ဘာစီလိုနာအသင်းနည်းပြ ဇာဗီက စပိန်စူပါဖလားဗိုလ်လုပွဲတွင် El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းကို လွှမ်းမိုးထားနိုင်ရန်နှင့် ချန်ပီယံဆုရယူနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားသည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ဒုတိယနေ့တွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက အိုဆာဆူနာအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးများကို ၅၉ မိနစ်တွင် လီဝန် ဒေါစကီးနှင့် ၉၀+၃ မိနစ်တွင် လူစားဝင်ကစားသမား ယမားလ်တို့က သွင်းယူပေးခဲ့သည်။ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းသည် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် နှစ်နှစ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားသည်။
ရီးယဲလ်အသင်းနှင့် ပြန်လည်တွေ့ဆုံရမည့် ဗိုလ်လုပွဲအပေါ် ဇာဗီက "ကျွန်တော်တို့ ရဲ့ နည်းစနစ်ပိုင်း၊ ကျွန်တော်တို့ရဲ့ ကစားပုံ၊ ကျွန်တော်တို့မှာရှိတဲ့အသင်းနဲ့ နည်းလမ်းအတိုင်း မက်ဒရစ်ကို ရင်ဆိုင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ ကျွန်တော်တို့ (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပုံစံအတိုင်း လိုက်လုပ်ရမှာပါ။ အဲဒီပွဲမှာ ကျွန်တော်တို့ အများကြီးပိုကောင်းခဲ့တယ်။ ဒီရာသီ လာလီဂါပွဲစဉ်မှာ မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မိနစ် ၆၀ အထိ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ အဲဒီပွဲမှာလည်း ပိုကောင်းတာရလိမ့်မယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့တယ်။ မက်ဒရစ်ဆီကနေ ဘောလုံးကို ယူထားရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ DNA ကလည်း အရင်ကထက်ပိုပြီး တောက်ပနေရမယ်။ မက်ဒရစ်က ပြီးခဲ့တဲ့နှစ်ထက် ပုံစံကောင်း ရနေတယ်။ ဒါပေမဲ့ သူတို့ကို လွှမ်းမိုးထားနိုင်ဖို့နဲ့ အနိုင်ရဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသဖို့ အကောင်းဆုံးအခိုက်အတန့်ပါပဲ။ ကျွန်တော်တို့အနေနဲ့ အဲဒါကို မျှော်လင့်နေတာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့သူ လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်မှာ အသက် ၁၆ နှစ် ၁၈၂ ရက်သာရှိသေးပြီး စပိန်စူပါဖလားပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရီးယဲလ်နှင့် ဘာစီလိုနာအသင်း ယှဉ်ပြိုင်ရမည့် စပိန်စူပါဖလား ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် နံနက် ၁ နာရီခွဲ တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက ၁၄ ကြိမ်၊ ရီးယဲလ် အသင်းက ၁၂ ကြိမ် ဗိုလ်စွဲထားသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်