Top News

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ဖြင့် သတိပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က ပုဒ်မ (၆) ဖြင့် သတိပေးခဲ့ခြင်းမျိုးမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး ပြောကြား
24htopnews | October 31, 2024 5:12 AM CST

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆) ဖြင့် သတိပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က ပုဒ်မ (၆) ဖြင့် သတိပေးခဲ့ခြင်းမျိုးမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၂၀ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ဖြင့် သတိပေးခြင်းသည် လက်ရှိရွေးကောက်ပွဲ ကော်မရှင်၏သက်တမ်း၌ ပထမဦးဆုံးအကြိမ်ဖြစ်မလားနှင့် ယခင်က အလားတူ သတိပေးခဲ့ဖူးသည့် ပါတီများရှိပါသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “ ဒီပုဒ်မနဲ့တော့ ဒါပထမဆုံးအကြိမ်ပါ။ ဒီပုဒ်မနဲ့တော့ အရင်တုန်းက ဒီလိုမျိုး သတိပေးခဲ့တာ မရှိပါဘူး” ဟု ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၂၀ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ဖြင့် သတိပေးခြင်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးသန်းဌေးက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၀ က အမေရိကန်အခြေစိုက် International Foundation for Electoral System (IFES) ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် နည်းပညာ အကူအညီပေးမှုသည် နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲဖန်တီးနိုင်သော ရွေးကောက်ပွဲ ရလဒ်အား ပြည်ပနိုင်ငံတစ်ခုခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဝင်ရောက်စွက်ဖက် ခြယ်လှယ်မည့်အရေးကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ခြင်းဆိုသည့် သဘောထားအပါအဝင် နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် အချက်ကိုးချက်ပါဝင်သော ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်က ထုတ်ဝေခဲ့သည့် နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ဖြင့်  သတိပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) တွင် မှတ်ပုံတင်ထားသော မည်သည့်နိုင်ငံရေးပါတီမဆိုသည် အခြားအဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို ထိခိုက်အောင်မလုပ်ရန်  သဘောတူကြောင်းနှင့် ချိုးဖောက်ပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သည်အထိ အရေးယူနိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား အယုံအကြည်မရှိကြောင်း ဝေဖန်မှုများ နှင့်ပတ်သက်၍ မည်သို့တုံ့ပြန်ချင်ပါသလဲဆိုသည့် မေးမြန်းမှုကို “ ကျွန်တော်တို့က ဒီကနေ့အထိ မှန်မှန်ကန်ကန်၊ ဥပဒေနည်းဥပဒေတွေနဲ့အညီလည်း ဆောင်ရွက်နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင်လည်း လုပ်နေပါတယ်။ စံငါးချက်နဲ့ လုပ်မယ်ဆိုတာလည်း အကြိမ်ကြိမ် ကြေညာထားပြီးသား ဖြစ်ပါတယ်။ ခုနကပြောတဲ့ ပါတီ ၂၀ က မယုံကြည်ဘူးလို့ ပြောနေကြတာ။ မယုံကြည်တာ၊ ယုံကြည်တာကတော့ သူတို့သဘောဆန္ဒအတိုင်းပါ။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ ဘာမှပြောစရာ မရှိပါဘူး” ဟု ဦးသန်းဌေးက ပြန်လည်ဖြေကြားသည်။

နိုင်ငံရေးပါတီ ၂၀ က မယုံကြည်ဟုဆို သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပါတီ ၉၆ ပါတီရှိပြီး ပါတီပေါင်း ၇၆ ပါတီက ယုံကြည်သည်ဆိုသည့် အဓိပ္ပာယ်မျိုးပေါက်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။

ဦးသန်းဌေးက “ အဲဒီတော့ ယုံကြည်မှုရှိအောင်လည်းပဲ ကျွန်တော်တို့က ကြိုးစားပါတယ်။ ကြိုးစားပြီးတော့ ဆောင်ရွက်ပါတယ်။ ကျွန်တော် တစ်ခုပြောချင်တာကတော့ နိုင်ငံတကာမှာရှိနေတဲ့ ရွေးကောက်ပွဲကော်မရှင် ဘယ်ကော်မရှင်မှ ရာနှုန်းပြည့် ယုံကြည်ပါတယ်ဆိုပြီးတော့ ပြောတာမျိုး မရှိခဲ့ပါဘူး။ ဒီလိုကြည့်ပါပဲ။ ပြောကြတာပါပဲ။ ယုံကြည်တာ၊ မယုံကြည်တာကတော့ တစ်ပိုင်းပါ။ သူတို့ ဆန္ဒပါပဲ” ဟု ပြောကြားသည်။

 

 

 


READ NEXT
Cancel OK