Top News

ဥရောပမှ ထိပ်တန်းဘောလုံးသမားများကို ထပ်မံခေါ်ယူနိုင်ရန်အတွက် ဆော်ဒီပရိုလိဂ်တွင် နိုင်ငံခြားကစားသမားကန့်သတ်မှုကို ရှစ်ဦးမှ ၁၀ ဦးအထိ တိုးမြှင့်ပေးရန် တာဝန်ရှိသူများ စီစဉ်
24htopnews | October 31, 2024 9:12 AM CST

 

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ၎င်းတို့လိဂ်ပြိုင်ပွဲအတွက် ဥရောပမှ ထိပ်တန်းဘောလုံးသမားများကို ထပ်မံခေါ်ယူနိုင်ရန် နိုင်ငံခြားကစားသမား ကန့်သတ်မှုကို ရှစ်ဦးမှ ၁၀ ဦးအထိ တိုးမြှင့်ပေးသွားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဆော်ဒီအစိုးရ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်တစ်နှစ်အတွင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀၀ ကျော် အသုံးပြုကာ စီရော်နယ်လ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ မာနေ၊ ဖေမီနို၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ရူဘင်နေးဗက်စ်တို့ကဲ့သို့ နာမည်ကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။ လက်ရှိတွင် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေဖြင့် အသင်းတွင် နိုင်ငံခြားကစားသမား ရှစ်ဦးသာ ထားရှိခွင့်ရှိကြောင်း သိရသည်။ 

ထို့ကြောင့် ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် အနာဂတ်တွင် ဥရောပနှင့် တောင်အမေရိကတို့မှ ထိပ်တန်းကစားသမားများသာမက ပါရမီရှင်လူငယ်ကစားသမားများကို ဆော်ဒီသို့ခေါ်ယူရန် ဆန္ဒရှိနေသဖြင့် နိုင်ငံခြားကစားသမားကန့်သတ်မှုကို တိုးမြှင့်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ Daily Mail ၏ ဖော်ပြချက်အရ ဆော်ဒီလိဂ်တာဝန်ရှိသူများသည် ၂၀၂၄-၂၅ ရာသီမှစတင်ကာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေဖြင့် နိုင်ငံခြားကစားသမား ၁၀ ဦးအထိ အသင်းတွင် ထားရှိခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် ဆော်ဒီနိုင်ငံ၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများအပါအဝင် ဘောလုံးပွဲများတွင် ပရိသတ်အားပေးမှုနည်းပါးခြင်းတို့ကြောင့် အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာနှင့် အယ်လ်အစ်တီဖာအသင်းမှ အင်္ဂလန်ဝါရင့်ကွင်းလယ် ကစားသမား ဟန်ဒါဆန်တို့မှာ ဥရောပသို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ သို့သော် ဆော်ဒီပရိုလိဂ်ဒုဥက္ကဋ္ဌနှင့် ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဆတ်ဒ်အယ်လ်လာဇီက ပြီးခဲ့သည့် ငါးလအတွင်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏တိုးတက်မှုများမှာ ထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။ 

ဆတ်ဒ်အယ်လ်လာဇီက "ဆော်ဒီက ဘောလုံးနိုင်ငံပါ။ ကျွန်တော်တို့ရဲ့ မဟာနည်းဗျူဟာသစ်ကို အခုရာသီအစ ကျွန်တော်တို့ မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို လုပ်ခဲ့တာဟာ ဆော်ဒီပရိုလိဂ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်တွေထဲက တစ်ခုဖြစ်လာဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါက ရေရှည်လုပ်ဆောင်ရမယ့် အလုပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးလအတွင်း ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ကျွန်တော် မှန်းထားတာထက်တောင် ပိုပါသေးတယ်။ အခုအချိန်မှာ အရာအားလုံးက လမ်းကြောင်းမှန်အတိုင်း သွားနေတာပါ။ ကျွန်တော်တို့ ဆော်ဒီပရိုလိဂ်ရဲ့ အနေအထားက အရမ်းကိုကောင်းမွန်နေပါတယ်။ ဘောလုံးက ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ဆော်ဒီပရိုလိဂ်ကလည်း အခုမှ အစပဲ ရှိသေးပြီး ခရီးအရှည်ကြီး ဆက်ရဦးမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ဥရောပတွင် ကစားနေကြသည့် ထိပ်တန်းကစားသမားများကို ပြောင်းရွှေ့ကြေး၊ လစာမြင့်မားစွာ ပေးပြီး ခေါ်ယူနေခြင်းမှာ ၎င်းတို့ လိဂ်ပြိုင်ပွဲကို အဆင့်မြှင့်တင်ခြင်းဖြစ်ရုံသာမက နိုင်ငံအတွက် ပါရမီရှင်ဘောလုံးသမား များ ပေါ်ထွက်စေရန်ပါ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ဆော်ဒီပရိုလိဂ်တွင်လည်း ဆော်ဒီဘောလုံးသမားများ ကစားခွင့်ရရန် စီမံထားကြောင်း သိရှိရသည်။ 

လာမည့် ၂၀၂၄-၂၅ ရာသီတွင် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းအနေဖြင့် နိုင်ငံခြားကစားသမား ၁၀ ဦးအထိ ခေါ်ယူခွင့်ရမည်ဖြစ်သော်လည်း ပွဲကစားချိန်တွင် နိုင်ငံခြားကစားသမား ၁၀ ဦး စလုံးအသုံးပြုခွင့်ရမည်မဟုတ်ဘဲ ရှစ်ဦးသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK