်တင်ပို့မှုများ ကျဆင်းသွားတော့တယ်။ ရေလုပ်ငန်းအပေါ် ၇၀ ရာခိုင်နှုန်း မှီခိုနေရတဲ့တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ တန်ဖိုးဒေါ်လာ ၃၁၂ သန်းပဲ တင်ပို့နိုင်ပါတော့တယ်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကတင်ပို့နေတဲ့ ကော့သောင်းမြို့အနေနဲ့ ဒေါ်လာ ၂၃၃ သန်း၊ မြိတ်မြို့အနေနဲ့ ဒေါ်လာ ၇၄ သန်း၊ ထားဝယ်မြို့အနေနဲ့ ဒေါ်လာငါးသန်းသာ တင်ပို့နိုင်ပါတော့တယ်။
ကပ်ရောဂါ၊ ရာသီဥတု၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်ပေါင်းစုံကျဆင်းနေမှုများက သီတင်းကျွတ်ရာသီမှာ လွင့်ပါးသွားပြီး မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းတိုးတက်လာပါစေလို့သာ ဆုတောင်းမိပါတယ်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား