Top News

ခရီးသွားရာသီသစ်ကို စတင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ကမ်းခြေများ
24htopnews | October 31, 2024 11:13 AM CST

COVID-19 ကြောင့် ပိတ်သိမ်းခဲ့ရတဲ့ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနဲ့ ရွှေသောင်ယံ ကမ်းခြေတွေဟာ ပြန်လည်အသက်ဝင်လာနေပြီဖြစ်ပါတယ်။ သီတင်းကျွတ်ပွဲတော်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာ ခရီးသွားဝင်ရောက်မှုတွေနဲ့ စည်ကားခဲ့ပြီး ခရီးသွားရာသီသစ်ကို စတင်နိုင်ခဲ့ပါတယ်။

ရုံးပိတ်ရက် ပွဲတော်ရက်အပြီးမှာတော့ ငွေဆောင်ကမ်းခြေမှာရှိတဲ့ ဟိုတယ်တစ်ခုကို အသွားအလာ ကန့်သတ်နယ်မြေတစ်ခုအဖြစ် ယာယီပိတ်ခဲ့ရအပြီးမှာ ပြန်လည်လည်ပတ်နိုင်ပြီပဲဖြစ်ပါတယ်။ ချောင်းသာမြို့နဲ့ ငွေဆောင်မြို့တွေမှာလည်း ပိုးတွေ့ရှိနှုန်းဟာ ကျဆင်းလာခဲ့ပြီးတော့ ပုသိမ်မြို့ကိုလည်း Lockdown စာရင်းကနေ ကျန်းမာရေးဌာနက ပယ်ဖျက်လိုက်ပါတယ်။

စက်တင်ဘာလဆန်းပိုင်းက စတင်ပြီးတော့ ချောင်းသာကမ်းခြေကို ခရီးသွားဝင်ရောက်မှုဟာ နေ့စဉ် ၃၀၀ အထက် ပုံမှန်ဝင်ရောက်နေပြီး ပိတ်ရက်တွေမှာ ပိုမိုများပြားတယ်လို့ သိရပါတယ်။ သီတင်းကျွတ် ရုံးပိတ်တွေမှာတော့ ချောင်းသာကမ်းခြေကို ခရီးသွားငါးထောင်ကျော်အထိ ဝင်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။ ပြည်ပလေကြောင်းလိုင်းတွေ ပိတ်ထားဆဲဖြစ်တာကြောင့် ပြည်တွင်းခရီးသွားတွေသာ ဝင်ရောက်မှုပါပဲ။

ချောင်းသာကမ်းခြေမှာ ဟိုတယ်၊ မိုတယ် ၃၃ လုံးရှိတဲ့အနက် ၂၆ လုံးကို ကိုဗစ်စည်းကမ်းအတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီး ကမ်းခြေဟိုတယ်အားလုံးဟာ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ စည်ပင်လိုင်စင်ရယူထားတဲ့ တည်းခိုခန်း ၆၄ လုံးမှာလည်း ၃၀ လုံးဟာ COVID-19 စည်းကမ်းတွေနဲ့ အတူ ပြန်လည်ဖွင့်လှစ်နေပြီပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ ချောင်းသာကို စဝင်လာပြီဆိုကတည်းက မြို့အဝင်မှာ ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ကာကွယ်ဆေးထိုးပြီးမထိုးပြီး စစ်ဆေးပါတယ်။ ပြီးတော့ ကမ်းခြေကစည်းကမ်းတွေကို ရှင်းပြပါတယ်။ ကမ်းခြေရောက်ရင် အရင်ဆုံး စတွေ့ရမှာဖြစ်တဲ့ ဧည့်ကြို ၅၀ ကျော်ကိုလည်း ကိုဗစ်ဆေးထိုးပေးထားပြီးပါပြီ။ ဟိုတယ်တည်းခိုခန်းတွေမှာရှိတဲ့ ဝန်ထမ်းတစ်ရာ ရာခိုင်နှုန်း ကိုဗစ်ဆေးထိုးပြီးပါပြီ။ စားသောက်ဆိုင်တွေ၊ ခေါင်းရွက်ဗျပ်ထိုး ကမ်းခြေစျေးသည်တွေကနေ အမှတ်တရဆိုင်တွေကအစ ကိုဗစ်ဆေးထိုးပေးထားပါတယ်။ ကျေးရွာတွေထဲမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။ ချောင်းသာမှာ အတည်ပြုလူနာတွေ့ရှိမှုက အလွန်နည်းလာပါပြီ။ ဒီကနေ့အထိဆိုရင် သုံးဦးသာရှိပါတော့တယ်။  ဒီသုံးဦးကလည်း အတည်ပြုလူနာတစ်ဦးကနေ ဆက်စပ်တွေမို့ ကျွန်တော်တို့ ရောဂါကွင်းဆက်ကို ဖြတ်ထားနိုင်ခဲ့ပါတယ်” လို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်သူက ပြောပါတယ်။

ကမ်းခြေကို လာရောက်လည်ပတ်သူတွေရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေ ဖြစ်ကြပြီး မထိုးရသေးတဲ့ ရာခိုင်နှုန်း ၂၀ ဟာလည်း အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ များပြားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ စာရင်းတွေအရ ၈၀ ရာနှုန်းကျော်ထိုးပြီးသွားပြီ။ ကျန်တဲ့သူတွေက သတ်မှတ်အသက်အလိုက် ထိုးပေးတာမှာ ကျန်နေသေးတဲ့သူတွေရယ်၊ မှတ်ပုံတင်လိုအပ်လို့ မထိုးရသေးသူတွေရယ် အဲဒီလိုတွေပဲ ကျန်တယ်။ ကမ်းခြေမှာ အပြင်ထွက်တာနဲ့ Mask မဖြစ်မနေ တပ်ဖို့၊ မတပ်သူတွေကို ဒဏ်ရိုက်တာလည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ ဦးကျော်သူက ဆက်လက်ပြောကြားပါတယ်။

ငွေဆောင်ကမ်းခြေမှာတော့ ပိုင်ရှင်တွေကိုယ်တိုင်က ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးတဲ့ ဟိုတယ်တွေကလွဲပြီးတော့ ကျန်ရှိတဲ့ ဟိုတယ်အားလုံးဟာ ပြန်လည်ဖွင့်လှစ်နေပြီပဲဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေရဲ့ နာမည်ကျော် အပန်းဖြေကျွန်းတွေဖြစ်တဲ့ ငှက်ကျွန်း၊ ကျွန်းလျားရှည်တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။

“ရာသီဥတုက ပြန်ပြီးပွင့်လင်းလာပြီမို့ ကျွန်တော်တို့ ငှက်ကျွန်းပေါ်က စားသောက်ဆိုင်တွေတောင် ပြန်ဖွင့်နေပြီ။ ငှက်ကျွန်းမှာ အပန်းဖြေမယ်။ ပုံရိုက်မယ်။ ကျွန်းလျားရှည်မှာ ရေငုပ်အပန်းဖြေဖို့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ပြန်စတင်နေပါပြီ” လို့ ကမ်းခြေဝန်ဆောင်မှု လုပ်ဆောင်သူတစ်ဦးက ပြောပါတယ်။

သီတင်းကျွတ်ပွဲတော်အပြီးမှာ ငွေဆောင်ကမ်းခြေက ဟိုတယ်တစ်ခုမှာ COVID-19 တွေ့ရှိတာကြောင့် အသွားအလာကန့်သတ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့ရပြီး ရောဂါကင်းစင်လာမှုကြောင့် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိနေပြီလို့လည်း သိရပါတယ်။ ဟိုတယ်အားလုံးကို COVID-19 စည်းကမ်းချက်တွေနဲအညီ တိုးမြှင့်စစ်ဆေးနေပြီး တန်ဆောင်တိုင်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ကမ်းခြေအသစ်တစ်ခုဖြစ်တဲ့ ရွှေသောင်ယံကမ်းခြေမှာတော့ အပန်းဖြေလာရောက်သူဟာ နည်းပါးနေပေမဲ့ လာရောက်သူပုံမှန်တော့ ရှိနေတယ်လို့ သိရပါတယ်။နာမည်ကျော် အပျိုစင်ကမ်းခြေဖြစ်တဲ့ ဂေါ်ရန်ဂျီကမ်းခြေကတော့ လမ်းပန်းခရီးအခက်အခဲနဲ့ အခြားသော လုံခြုံရေးဆိုင်ရာတွေကြောင့် လာရောက်သူတွေ မရှိသေးပါဘူး။

COVID-19 ကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ ကမ်းခြေတွေမှာ ပြန်လည်စည်ကားစပြုလာနေကြပါပြီ။ တန်ဆောင်တိုင်ပွဲတော်အတွက် ကြိုတင်ဟိုတယ်အခန်း မှာယူမှုတွေပါ ရှိနေပြီလို့ ဆိုပါတယ်။

“နှစ်နှစ်နီးပါး ပိတ်ထားရတာမှာ အကုန်ရှိတာလေးနဲ့ ပေါင်နှံစားသောက်ပြီး နေခဲ့ရတာ။ အခုမှ နည်းနည်း အကြွေးလေးတွေဆပ်လိုက်၊ အလုပ်လေး ပြန်တည်လိုက်နဲ့ လုပ်နေကြရတယ်။ နိုင်ငံခြားခရီးသည်တွေက မလာပါဘူး။ပြည်တွင်း ခရီးသည်တွေပဲ” လို့ ချောင်းသာကမ်းခြေက ချက်ပို့လုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးကလည်း ဆိုပါတယ်။

ဒေသတွင်းအနည်းငယ် တည်ငြိမ်နေမှုကြောင့် မြို့ပြတွေမှာ မွန်းကျပ်မှုတွေ များပြားနေတဲ့ ရန်ကုန်တိုင်းက ပြည်သူတွေဟာ ချောင်းသာကမ်းခြေကို ပိုမိုလာရောက်မှုများတယ်လို့ သိရပါတယ်။

ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေမှာ ဒေသခံတွေကတော့ တန်ဆောင်တိုင်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပြီး ကမ်းခြေတွေ ပြန်လည်အသက်ဝင်လာပြီပဲဖြစ်ပါတယ်။                                       


READ NEXT
Cancel OK