ကိုဗစ် (COVID-19) ကပ်ရောဂါနဲ့ယှဉ်တွဲ ဖြစ်ပွားနေတာက လူတုပ်ကွေး (A/H1N1) ဗိုင်းရပ်စ်ရောဂါနဲ့ သွေးလွန်တုပ်ကွေး (Dengue) တို့ပဲ ဖြစ်ပါတယ်။
ရာသီတုပ်ကွေးကို ကပ်ရောဂါအသွင်နဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမှာ ၃၇ ဦးသေဆုံးခဲ့ဖူးတယ်။ ဖြစ်ပွားသူရာကျော်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာရာကျော် ဖြစ်ပွားခဲ့ပြီး တစ်ရာခန့်သေဆုံးခဲ့တယ်။
၂၀၁၉ ခုနှစ် မိုးကာလကလည်း ထောင်နဲ့ချီဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။မြန်မာနိုင်ငံနဲ့ တစ်ပြိုင်နက်ဖြစ်ခဲ့တဲ့ သြစတြေးလျနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးသူ ၁၆ သန်းအထိရှိခဲ့ပြီး မြန်မာနိုင်ငံမှာ အစိုးရအစီအစဉ်နဲ့ တုပ်ကွေးကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းနဲ့ အသက် ၆၅ နှစ်အထက် ဘိုးဘွားများ ဦးစားပေး ထိုးနှံခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ မိုးကာလဖြစ်တဲ့ နှစ်ဇွန်လမှ အောက်တိုဘာလအထိ စိုစွတ်ပူနွေးတဲ့ကာလမှာ တုပ်ကွေးဖြစ်နိုင်ခြေများပါတယ်။ လူတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေက (၁)ချောင်းဆိုးခြင်း၊(၂)အပြင်းအထန် ဖျားနာခြင်း၊ (၃) နှာရည်ယို၊ နှာစေးခြင်း၊ (၄)ခေါင်းကိုက်ခြင်း၊ (၅)ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း၊ (၆)မောပန်းလွယ်ခြင်း၊ (၇) အသက်ရှူကျပ်ခြင်း၊ (၈)ခြေဖျားလက်ဖျား အေးစက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း (၉)ပြင်းထန်ပါက သတိလစ်မေ့မျောခြင်း (၁၀) သေဆုံးခြင်း တို့ဖြစ်ပါတယ်။
လူတုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နည်းတွေက(၁)နှာချေတိုင်း/ချောင်းဆိုးတိုင်း ပါးစပ်၊ နှာခေါင်းတို့ကို လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့တံတောင်ဆစ်တွေ ကာရံပြီး ဆိုးသင့်ပါတယ်။ (၂) လက်ကို ဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက် ဆေးကြောရပါမယ်။ (၃)တုပ်ကွေးဖြစ်သူနဲ့ အနည်းဆုံး ခြောက်ပေအကွာမှာ နေသင့်ပါတယ်။ (၄)ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း မပြုသင့်ပါဘူး။(၅)နှာခေါင်းစည်း (N95) စည်းထားသင့်တယ်။ သုံးပြီးတစ်သျှူး၊ နှာခေါင်းစည်းများကို သေချာစွန့်ပစ်သင့်တယ်။ (၆)တုပ်ကွေးဖြစ်ပါက စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။ (၇) တုပ်ကွေး ကာကွယ်ဆေး (Vaxgrip Tetra) ကို ထိုးနှံထားသင့်ပါတယ်။
တုပ်ကွေးရဲ့ပစ်မှတ်က လူစုလူဝေးဖြစ်နေတဲ့ စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ အားကစားကွင်း၊ ရုံးများ ဖြစ်ပါတယ်။ တုပ်ကွေးသံသယရှိရင် ကျောင်း (သို့မဟုတ်) အလုပ်မှခွင့်ယူစေကာ စနစ်တကျ သီးခြားကုသခံယူ အနားယူစေခြင်းက အခြားသူထံ ကူးစက်မှု လျော့နည်းစေပါတယ်။ ရောဂါရှိသူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားကျယ်ကျယ်ပြောခြင်း၊ လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူရဲ့ သွေးသွင်းကုသခြင်းစတာတွေကနေ ထပ်ဆင့်ရောဂါကူးစက်နိုင်လို့ စနစ်တကျကုသမှုခံယူကာ နေကောင်းသွားမှသာရုံး၊ ကျောင်းစတာ ပြန်လည်တက်ရောက်စေသင့်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့လူတုပ်ကွေးနဲ့ လူသေဆုံးမှုတွေရှိခဲ့စဉ်က လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆားစ် (SARs) ရောဂါလူနာတို့လို ရာသီတုပ်ကွေးအဖြစ်များတဲ့ကာလမှာ ရောဂါပိုးစစ်ဆေးပေးရေး၊ ကာကွယ်ဆေးထိုးနှံပေးရေးတို့ ဓာတ်ခွဲအတည်ပြုစစ်ဆေးခြင်း (Surveillance) တို့ ဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနတို့အနေနဲ့ နည်းပညာပူးပေါင်းမှု (Teleconference) များ ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်း၊ ဆေးရုံတွေမှာ ရောဂါထိန်းချုပ်ကုသခြင်း၊ ဘဏ္ဍာငွေရရှိမှုနဲ့ အညီ ရောဂါကူးစက်မှု၊ ရောဂါကာကွယ်တားဆီးရေး နဲ့ ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေ ဦးစားပေးသတ်မှတ်ခြင်း၊ ပဋိဇီဝတိုက်ကျွေး အစီစဉ်ထွက်ပေါ်လာစေခြင်း၊ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးဆေးရုံများ ထွက်ပေါ်လာအောင် ဆောင်ရွက်ခြင်း၊ ဆေးရုံကူးစက်ရောဂါများ၊ စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေး၊ ဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ စွမ်းဆောင်နိုင်မှုမြှင့်တင်ရေး၊ ပဋိဇီဝဆေးယဉ်ပါးမှုမဖြစ်စေရေး၊ သုတေသနအားဖြည့်ဆောင်ရွက်ရေး အကြံပြုထားသလို ကာကွယ်ဆေးထိုးနှံခိုင်းဖူးပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှ သြဂုတ်လအတွင်း ကိုဗစ် (COVID-19) တတိယလှိုင်းကူးစက်မှုနဲ့အတူ တုပ်ကွေး (A/H1N1) ရောဂါလည်း ဖြစ်ပွားခဲ့ပါတယ်။ဆိုရရင်တုပ်ကွေးရဲ့လက္ခဏာနဲ့ ကိုဗစ်ရဲ့လက္ခဏာဆင်ဆင်တူနေပြီး ရောဂါပြင်းထန်ပါက အောက်ဆီဂျင်ကျဆင်းသွားလို့ အောက်ဆီဂျင်ရဖို့ အရေးပေါ်လိုအပ်တာပဲ ကွာသွားပါတယ်။ ကိုဗစ် (COVID-19) ကပ်ရောဂါကာလမို့ တုပ်ကွေး (A/H1N1) နေရာမပေးခဲ့တာလည်း ပါဝင်နေပါတယ်။ အချို့တစ်အိမ်လုံး လူတုပ်ကွေး ကူးစက်ခံရလို့ ကိုဗစ် (COVID-19) အကြောက်လွန် ရောဂါမျိုးခံစားရတဲ့အထိ လူတုပ်ကွေးဖြစ်ပွားမှု များခဲ့ပါတယ်။
ကိုဗစ်ကာလ အခြားဗိုင်းရပ်ကူးစက်မှုတစ်ရပ်မှာ ခြင်ကြောင့် ခြင်ကျား (Ades Aggipti) ကိုက်လို့ ဖြစ်ပွားရတဲ့ သွေးလွန်တုပ်ကွေး (DHF – Dengue Haemarrhague Fever) ပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးမှာလည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီးအသက် ၁၅ နှစ်အထက် လူငယ်များ၊ အသက်(၄၀-၈၀)ကြား လူကြီးတွေပါဖြစ်ပွားလာကြကာ ကလေးငယ်တွေဖြစ်ပွားရင် နောက်ဆက်တွဲဆိုးကျိုးရှော့ (DHS-Dengue Haemarrhague Shock) ဖြစ်ပွားတတ်လို့ ခြင်၊ လောက်လမ်း နှိမ်နင်းရေးစီမံချက်နဲ့အတူ ရှေ့ဆုံးရောက်လာပြန်ပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များ ထွက်ခြင်းတို့ဖြစ်တတ်ပြီး နှစ်ရက်မှ လေးရက်အတွင်းမှာ အဖျားကြီးခြင်း၊ အလွန်အမင်း ဆက်တိုက်အန်ခြင်း၊ အန်ပါက သွေးရောင်အညိုပါလာခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျား အေးစက်နေခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာရင် မိသားစု ဆရာဝန်၊ ကလေးအထူးကုဆရာဝန် ဆေးရုံဆေးခန်းတို့သွားရောက် ကုသမှုခံယူသင့်ပါတယ်။
သွေးလွန်တုပ်ကွေး ကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးဘဲ ရောဂါလက္ခဏာ အရသက်သာစေဖို့သာ ကုသပေးနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်သူကို ဂရုစိုက်ပြီး ဓာတ်စားရည်များများတိုက်ဖို့ လိုအပ်ပါတယ်။ နို့၊ ဟောလစ်၊ စွပ်ပြုတ်ရည် တိုက်နိုင်ပါတယ်။ကော်ဖီစတဲ့ အညိုရောင်အရည် မတိုက်သင့်ပါဘူး။အေပီစီ၊ ဘတ်စပရို၊ အင်နယ်ဂျက်ဆင်စတဲ့ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးတွေမတိုက်သင့်ဘဲ အဖျားကြီးပါက ရေပတ်တိုက်ခြင်း၊ အဲယားကွန်း (Aircon) အခန်းမှာ နားစေခြင်း၊ စအိုမှ ပါရာစီတမောတောင့် (Paracetamol Support Sitory) ထည့်နိုင်ပါတယ်။ အဖျားကြီးလွန်ရင် ကလေးမတက်သွားအောင် တစ်ကိုယ်လုံးရေချိုးပေးတာ၊ တဘက်ပွကြီးနဲ့ သုတ်သင်ပေးပြီး အကျႌပွပွဘောင်းဘီပွပွဝတ်ပေးသင့်တယ်။ ရေပတ်တိုက်ပေးသင့်ပါတယ်။ အဝတ်ထူထူ၊ စောင်ထူထူ အုပ်မပေးသင့်ပါဘူး။
ကလေးငယ်များ အဖျားကြီးလွန်းခြင်း၊ တက်ခြင်း၊ မှိန်းလွန်းချင်ရှိရင် အစားအသောက်၊ အရည်၊ ဓာတ်ဆားရည်မဝင်ရင် မိသားစုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ကော်ဖီရောင် (အညိုရောင်) ပါနေရင် ဆေးရုံတင်သင့်ပါတယ်။ အဖျားကျပြီးလက်မောင်းနဲ့ ခြေသလုံးအလွန်အမင်း အေးစက်နေရင်း ဆေးရုံအမြန်တက်သင့်ပါတယ်။ကလေးငယ်ဟာ ရေဓာတ်၊ သတ္တုဓာတ်လျော့ကျနေပြီး သွေးလန့်ခြင်း (Shock) ဖြစ်နိုင်ပါတယ်။ ကျောင်းနေအရွယ်တွေဖြစ်ရင် အတန်းဖော်တွေ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံ၊ဆေးခန်းတက်ရောက် ကုသခြင်းမျိုးရှိနေရင် မပေါ့ဆသင့်ပါဘူး။ဆရာဝန်နဲ့ပြရပါမယ်။
ဆေးရုံဆေးခန်းရောက်ရင် ပထမအဆင့်ကုသမှုက အရည်များများ၊ ဓာတ်ဆားရည်တိုက်ခြင်း၊ ဖျော်ရည်၊နို့၊ ဟောလစ်၊ စွတ်ပြုတ်၊ ဆန်ပြုတ်၊ ထမင်းရည်များများတိုက်ပေးသင့်ရင်၊ အန်ရင် နားနားပြီးတိုက်သင့်တယ်။အဖျားကြီးရင် ရေချိုးချကာ ရေပတ်ဝတ်တိုက်ကာ ပြုသင့်ပါတယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်မှာ ရေအေးဝတ်၊ ရေခဲဝတ်တင်ပေးသင့်ပါတယ်။ ပါရာစီတမော ဆေးပြား၊ ဆေးရည်တိုက်နိုင်တယ်။ ဒုတိယအဆင့်မှာ အဖျားကြီးလွန်းရင် ကော်ဖီရောင် အန်ရင်၊ ဝမ်းမည်းမည်းသွားရင် ဆေးရုံအမြန်တက်သင့်ပါတယ်။သွေးလိုရင် သွေးသွင်း၊ သွေးရည်ကြည်လိုရင် သွေးရည်ကြည်သွင်း ဒရစ်သွင်းပေးနိုင်တယ်။ တတိယအဆင့်က ရုတ်တရက်အဖျားကျကာ ခြေဖျားလက်ဖျားအေးပြီး ကယောင်ကတမ်းဖြစ်ခြင်း၊ မှိန်းလွန်းခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ရင် ဆေးရုံအမြန်တင်ကာ သွေးသွင်း (သို့မဟုတ်) သွေးရည်သွင်းကုသခြင်း၊ ဒရစ်ချိတ်ဆက် ကုသခြင်းမျိုးအထိ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးမဖြစ်ဖို့ ကြိုတင်ကာကွယ်ခြင်းမှာနေ့၊ ညခြင် မကိုက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ရေသိုလှောင်တဲ့ ရေကြည်အိုးတွေ၊ ရေလှောင်ကန်တွေ လုံခြုံအောင်ကို အုပ်ထားသင့်ပါတယ်။ ဘုရားစင်၊ ပန်းအိုး၊ ကြောင်အိမ်အောက်၊ ရေခွက်တွေနေ့စဉ် ရေလဲပေးသင့်ပါတယ်။ မိုးရေတင်နိုင်တဲ့ ဘူးခွံ၊ ပုံးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက်တို့ကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ ပြုလုပ်ရှင်းပေးသင့်ပါတယ်။ အိမ်တွင်းအိမ်ပြင် သန့်ရှင်းစွာ ထားသင့်တယ်။ လေဝင်လေထွက်၊ လေကောင်းလေသန့်ရရှိဖို့၊ အလင်းရဖို့ ပြတင်းပေါက်တွေ ဖွင့်ထားရပါမယ်။ကလေးငယ်တွေအိပ်တဲ့အခါ နေ့၊ ညဆေးစိမ်ခြင်ထောင် (သို့မဟုတ်) ခြင်ထောင်နဲ့အိပ်သင့်ပါတယ်။ ကလေးငယ်ကိုခြင်မကိုက်အောင်ခြင်ဆေး (Repoto) လိမ်းခြင်း၊ အကျႌလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်စေကာ ခြင်နှိမ်နင်းရေး ပြုလုပ်သင့်ပါတယ်။ ဒီဒီတီ (DDT) မာလီသီယွန် (Malathion) ဆေးမှုတ်ခြင်းပြုသင့်ပါတယ်။ ကျန်းမာရေး ပညာပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ လုပ်ပေးသင့်ပါတယ်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား