မိမိတို့ တိုင်းပြည်နိုင်ငံသည် အရှေ့တောင်အာရှရှိ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အကြီးမားဆုံး ကုန်းမြေဧရိယာကို ပိုင်ဆိုင်လျက်ရှိပြီး သဘာဝသယံဇာတမျိုးစုံ ပေါကြွယ်ဝလျက်ရှိသည့် နိုင်ငံလည်းဖြစ်နေပါသည်။ သို့သော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံများ၏ အဆင့်အတန်းကို ဖော်ပြသည့် စံချိန်စံနှုန်းများနှင့် တိုင်းတာသည့်အခါတွင်မူ ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။ တိုင်းတာသည့် စံနှုန်းနှစ်မျိုးရှိသည့်အနက် ပထမတစ်မျိုးဖြစ်သည့် ဖွံ့ဖြိုးမှုစံဖြင့် တိုင်းတာသည့်အခါတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဖြစ်နေပြီး ဒုတိယစံနှုန်းဖြစ်သည့် လူသားချင်း စာနာထောက်ထားမှုစံဖြင့် တိုင်းတာသည့်အခါတွင်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာရသူ၊ နေရပ်စွန့်ခွာရသူများ ရှိနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှု လိုအပ်သည့်နိုင်ငံများ စာရင်းတွင် ပါဝင်လျက်ရှိနေပါသည်။
အထက်ဖော်ပြပါ အခြေအနေမှ လွတ်မြောက်နိုင်ရန် သို့မဟုတ် ရုန်းထွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် မဟာဗျူဟာ၊ နည်းဗျူဟာပေါင်း မြောက်မြားစွာရှိသည့်အနက် ယနေ့ကမ္ဘာနိုင်ငံများ အသုံးပြုလျက်ရှိသည့် ချဉ်းကပ်နည်းတစ်ရပ်မှာ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance) နှင့် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။
ဤတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ တစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် မည်ကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်လဲဆိုသည့် မေးခွန်းဖြစ်ပေါ်လာပါသည်။
ဖော်ပြပါမေးခွန်း၏ အဖြေများမှာ ကျယ်ပြန့်လှပါသည်။ ယနေ့ချဉ်းကပ်ကျင့်သုံး အကောင်အထည်ဖော်လျက်ရှိသည့် အနီးစပ်ဆုံးအဖြေတစ်ခုမှာ တိုင်းပြည်နိုင်ငံတော်တွင် တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကိုရရှိနိုင်စေသည့် လုပ်ငန်းများ (Inclusive Industries) ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝသယံဇာတများကို ထုတ်ယူအသုံးပြုကြရာတွင် လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများ (Extractive Industries) တဖြည်းဖြည်း လျော့နည်းပပျောက်လာစေပြီးလျှင် လူအများ၏ ကောင်းကျိုးကို ရရှိစေမည့် လုပ်ငန်းအများအပြား ဖြစ်ထွန်းပေါ်ပေါက်လာစေရေးဖြစ်ပါသည်။
ထိုသို့ဖြစ်ပါက လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေသည့်လုပ်ငန်းများ (Extractive Industries) ကို လျှော့ချနိုင်စေပြီး လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်သင့် ပါသလဲဆိုသည့်မေးခွန်းထပ်မံ ဖြစ်ပေါ်လာစေပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများ သို့မဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပထမအဆင့် ချဉ်းကပ်ရမည့်နည်းလမ်းအဖြစ် Extractive Industries များကို ပွင့်လင်းမြင်သာမှု စတင်ဖြစ်ပေါ်လာစေရေး Transparency Initiative အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် Extractive Industries Transparency Initiative, (EITI) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါသည်။
စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရန်အတွက် အင်္ဂလိပ်စကားလုံး Extractive နှင့် Inclusive တို့၏ အဓိပ္ပာယ်ကို စာရေးသူ သိမြင်နားလည်သကဲ့သို့ ရှင်းလင်းတင်ပြပါမည်။ ဤနေရာတွင် Extractive ၏ အဓိပ္ပာယ်မှာ လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေသည့်ဆိုသော သဘောတရားဖွင့်ဆိုချက် ဖြစ်ပါသည်။
ဥပမာအားဖြင့် Extractive Institutions ဆိုပါက လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေသည့် ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများအဖြစ် ဘာသာပြန်ဆိုရမည်ဖြစ်ပြီး Extractive Industries ဆိုပါက လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ကိုသာ အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဟု ဘာသာပြန်ရမည်ဖြစ်ပါသည်။
ပညာရှင်များ၏ အဆိုအရ တိုင်းပြည်နိုင်ငံတစ်နိုင်ငံတွင် Extractive Institutions များ တည်ရှိဖြစ်ပေါ်နေမည်ဆိုပါက ကျဆုံးနိုင်ငံတော် (Failed State) ဖြစ်ပေါ်တော့မည့် အခြေအနေဖြစ်ပါသည်။ Inclusive ၏ အဓိပ္ပာယ်မှာ တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကို ရရှိနိုင်စေသည့်ဆိုသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ ဥပမာအားဖြင့် Inclusive Institutions ဆိုပါက တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကို ရရှိနိုင်စေသည့် ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများအဖြစ် ဘာသာပြန်ဆိုရမည်ဖြစ်ပြီး Inclusive Industries ဆိုပါက တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကို ရရှိနိုင်စေသည့် လုပ်ငန်းများဟု ဘာသာပြန်ဆိုရမည် ဖြစ်ပါသည်။
စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်အားဖြင့်သော် လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်အားဖြင့်သော် လည်းကောင်း ပြည့်စုံကောင်းမွန်လျက် တည်ရှိနေပါသော်လည်း ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများကို တိုင်းတာသည့် စံချိန်၊ စံနှုန်းနှစ်မျိုးဖြင့် တိုင်းတာသည့်အခါတွင် မဖြစ်သင့်မဖြစ်ထိုက်သည့် အခြေအနေများ တည်ရှိဖြစ်ပေါ်နေသည်မှာ ဖွံ့ဖြိုးမှု စံချိန်၊စံနှုန်းအရ တိုင်းတာသည့်အခါတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) နှင့် လူသားချင်း စာနာထောက်ထားမှု စံချိန်၊ စံနှုန်းအရ တိုင်းတာသည့်အခါတွင်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာရသူများ၊ အိုးအိမ် စွန့်ခွာရသူများ ရှိနေပါသဖြင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များ လိုအပ်သည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေသည့်အတွက် အထက်ဖော်ပြပါ အခြေအနေများမှ ရုန်းထွက်နိုင်စေရန် သို့မဟုတ် လွတ်မြောက်နိုင်စေရန် ချဉ်းကပ်ရမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို ရှာဖွေဖော်ထုတ်ပြီး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ နိုင်ငံတကာအသိုင်းအဝိုင်းက အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် (Extractive Industries Transparency Initiative) (EITI) အကြောင်း အကျဉ်းကို တင်ပြပါမည်။ အသေးစိတ် လေ့လာလိုပါက https://eiti.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံစဉ်းစားရသည့်အတွက် ကမ္ဘာ့စံချိန်၊ စံနှုန်း (The Global Standard) ကို သတ်မှတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်းများအဖြစ် ရေနံလောင်စာဆီ (Oil)၊ သဘာဝဓာတ်ငွေ့ (Gas) နှင့် ဓာတ်သတ္တု (Minerals) စသည်တို့ကို အရင်းအမြစ်များ (Resources) အဖြစ် သတ်မှတ်ပြီး ကောင်းမွန်သော အုပ်ချုပ်ခြင်း (Good Governance) နှင့် တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကို ရရှိနိုင်စေသည့် အုပ်ချုပ်ခြင်း (Inclusive Governance) ဖြစ်ပေါ်လာစေရန် ပွင့်လင်းမြင်သာမှု တိုးမြင့်လာစေရေး (To Promote Transparency) ကို ပုံစံ၊ ဒီဇိုင်း၊ မိုဒယ် ချမှတ်ဆောင်ရွက်လျက်ရှိနေပါသည်။
ထူးခြားချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက သတ်မှတ် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များသည် တွင်းထွက်အမျိုးအစားများဖြစ်ကြပြီး တူးဖော်ရသည့် အမျိုးအစားများ ဖြစ်နေပါသည်။
ထို့ကြောင့်လည်း “တွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး” အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။
ဒုတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် Myanmar Extractive Industries Transparency Initiative (MEITI) မြန်မာဘာသာ ပြန်ဆိုထားသည်မှာ “မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး” ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အသုံးပြုထားသည့်အမည်ကို တိုက်ရိုက်ယူပြီး အသုံးပြုထားပါသည်။
MEITI အကြောင်း ဝေဖန်သုံးသပ်ချက် အကျဉ်းချုပ်ကိုသာ တင်ပြပါမည်။ MEITI နှင့် ပတ်သက်သည့် အကောင်အထည်ဖော်ဆောင်ရွက်မှု အသေးစိတ်ကို လေ့လာလိုပါက https://myanmareiti.org/en တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
စာရေးသူအနေဖြင့် MEITI တွင် စာရင်းအင်းပညာရှင် (အတိုင်ပင်ခံအရာရှိ) အဖြစ် ခေတ္တတာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။ စာရေးသူ၏ အတွေ့အကြုံ၊ သိရှိတွေ့မြင်ချက်များကို အခြေခံကာ မိမိတို့တိုင်းပြည်နိုင်ငံအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MEITI တွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုအချို့ကို စာရေးသူ တစ်ဦးတည်း၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ စာရေးသူတို့ တိုင်းပြည်နိုင်ငံအနေဖြင့် (MEITI) ကို မိမိတို့ တိုင်းပြည်နိုင်ငံတော်တွင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဖြစ် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” လုပ်ကိုင်ဆောင်ရွက်မည့် အခြေအနေကို တွေ့မြင်ရခြင်းမရှိပါ။ နိုင်ငံတကာ အဖွဲ့အစည်းက ငွေကြေးထောက်ပံ့ နေသောကြောင့်သာ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များမှာ
“ဖြစ်လိုက်၊ ပျက်လိုက်၊ ရပ်လိုက်၊ ပြန်စလိုက်” ဖြင့်သာ တည်ရှိနေပါသည်။
တိုင်းပြည် နိုင်ငံတော် အကြီးအကဲများအနေဖြင့် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားသည်ကို မတွေ့မြင်ရသော်လည်း MEITI လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်သူ၊ ပါဝင်ဆောင်ရွက်ခဲ့သူများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ကြပါသည်။ သို့သော်လည်း မိမိတို့တိုင်းပြည်နိုင်ငံတွင် ပိုင်ဆိုင်တည်ရှိနေသော သဘာဝသယံဇာတများနှင့် ကိုက်ညီစေမည့် MEITI ဒီဇိုင်းမိုဒယ်ပုံစံကို ဖော်ထုတ်အသုံးပြုနိုင်ရန် ကြိုးပမ်းအားထုတ်သည့် အခြေအနေသို့ ရောက်ရှိနိုင်ခြင်းမရှိသေးပါ။ ဥပမာအားဖြင့် MEITI အား အမည်ပေးခြင်း အဆင့်သည်ပင်လျှင် နိုင်ငံတကာ၏ပုံစံကို အတုံးလိုက်အတစ်လိုက် အတုယူအသုံးပြုထားပါသည်။
MEITI အမည်ကို “မြန်မာနိုင်ငံတွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး” ပေးထားခြင်းအားဖြင့် တွင်းထွက်သယံဇာတကိုသာ ရည်ညွှန်းထားရှိပြီး တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများကိုသာ ဦးတည်ထားရှိပါသည်။ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MEITI လုပ်ငန်းစဉ်များတွင် တွင်းထွက် မဟုတ်သည့်၊ တူးဖော်ထုတ်လုပ်ရခြင်းမရှိသည့် သစ်တောသယံဇာတနှင့် ပုလဲသယံဇာတကဲ့သို့သော လုပ်ငန်းအမျိုးအစားများလည်း ပါဝင်လျက်ရှိနေသည်ကို တွေ့ရှိနေရပါသည်။
သို့သော် စိုက်ပျိုးရေးသယံဇာတနှင့် မွေးမြူရေး (မြေ၊ ရေချို၊ ရေငန်) သယံဇာတများ ပါဝင်နိုင်ခြင်းမရှိသေးပါ။ စာရေးသူ တင်ပြလိုသည့်အချက်မှာ မိမိတို့တိုင်းပြည်နိုင်ငံတော်၏ အရေးကိစ္စကို နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆောင်ရွက်ရန် စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်ပါသည်။
တတိယအနေဖြင့် သဘာဝသယံဇာတ ထုတ်ယူခြင်းလုပ်ငန်းများကို ပွင့်လင်းမြင်သာမှု ဖြစ်ပေါ်လာစေရန်အတွက် တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့်အခွန်စနစ်သည် အရေးကြီးလှပါသည်။ မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့် အခွန်စနစ်ကို စာရေးသူ လက်လှမ်းမီသမျှ အခြေခံပြီး ပုံတွင် တင်ပြထားပါသည်။ ပုံအရ လေ့လာလျှင်ပင်အခွန်စနစ်၏ အားနည်းချက်များကို တွေ့ရှိနိုင်ပါသည်။ အခွန်စနစ်ဆိုသည်မှာ လူမှုရေး ပဋိညာဉ် (Social Contract) သဘောတရားများ ပါဝင်လျက်ရှိသည့်အပြင် တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်သူအစိုးရနှင့် ပြည်သူပြည်သားများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အသုံးပြုရသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ အခွန်စနစ်သည် တရားမျှတခြင်းနှင့် အခွင့်အရေးတန်းတူညီမျှခြင်း သဘောတရားများကို အခြေခံကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပုံတွင် ဖော်ပြပါ အခြေခံသဘောတရားများကို တွေ့မြင်ရခြင်းမရှိပါ။ အခွန်စနစ် ခိုင်မာအားကောင်းသည့် အခြေအနေကို အခွန်နှင့် ဂျီဒီပီအချိုးဖြင့်သော် လည်းကောင်း၊ အခွန်ထမ်း ပြည်သူပြည်သားများ၏ စိတ်ကျေနပ်မှုဖြင့်သော်လည်းကောင်း လေ့လာနိုင်ပါသည်။ အသေးစိတ်တင်ပြခြင်း မပြုတော့ပါ။
အခွန်ပေးဆောင်ခြင်းသည် အစိုးရနှင့် ပြည်သူပြည်သားများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် လူမှုရေးပဋိညာဉ် (Social Contract) ၏ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါသော်လည်း မိမိတို့တိုင်းပြည်နိုင်ငံတွင် တာဝန်ယူအုပ်ချုပ်ခဲ့ကြသူများသည် အခွန်နှင့် အခကိုပင် ယနေ့အချိန်အထိ ပြည်သူပြည်သားများအား ကွဲပြားခြားနားစွာ သိမြင်နိုင်စေရန် ရှင်းလင်းတင်ပြခြင်းမပြုခဲ့ကြပါ။
အခွန်နှင့်အခကို စကားရပ်အားဖြင့် ရောထွေးစွာ အသုံးပြုခဲ့ကြသဖြင့် အခွန်အရပ်ရပ်အပေါ်တွင် ပြည်သူပြည်သားများ၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ပါသည်။ ဥပမာအားဖြင့် ရေခွန်၊ မီးခွန်၊ အမှိုက်ခွန် စသည်တို့သည် အခွန်အမည်များ ပါရှိနေသော်လည်း အခွန်မဟုတ်သည့် အခများဖြစ်ကြပါသည်။ ယနေ့အချိန် ကာလအထိ စာရေးသူအနေဖြင့် ပြည်သူပြည်သားများအား အခွန်နှင့်အခကို ကွဲပြားခြားနားစေရန် ပညာပေးသည့် လုပ်ငန်းစဉ်များကို တွေ့မြင်ရခြင်းမရှိပါ။
အထက်ဖော်ပြပါ အခြေအနေထက် ဆိုးရွားသည့် အခြေအနေတစ်ရပ်မှာ မိမိတို့တိုင်းပြည်နိုင်ငံရှိ အချို့သော နေရာဒေသများတွင် ပြည်သူပြည်သားများအနေဖြင့် အခွန်ကို ထမ်းဆောင်ကြရသည်သာမက ဆက်ကြေး၊ အပိုကြေး၊ မဖြစ်မနေ ထည့်ဝင်ကြရသည့် အလှူငွေစသည်ဖြင့် အခွန်ကဲ့သို့ ထည့်ဝင်ကြရသည့် ငွေကြေး ခေါင်းစဉ်အမျိုးအစားပေါင်း မြောက်မြားစွာ တည်ရှိဖြစ်ပေါ်လျက်ရှိနေရာ ဖော်ပြပါ ငွေကြေးခေါင်းစဉ်များသည် အခွန်စနစ်ကို ခိုင်မာအားကောင်းစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရမည့်အချက်များ ဖြစ်ပါသည်။
ထိုကဲ့သို့ မဖြစ်ပေါ်စေရန်မှာ တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်လျက်ရှိသည့် အစိုးရတွင်သာ တာဝန်ရှိပါသည်။ ထို့ပြင် ဘာသာရေးအရ ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ စေတနာသုံးတန်ဖြင့် လှူဒါန်းသည့် အလှူငွေကြေးအမျိုးအစားများကိုလည်း အခွန်စနစ်တွင် မဖြစ်မနေထည့်သွင်း စဉ်းစားသင့်ပါသည်။
နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည်နိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိပြီး တင့်တယ်စွာ ရပ်တည် နိုင်စေရန်မှာ နိုင်ငံရေးအင်အား (Political Might) ၊ စီးပွားရေးအင်အား (Economic Might) နှင့် စစ်ရေးအင်အား (Military Might) အင်အားသုံးရပ်သည် ခိုင်မာတောင့်တင်းနေစေရန် လိုအပ်ပါသည်။
စာရေးသူ တစ်ဦးတည်း၏ အမြင်အရ တင်ပြရမည်ဆိုပါက ယခုဖော်ပြခဲ့သည့် တိုင်းသူပြည် သားများ၏ ကောင်းကျိုးရလဒ် ရရှိစေရန် သဘာဝသယံဇာတ ထုတ်ယူခြင်းကို ပွင့်လင်းမြင်သာမှုဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများသည် နိုင်ငံရေးအင်အားနှင့် စီးပွားရေးအင်အားကို တိုက်ရိုက်တည်ဆောက်ခြင်း ဖြစ်ပါသော်လည်း စစ်ရေးအင်အား တည်ဆောက်ခြင်းတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိပါ။ စစ်ရေးအင်အား တည်ဆောက်ခြင်းကို သီးခြားအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက သတ်မှတ်ထားရှိသည့် စံချိန်စံနှုန်းဖြစ်သည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (LDC) နှင့် လူသားချင်းစာနာ ထောက်ထားမှု လိုအပ်လျက်ရှိသည့် နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်စေရေးအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ပေါ်ထွက်လာစေရန် အလို့ငှာ သဘာဝသယံဇာတ ထုတ်ယူခြင်းကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေခြင်းအားဖြင့် တိုင်းသူပြည်သားများ၏ ကောင်းကျိုးရလဒ်ကို အပြည့်အဝ ရရှိခံစား၊ စံစားနိုင်စေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား