Top News

သုံးခွမြို့နယ်တွင် ဖခင်ဖြစ်သူက ရိုက်နှက်ဆုံးမသဖြင့် ညီအစ်မနှစ်ဦး ကြွက်သတ်ဆေးသောက် သေဆုံး
24htopnews | October 31, 2024 12:12 AM CST

သုံးခွမြို့နယ်တွင် ဖခင်ဖြစ်သူက ရိုက်နှက်ဆုံးမသဖြင့် စိတ်ညစ်ပြီး ညီအစ်မနှစ်ဦး ကြွက်သတ်ဆေးသောက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ကြွက်သတ်ဆေးသောက် သေဆုံးသူမှာ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်တွင် နေထိုင်သည့် မ... (၂၃ နှစ်) နှင့် မ...(၁၉ နှစ်) တို့ညီအစ်မနှစ်ဦး ဖြစ်ကြောင်း သိရသည်။

“တစ်ယောက်ကတော့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက အိမ်မှာပဲ သေဆုံးပါတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာတက်ပြီး ဆေးကုသမှုခံနေတုန်း ဒီနေ့မနက် အစောပိုင်းမှာ သေဆုံးသွားပါတယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

တာဝန်ရှိသူများက မိသားစုဝင်တစ်ဦးအား မေးမြန်းရာ မ... (၂၃ နှစ်) နှင့်၎င်း၏ ညီမဖြစ်သူ မ.... (၁၉ နှစ်) တို့မှာ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က မိသားစုနှင့်အတူ ထမင်းစားခဲ့ကြောင်း၊ ယင်းနောက် ထမင်းဝိုင်းတွင် ဖခင်ဖြစ်သူက ဆိုဆုံးမစဉ် မ...(၁၉  နှစ်) အား ရိုက်နှက်ခဲ့သဖြင့် ညီအစ်မ နှစ်ဦးမှာ နေအိမ်မှ ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်သွားသဖြင့် လိုက်လံရှာဖွေရာ သုံးခွမြို့ရှိ ဘုရားဝင်း တစ်ခုအတွင်း တွေ့ရှိခဲ့သဖြင့် နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း၊ ခေါ်ဆောင်လာပြီးနောက် မ... (၂၃ နှစ်) နှင့် ညီမဖြစ်သူ မ... (၁၉ နှစ်) မှာ တစ်ညလုံးအော့အန်နေ၍ ထန်းရည်သောက်လာသည်ဟု ထင်မှတ်ခဲ့ကြောင်း၊ ထို့နောက် ဇန် နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် နှစ်ဦးလုံးနေအိမ်တွင် မခံမရပ်နိုင်ဖြစ်ကာ လူးလှိမ့်နေသဖြင့် မေးမြန်းရာ နှစ်ဦးလုံး စိတ်ညစ်ပြီး နေအိမ်ရှိ ကြွက်သတ်ဆေးအား သောက်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် မိသားစုဝင်များက ဆေးရုံသို့ ပို့ဆောင်ရန် ပြုလုပ်နေစဉ် မ...(၂၃ နှစ်) မှာ သေဆုံးသွားခဲ့ပြီး မ...(၁၉ နှစ်) မှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို သုံးခွမြို့မရဲခစန်းမှ သေမှုသေခင်း ရေးဖွင့်ထားပြီး ဆက်လက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                                      

 


READ NEXT
Cancel OK