Top News

■ အဲဗာတန်အတွက် အန်ဆယ်လော့တီ တာဝန်ကျေခဲ့သလား
24htopnews | October 31, 2024 12:12 AM CST

ဂူဒီဆင်ပတ်ခ်မှာရှိခဲ့တဲ့ (၁၈) လတာကာလအတွင်း အသင်းအပေါ် အန် ဆယ်လော့တီ တာဝန်ကျေခဲ့သလားဆိုရင် အသင်းပရိသတ်တွေကတော့ တညီတညွတ်တည်း ခေါင်းခါကြလိမ့်မယ်။ အန်ဆယ်လော့တီကို သွားမေးရင်လည်း ဒီမေးခွန်းကိုဖြေဖို့ သူကိုယ်တိုင် မဝံ့မရဲ ဖြစ်နေနိုင်ပါတယ်။

- အယ်နီညို

အန်ဆယ်လော့တီ။ ဒီနည်းပြက ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဆိုတာ သေချာတယ်။ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်(ယခင်ဥရောပဖလား)ကို သုံးကြိမ်ရဖူးတဲ့ နည်းပြ (၃)ယောက်ပဲ ရှိပါတယ်။ လီဗာပူးလ်ဂန္ထဝင် ဘော့ဘ်ပီစလေ၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အန်ဆယ်လော့တီတို့ဖြစ်ပါတယ်။ အခု သူကိုယ်တိုင် ချန်ပီယံလိဂ်တစ်ကြိမ်အပါအဝင် အောင်မြင်မှုတွေယူခဲ့ဖူးတဲ့ မက်ဒရစ်မြေကို အန်ဆယ်လော့တီ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ပြီ။ ပုံမှန်အတိုင်းဆို ရင်တော့ ရီးယဲလ်မက်ဒရစ်လို စူပါကလပ်အသင်းတစ်သင်းနဲ့ ထိပ်သီးနည်းပြတစ်ယောက်ရဲ့ပေါင်းစည်းမှုက ကြိုဆိုချင်စရာပဲ။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို ဖြစ်မလာခဲ့ဘူး။ အကြောင်းကတော့ ရီးယဲလ်က ဟိုတုန်းက ရီးယဲလ်မဟုတ်တော့သလို အန်ဆယ် လော့တီမှာလည်း နဂိုအရှိန်အဝါမျိုးမရှိတော့တာ ကြာခဲ့ပြီ။ အသင်းကြီးတွေ သည်းသည်းလှုပ်လိုချင်တဲ့ နည်းပြစာရင်းမှာ သူမပါတော့တာ ကြာပြီ။

ရီးယဲလ်ကို ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီးနောက် အန်ဆယ်လော့တီက ဘိုင်ယန်မြူးနစ်ကို ကိုင်တယ်။ ဘွန်ဒစ်လီဂါမှာ သူက အောင်မြင်မှု အသင့်အတင့်ရခဲ့သေးတယ်။ အဲဒီနောက် နာပိုလီ၊ အဲဗာတန်တို့ကို နည်းပြခဲ့ရာမှာတော့ သူဟာ ပရိသတ်တွေ မြင်ခဲ့ဖူးတဲ့ အန်ဆယ်လော့တီ ဟုတ်ရဲ့လားလို့ဆိုရလောက်အောင် မေးခွန်းထုတ်ခံခဲ့ရတယ်။ ဝေဖန်သူတချို့ကတော့ နာပိုလီနည်းပြဘဝကတည်းက သူ့ရဲ့အရှိန်အဝါတွေ ကျဆင်းသွားပြီလို့ ဆိုကြပါတယ်။ နေပယ်မှာ အန်ဆယ်လော့တီက (၁၆)လပဲ အလုပ်လုပ်ခဲ့တယ်။ ကိုယ်ပိုင်ဘောလုံးဒဿနနဲ့ရှိခဲ့တဲ့ ဆာရီရဲ့အသင်းကို ဆက်ခံရာမှာ လိုအပ်ချက်တွေရှိခဲ့တယ်လို့ ထောက်ပြခံခဲ့ရတယ်။ သူအပြည့်အဝကိုင်တွယ်ခဲ့တဲ့ရာသီမှာ နာပိုလီက စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄)နဲ့ (၈)မှတ်အကွာ အဆင့် (၇)ပဲရခဲ့တယ်။ ဒါကြောင့် နောက်ရာသီတစ်ဝက်မကျိုးခင်၂၀၁၉ ဒီဇင်ဘာအစောပိုင်းမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရတယ်။ ဒါပေမဲ့ အန်ဆယ်လော့တီက အလုပ်လက်မဲ့ဘဝနဲ့ (၁၁)ရက်ပဲနေခဲ့ရပြီး ပရီးမီးယားလိဂ်ကလပ် အဲဗာတန်က ၂၀၁၉ ဒီဇင် ဘာနှောင်းပိုင်းမှာ သူ့ကို နည်းပြအဖြစ် ခန့်အပ်လိုက်တယ်။

တကယ်တော့ အန်ဆယ်လော့တီက ကစား သမားဘဝမှာရော၊ နည်းပြအဖြစ်နဲ့ပါ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့သူပါ။ နည်းပြဘဝအတွင်း ချန်ပီယံလိဂ်(၃)ကြိိိမ်အပါအဝင် အဓိကဆုဖလား (၁၅)လုံးအထိ ရခဲ့တယ်။ အောင်မြင်မှုတင်မဟုတ်ဘဲ နည်းဗျူဟာပိုင်းအနေနဲ့လည်း သူက ဘောလုံးကမ္ဘာကို ဆန်းသစ်စေခဲ့သူတွေထဲက တစ်ဦးပါ။ နာမည်ကျော် အီတလီနည်းပြ အာရီဂိုဆက်ချီလက်အောက်မှာ အလုပ်လုပ်ဖူးတဲ့သူက ဘောလုံးလောကမှာ ထင်ရှားတဲ့ ခရစ္စမတ်သစ်ပင် ၄-၂-၃-၁  ကစားကွက်ကို တီထွင်ခဲ့သူဖြစ်ပါတယ်။ ဒီပုံစံနဲ့ အေစီမီလန်၊ ရီးယဲလ်မက်ဒရစ်၊ PSG နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အောင်မြင်ခဲ့တယ်။ ဒါကြောင့် အဲဗာတန်ကို သူကိုင်မယ်ဆိုတော့ အားလုံးက အံ့အားသင့်ခဲ့ကြတယ်။

အန်ဆယ်လော့တီမရောက်ခင် အဲဗာတန်က ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁၅)နေရာမှာရှိခဲ့ပြီး တန်းဆင်းဇုန်နဲ့ (၄)မှတ်ပဲကွာတဲ့နေရာအထိ ရောက်ခဲ့တယ်။ ဒီအသင်းက နောက်ဆုံး (၂၁)လအတွင်း နည်းပြ (၄)ယောက်အထိ အပြောင်းအလဲလုပ်ထားတဲ့အသင်းလည်းဖြစ်တယ်။ ဒါပေမဲ့ အန်ဆယ်လော့တီက ဂူဒီဆင်ပတ်ခ်ကို ရောက်ရောက်ချင်းမှာပဲ ပရိသတ်တွေရဲ့ယုံကြည်မှုကို အလျင်အမြန်ရခဲ့တယ်။ မာကိုဆေးလ်ဗားကို လွမ်းဆွတ်နေတဲ့အသင်းကို အနာဂတ်မှာ ခိုင်မာတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးမယ်လို့ သူက ကြွေးကြော်ခဲ့တယ်။ ရာသီကုန်မှာ သူက အဲဗာတန်ကို တန်းဆင်းဇုန်နဲ့ဝေးရာဆီ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ အန်ဆယ်လော့တီက လူမြင်ကွင်းမှာ စကားနည်းပြီး ကိန်းကြီးခန်းကြီးနိုင်တဲ့သူလို့ ထင်ရပေမဲ့ ပရိသတ်တွေက သူ့ကို တော်တော်လေး ချစ်ခင်ကြပြီး ယုံကြည်မှုလည်း ရှိကြတယ်။ ပိုအရေးကြီးတာကတော့ အသင်းဘုတ်အဖွဲ့ရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝရခဲ့တယ်။ အထူးသဖြင့် အသင်းရဲ့ အားကစားဒါရိုက်တာ မာဆဲလ်ဘရန့်နဲ့ ဆက်ဆံရေး အတော်လေးကောင်းမွန်ခဲ့တာကြောင့် ရာသီသစ်မှာ အသင်းကို စိတ်ကြိုက် ပြင်ဆင်ခွင့်ရခဲ့တယ်။

