ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံရန် အသက် ၁၈ နှစ်အထက် လူဦးရေ ၅၉ သိန်းကျော်ရှိပြီး အသက် ၆၅ နှစ်အထက် သက်ကြီးဦးရေ ၃၈၀၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ ၅ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်တို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း နှင့် COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဒဂုံမြို့နယ်၌ အ.ထ.က (၁) ဒဂုံ၊ ပန်းဘဲတန်းမြို့နယ်၌ အ.ထ.က (၁) ပန်းဘဲတန်း၊ ဗိုလ်တထောင်မြို့နယ်၌ အ.ထ.က (၄) ဗိုလ်တထောင်တို့တွင် စီစဉ်ဆောင်ရွက်ထားပြီး ကာကွယ်ဆေး ထိုးနှံကြသည့် သက်ကြီးများ အရေးပေါ် ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရန် ကျန်းမာရေးဌာနမှ ဆေးအဖွဲ့များ အရေးပေါ် လူနာတင်ယာဉ်များ အောက်ဆီဂျင်အိုးများကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
Stay at Home အစီအစဉ်တွင် ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ်များကို ကနဦး စတင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးရရှိမှုအပေါ် မူတည်ကာ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဖေဖော်ဝါရီ ၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်အထိ ရရှိသောစာရင်းများအရ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၀၃၁၄၂ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းတွင် အောက်ပါ ဦးတည်အုပ်စုများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းဦးတည်အုပ်စုများမှာ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် ဗဟိုရုံးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်နှင့် အထက်နိုင်ငံ့ဝန်ထမ်းများ၊ မိမိအိမ်တွင်သာ နေထိုင်ရေးအစီအစဉ် Stay at Home တွင် ပါဝင်သည့် ၄၀ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက် မိဘပြည်သူများ၊ ယခင်အစိုးရ လက်ထက် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ လစဉ် ဆောင်ရွက်မည့် COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်တွင် လအလိုက် ကာကွယ်ဆေးထိုးပေးမည့် လူအုပ်စုများနှင့် ပတ်သက်၍ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား