နိုင်ငံတော်ဗဟိုဘဏ်က ဂျပန်ယန်း (Japanese Yen) နှင့် တရုတ်ယွမ် (Chinese Yuan – RMB) တို့အား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးများအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက် နေ့စွဲဖြင့် ညွှန်ကြားချက် အမှတ် ၄/၂၀၁၉ ကို ထုတ်ပြန်သည်။
နိုင်ငံတကာပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ရဘဏ်များတွင် ဂျပန်ယန်း (Japanese Yen) နှင့် တရုတ်ယွမ် (Chinese Yuan – RMB) တို့အား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဂျပန်ယန်းနှင့် တရုတ်ယွမ် ငွေကြေးနှစ်မျိုးအား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ရန် AD လိုင်စင်ရ ဘဏ်များအချင်းချင်း အပြန်အလှန် စာရင်းဖွင့်လှစ်ခြင်းနှင့် စာရင်းရှင်းလင်း ပေးချေခြင်း တို့မှအပ လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် တရားဝင် အဖွဲ့အစည်းများအတွက် ငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးနေခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ကို အစိုးရဘဏ်များ၊ ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ထုတ်ပေးထားခြင်းဖြစ်သည်။ လိုင်စင်ကြေးများမှာ ကနဦး လိုင်စင်ကြေး ကျပ်သိန်း ၂၀၊ လိုင်စင်သက်တမ်းတိုးကြေး ကျပ်သုံးသိန်း၊ လိုင်စင်သက်တမ်း နောက်ကျကြေး တစ်လလျှင် ကျပ်ငါးသောင်း၊ လုပ်ငန်းတိုးချဲ့ကြေး ဘဏ်ခွဲတစ်ခုလျှင် ကျပ် ၁၀ သိန်း သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ထုတ် ပေးထားသော ဘဏ်များမှာ အစိုးရပိုင် ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၀ ဘဏ်တို့ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်နေပြီး ယခုအချိန်အထိ ညွှန်ကြားချက်လေးခု ထွက်ရှိပြီးဖြစ်သည်။
ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် ဘဏ်များက တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်း ကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ ဖြင့် ဇန်နဝါရီ ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်တွင် ညွှန်ကြားချက်အမှတ်၂/၂၀၁၉ ဖြင့် ပြည်တွင်းဘဏ်များအား စုစုပေါင်း ချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်းသုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များရှိ ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင် မရှိသည့် ကြွေးမြီများကို ဖြည့်စွက်မတည်ငွေရင်းအဖြစ် ထည့်သွင်းခွင့်ပြုသော ညွှန်ကြားချက်အမှတ် ၃/၂၀၁၉ ကို ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယခုညွှန်ကြားချက် ၄/၂၀၁၉ ကို ဆက်လက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်