Top News

အတိုးနှုန်းများသည့် တရုတ်ချေးငွေများကို ဆောလျင်စွာပြန်ဆပ်မည်ဆိုပါက အချိန်မစေ့မီ ကြိုတင်ပေးဆပ်ခြင်းအဖြစ် နှစ်နိုင်ငံ ပြန်လည်ညှိနှိုင်းရန် လိုအပ်မည်ဟု ဒုတိယဝန်ကြီး ပြောကြား
24htopnews | October 31, 2024 12:12 AM CST

နိုင်ငံတော်အနေဖြင့် တရုတ်ချေးငွေများကို စာချုပ်ပါသဘောတူထားသည့် သတ်မှတ်ကာလလိုက် အချိန်မှန်ပေးဆပ်လျက်ရှိပြီး အတိုးနှုန်းများသည့် တရုတ်ချေးငွေများကို ဆောလျင်စွာ ပြန်ဆပ်မည်ဆိုပါက အချိန်မစေ့မီ ကြိုတင်ပေးဆပ်ခြင်းအဖြစ် နှစ်နိုင်ငံပြန်လည်ညှိနှိုင်းရန် လိုအပ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း ပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ( ၁/၂၀၁၉ ) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

အထက်ပါအစီရင်ခံစာနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက တရုတ်ချေးငွေကို ဆောလျင်စွာ ပြန်ဆပ်သင့်ကြောင်း အကြံပြု ဆွေးနွေးထားသည်။

“နိုင်ငံတော်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံချေးငွေများကို ချေးငွေစာချုပ်များ ချုပ်ဆိုပြီးတော့ သဘောတူထားတဲ့ Due Date (သတ်မှတ်ကာလ) အလိုက်ကို အချိန်မှန်မှန် ပေးဆပ်လျက်ရှိပါတယ်။ အဆိုပါ ချေးငွေများသည် အတိုးနှုန်းလည်းများတဲ့အတွက် အချိန်မစေ့မီ ပြန်လည်ပေးဆပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ Prepayment အချိန်မစေ့မီ ကြိုတင်ပေးဆပ်ခြင်းအဖြစ်နဲ့ ၎င်းတို့နဲ့ ပြန်လည်ညှိနှိုင်းရန် လိုအပ်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ချေးငွေပေးဆပ်ရမည့်ငွေကို တစ်ချိန်တစ်ပြိုင်တည်း ပေးဆပ်နိုင်ရန်မှာ နိုင်ငံအနေဖြင့် နိုင်ငံခြားငွေ အလုံအလောက်ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းရန် ဆောင်ရွက်ရမည့်လုပ်ငန်း၊ စီမံကိန်းများစွာအတွက်  နိုင်ငံ၏ဘတ်ဂျက်၊ နိုင်ငံပိုင် နိုင်ငံခြားဝင်ငွေ လုံလောက်မှုမရှိသည့်အတွက် ယနေ့အချိန်ထိ ပြည်ပချေးငွေများ၊ အကူအညီရငွေများ ရယူဆောင်ရွက်နေရသော အချိန်တွင် ပေးဆပ်ရန်အချိန်မစေ့သည့် ချေးငွေများကို ကြိုတင်ပေးဆပ်ရေး ကိစ္စသည် အဖက်ဖက်က ပိုင်ခြားဝေဖန်သုံးသပ်ပြီးမှသာ ဆောင်ရွက်သင့်သည့်ကိစ္စဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်ပကြွေးမြီ ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော်ရှိပြီး တရုတ် ကြွေးမြီမှာ ဒေါ်လာ သန်းပေါင်း ၄၀၀၀ ကျော်ရှိကြောင်း ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန်ရေး နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့နောက် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေကို ဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူခြင်းကို လျှော့ချရန် အစိုးရ၏ငွေချေး သက်သေခံလက်မှတ်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူခြင်းကို တဖြည်းဖြည်းလျှော့ချရန် လျာထားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ ငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချခြင်းမရှိဘဲ အစိုးရငွေတိုက်လက်မှတ်များကိုသာ ရောင်းချကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

“အစိုးရ ငွေချေးသက်သေခံလက်မှတ်များကို စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း တစ်နည်းအားဖြင့် လေလံစနစ်ဖြင့် ရောင်းချခြင်းမှာ အတိုးနှုန်းဟာ စျေးကွက်ကသတ်မှတ်တဲ့ အတိုးနှုန်းအတိုင်းပဲ ကျွန်တော်တို့ လိုက်လံဆောင်ရွက်ပါတယ်။ စျေးကွက်အတိုးနှုန်းအတိုင်း ပေးတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူများကလည်း ပိုမိုဝယ်ယူကြခြင်းအားဖြင့် ပြည်တွင်းလှည့်လည်သုံးစွဲငွေ Money Circulation ကို လျှော့ကျလာစေ ခြင်းမှတစ်ဆင့် ငွေဖောင်းပွမှုနှုန်းကိုလည်း လျော့ကျစေတဲ့ အကျိုးသက်ရောက်မှု ရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းနောက် အဆိုပါအစီရင်ခံစာကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်အနေဖြင့်  သဘောတူလက်ခံပေးပါရန် အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာကို လွှတ်တော်က မှတ်တမ်းတင်ခြင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို လွှတ်တော်က သဘောတူအတည်ပြုခဲ့သည်။

 


READ NEXT
Cancel OK