မြောက်ဒဂုံမြို့နယ်တွင် အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦး ကြမ်းတမ်းစွာ ပြုမူခံရသည့်ဖြစ်စဉ်အား မိခင်ဖြစ်သူက သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဒဂုံမြောက်မြို့နယ်ရှိ New World Therapeutic Training Center တွင် အောက်တိုဘာ ၃၀ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားပြီး နောက်နေ့တွင် ကြမ်းတမ်းစွာပြုမူခံခဲ့ရသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်၏ မိခင်ဖြစ်သူက သိရှိခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောကြားသည်။
“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တော်တော်များများကို တိုင်ကြားစာပို့ထားပါတယ်။ ကလေးရဲ့ ကျန်းမာရေးအခြေအနေက ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေတယ်။ အဲဒါကြောင့် ကလေးကို ကျွန်မက အိမ်မှာ အလိုလိုက်ဂရုစိုက်ပြီး သူ့စိတ် ပြန်နူးညံ့လာအောင် ချော့နေရပါတယ်။ အဲဒါကြောင့် ကျွန်မ အပြင်လည်း သိပ်မထွက်ဖြစ်ဘူး။ ကလေးရဲ့ စိတ်အခြေအနေက စိတ်ဒဏ်ရာ အရမ်းရနေတယ်”ဟု ကြမ်းတမ်းစွာ ပြုမူခံခဲ့ရသည့် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ဖြစ်တာက အောက်တိုဘာ ၃၀ ရက်မှာ ဖြစ်တာပါ။ နောက်နေ့မှာ ကျောင်းက စီစီတီဗွီကို တောင်းကြည့်တယ်။ အဲဒီနေ့ ညတွင်းချင်းပဲ ကျွန်မ ဒဂုံမြောက်ရဲစခန်းကိုသွားပြီး အမှုဖွင့်တာပါ” ဟု ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး New World Therapeutic Training Center မှ သင်တန်းဆရာ နှစ်ဦးအား ဒဂုံမြောက်မြို့မရဲစခန်းမှ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၁၀၃(က) ဖြင့် အမှုဖွင့်ထား ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သတ်၍ New World Therapeutic Training Center သို့ သွားရောက် မေးမြန်းရာ လတ်တလောအခြေအနေတွင် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်းနှင့် ၎င်းတို့ဘက်မှ ပြန်လည် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် ညနေတွင် ဒေါက်တာခန့်ခန့်ဝင်း၏ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူသည် New World Therapeutic Training Center မှ နေအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ယာဘက်မျက်လုံးမှာ ရောင်ရမ်းနေသဖြင့် မိခင်ဖြစ်သူမှ ကျောင်းရှိ အုပ်ချုပ်ကြီးကြပ်သူသို့ ဖုန်းဆက်မေးမြန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ မေးမြန်းချိန်တွင် အုပ်ချုပ်ကြီးကြပ်သူက ကလေးကငိုသဖြင့် မျက်လုံးပွတ်ရာမှ ရောင်ရမ်းနေခြင်း ဖြစ်ကြောင်း၊ မည်သူနှင့်မျှ မထိုးမိကြောင်း၊ မတိုက်မိကြောင်းအား တာဝန်ယူသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၃၁ ရက် တွင် မိခင်ဖြစ်သူက ကျောင်းသို့သွားရောက် ၍ စီစီတီဗွီမှတ်တမ်းအား ကြည့်ရှုခဲ့ကြောင်း၊ ယင်းသို့ကြည့်ရှုချိန်တွင် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကလေး လေးယောက်နှင့် ဆရာ သုံးယောက်တို့ အခန်းထဲတွင်ရှိစဉ် ကလေးဖြစ်သူက ထမင်းဘူးအား မှောက်လိုက်သည့်အတွက် ဆရာဖြစ်သူက သန့်ရှင်းရေး လုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာနှစ်ဦးမှ စီစီတီဗွီ အနည်းငယ်ကွယ်သည့်နေရာတွင် ထိုးကြိတ်နှိပ်စက်ခဲ့ကြကြောင်း မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မိခင်ဖြစ်သူက မြန်မာအော်တစ်ဇင်အသင်းသို့ စာရေးတိုင်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့တွင်ပင် မြန်မာအော်တစ်ဇင်အသင်းမှ တာဝန်ရှိသူများက New World Therapeutic Training Center သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆရာနှစ်ဦးအား ထိရောက်စွာ အရေးယူပေးလိုစေကြောင်း၊ ကျောင်းအနေဖြင့် အပြည့်အဝ တာဝန်ခံကာ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း မြန်မာအော်တစ်ဇင်အသင်း၏ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အမှုဖွင့်ခံထားရသည့် ဆရာနှစ်ဦးအား ဒဂုံမြောက်မြို့မရဲစခန်းမှ အာမခံပေးထားပြီး ကျောင်းမှလည်း ဆရာ နှစ်ဦးအား ထုတ်ပယ်ထားကြောင်း ဒေါက်တာခန့်ခန့်ဝင်းရွှေထံမှ စုံစမ်းသိရသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