Top News

မြစ်ဆုံရေကာတာသည် မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်ကိုဖျက်ဆီးမည့် လုပ်ရပ်တိုင်းအား ရပ်တန့်ရန် အလေးအနက်တောင်းဆိုကြောင်း ကာဒီနယ်ချားလ်ဘို ပြောကြား
24htopnews | October 31, 2024 12:12 AM CST

သန်းပေါင်းများစွာသော လယ်သမားများ၏ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုအလားအလာရှိသည့်  မြစ်ဆုံရေကာတာသည် မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်အား ဖျက်ဆီးမည့် လုပ်ရပ်တိုင်းအား ရပ်တန့်ရန် အလေးအနက်တောင်းဆိုကြောင်း ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၈ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ကာဒီနယ်ချားလ်ဘို၏ သဘောထားကို Lawrence Jangma Mung Song က ဘာသာပြန်ထားပြီး အဆိုပါ ဘာသာပြန်တွင် အထက်ပါအတိုင်း တောင်းဆိုထားခြင်း ဖြစ်သည်။

မြစ်ဆုံရေကာတာသည် မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့်ဖြစ်ပြီး သန်းပေါင်းများစွာသော လယ်သမားများ၏ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုအလားအလာ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သန့်ရှင်းသော ဘုရားစေတီမြေများအား အမြတ်ထုတ်ဖျက်ဆီးမှု၊ မြန်မာနိုင်ငံ၏ သဘာဝအလှတရား၊ သစ်ပင်ပန်းမာန်များ မျိုးသုဉ်းပျက်စီးဆုံးရှုံးနိုင်မှု အစရှိသည့် အခြေအနေဆိုးများသည် အိပ်မက်ဆိုးအလား လက်တွေ့ဖြစ်လာမည့် အခြေအနေများဖြစ်ကာ မြစ်ဆုံရေကာတာသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ကြောင်း ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

ငြိမ်းချမ်းရေးပြည့်ဝသော အနာဂတ်အတွက် မြစ်ဆုံရေကာတာအား ရပ်ဆိုင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်သည် ရဲရင့်စွာဖြင့် မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းအား ရပ်တန့်ခဲ့ကာ မြစ်ဧရာဝတီအား အမြတ်ထုတ်ဖျက်ဆီးမည့် မည်သည့်စာချုပ်မျိုးမဆို ဖျက်သိမ်းမည့်လုပ်ရပ်အား မြန်မာနို်င်ငံအတွင်း နေထိုင်သူအားလုံးက ထောက်ပံ့မည်ဟု အထူးယုံကြည်ကြောင်း၊ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ထောက်ပံ့သူတိုင်းသည် မိမိသွေးရင်းသားသမီးများအား ငွေကြေးအတွက် အလဲအလှယ်ပြုသော မိဘများနှင့် တူညီကြောင်း၊ ထိုသို့မိခင်ဧရာဝတီအား ရောင်းစားသည့်သူ မည်သူမဆို သမိုင်းသည် ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်းလည်း ကာဒီနယ်ချားလ်ဘို က ပြောကြားသည်။

မြန်မာနိုင်ငံသားအားလုံး၏ ကိုယ်စားအထူးသဖြင့် ဆင်းရဲသားတောင်သူလယ်သမားများကိုယ်စား ကျွနု်ပ်တို့သည် မိခင်ဧရာဝတီအား ဖျက်ဆီးမည့်လုပ်ရပ်တိုင်းအား ရပ်တန့်ရန် အလေးအနက်ပြု တောင်းဆိုကြောင်း၊ ဧရာဝတီမြစ်၏ ဂုဏ်သိက္ခာ အလှတရားအား ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအပေါင်း လက်ချင်းချိတ် ပူးပေါင်းလုပ်ဆောင်ကြရန် ကျွနု်ပ်တို့ အလေးအနက်ထား တောင်းဆိုကြောင်းနှင့် မိခင်မြစ် ဧရာဝတီမြစ်၏ အနာဂတ်နှင့် အလှတရား ဂုဏ်သိက္ခာအား ဖျက်ဆီးရန်ကြိုးပမ်းမှု အားလုံးကို ကြံ့ကြံ့ခံခုခံရန် မြန်မာနိုင်ငံ ခေါင်းဆောင်များအပေါ် ကျွနု်ပ်တို့ မျှော်လင့်မိကြောင်း ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

ဧရာဝတီမြစ်သည် ကျွနု်ပ်တို့အတွက် သာမန်မြစ်တစ်စင်း မဟုတ်ကြောင်း၊ အလဲအလှယ် ကုန်သွယ်ဖလှယ်ရမည့် ကုန်ပစ္စည်းတစ်ခုသက်သက် မဟုတ်ကြောင်း၊ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံသားတိုင်း၏ မွန်မြတ်သော မိခင်တစ်ဦးဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်သည် နိုင်ငံတော်၏ လည်ဆွဲရတနာသဖွယ် တည်ရှိပြီး မြန်မာတစ်ဝန်း မိုင်ထောင်ချီ ဖြန့်ကြက်တည်ရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေပြုသည့် နိုင်ငံဖြစ်သည်နှင့်အညီ ရာခိုင်နှုန်း ၈၀ သော လူအများသည် လယ်ယာစိုက်ပျိုးရေးဖြင့် ရှင်သန်နေထိုင်ကြသည်ဖြစ်ရာ ဧရာဝတီမြစ်ကြီးသည် ကျွနု်ပ်တို့၏ သက်မွေးဝမ်းကျောင်းအတွက် မဆုတ်မနစ် ပံ့ပိုးပေးသူဟုလည်း ဆိုနိုင်ကြောင်း၊ ဧရာဝတီသည် ဆင်းရဲသား လယ်သမားများအား ရက်ရက်ရောရော ပ့ံပိုးပေးသကဲ့သို့ မြန်မာနိုင်ငံ၏ မွန်မြတ်သော အမှတ်သင်္ကေတအဖြစ် တည်ရှိနေကြောင်းလည်း ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

ထိုသို့ မွန်မြတ်သော ဧရာဝတီသည် ယခုအခါ အပေးအယူလုပ်ခံရမည့် အရာဝတ္ထုအဖြစ် အာရုံစိုက်ခြင်းခံနေရပြီး အင်အားကြီး နိုင်ငံကြီးများသည် မြန်မာနိုင်ငံမှ အရာအားလုံးကို သိမ်းကျုံးရယူလိုကာ ဆယ်စုနှစ်များစွာ အင်အားကြီးနိုင်ငံများသည် ဗျူဟာမြောက်သောနေရာတွင် တည်ရှိသည့် မြန်မာနိုင်ငံအား ခြိမ်းခြောက်ခေါင်းပုံဖြတ်ခဲ့ကြသည်ဟု ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

 


READ NEXT
Cancel OK