အဲဗာတန်အသင်းက အန်ဆယ်လော့တီကို စာချုပ်ခဲ့ချိန်မှာလည်း (၄)နှစ်ခွဲအထိ ကာလရှည် စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းကို ဥရောပထိပ်တန်း အဆင့်ကို ပို့ဆောင်ပေးဖို့ နှစ်ဖက်စလုံးက သဘော တူခဲ့ကြတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နွေမှာ ဝက်ဖို့ဒ် ကွင်းလယ်လူ ဒူကူဟေကို ပေါင်(၂၅)သန်းပေးပြီး ခေါ်တယ်။ အန်ဆယ်လော့တီနဲ့ နာပိုလီမှာတုန်းက လက်တွဲခဲ့ဖူးတဲ့ ဘရာဇီးလ်ကွင်းလယ်လူ အယ် လန်ကို ခေါ်ပေးခဲ့တယ်။ ခံစစ်ပိုင်းအတွက်လည်း နောဝစ်ချ်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဂေါ့ဖရေး ကို စျေးကြီးပေးပြီးခေါ် ခဲ့တယ်။ အကြီးမားဆုံး အပြောင်းအရွှေ့ကတော့ ရီးယဲလ်မက်ဒရစ်အ သင်းရဲ့ ကိုလံဘီယာအသင်းခေါင်းဆောင် ဟာ မီးစ်ရိုဒရီဂွက်စ်ကို ခေါ်ယူခဲ့တာပဲ။ ဒီအပြောင်းအ ရွှေ့အပေါ် အဲဗာတန်အသင်းဘုတ်အဖွဲ့ရော၊ ပရိ သတ်တွေပါ အများကြီး မျှော်လင့်ထားခဲ့ကြတာပါ။ အန်ဆယ်လော့တီအကူအညီမပါဘဲနဲ့ ဒီလိုကမ္ဘာ့ အဆင့်ကစားသမားတစ်ယောက်ကို ဂူဒီဆင် ပတ်ခ်မှာ မြင်ရဖို့ဆိုတာ မလွယ်ဘူးလေ။ တစ်ဖက် မှာ ဒီလိုကြယ်ပွင့်တွေကို တစ်ပြိုင်တည်း ခေါ်ယူ ခဲ့တာက အသင်းကို အခြေခံအုတ်မြစ် ခိုင်ခိုင်မာ မာနဲ့ တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်ကို မြင်ရ တယ်။  

၂၀၂၀-၂၁ ရာသီသစ်မှာ အန်ဆယ်လော့ တီရဲ့ ဂူဒီဆင်ပတ်ခ်ခရီးက ပန်းခင်းတဲ့လမ်းတွေ ဖြစ်ခဲ့တယ်။ အဲဗာတန်က ရာသီအစမှာ ပြိုင်ပွဲစုံအဖွင့်ပွဲ(၇)ပွဲစလုံး နိုင်ခဲ့တယ်။ အန်ဆယ်လော့တီကိုယ်တိုင်လည်း စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကိုရခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။  ရာသီဝက်မကုန်ခင် Boxing Day အထိ သူ့အသင်းက ပရီးမီးယားလိဂ်အဆင့်(၂)နေရာမှာရှိခဲ့တာကြောင့် ချန်ပီယံမျှော်လင့်ချက်အထိပါ ပရိသတ်တွေက ရင်ခုန်ခဲ့ကြတယ်။ အဲဗာတန်က ရာသီအစက ခြေစွမ်းကို ကာလရှည်ဆက်ထိန်းနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ပန်းခင်းတဲ့လမ်းက ပိုရှည်ကြာခဲ့တယ်။ အသင်းနဲ့ သူ့အကြား ပထမဆုံးအက်ကွဲကြောင်းပေါ်ခဲ့တာကတော့ ၂၀၂၁ ဇန်နဝါရီ (၃၀)ရက်နေ့က နယူးကာဆယ်ကို အိမ်ကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်အပြီးလို့ Sky Sports က ဆိုပါတယ်။ အဲဒီပွဲစဉ်မှာ အန်ဆယ်လော့တီက သူ့ရဲ့နည်းစနစ်တွေအပေါ်  မေးခွန်းထုတ်မှုတွေကို ငြင်းဆန်ခဲ့ပြီး ကစားသမားတွေရဲ့ ခြေစွမ်းမတည်ငြိမ်မှုနဲ့ စွမ်းဆောင်ရည်ကိုပဲ အသားပေးပြောဆိုခဲ့တယ်။ အဲဒီနောက်ပိုင်းကစားတဲ့ ပြိုင်ပွဲစုံ (၂၁)ပွဲမှာ အဲဗာတန်က (၈)ပွဲပဲ အနိုင်ရခဲ့ပြီး ရှုံးပွဲက (၈)ပွဲအထိ ရှိခဲ့တယ်။

ဒါပေမဲ့ ဒီကာလတွေမှာလည်း အသင်းပရိ သတ်တွေက အန်ဆယ်လော့တီအပေါ်  မေးခွန်းထုတ်မှု အနည်းငယ်လောက်ပဲရှိခဲ့ပြီး ရာသီကုန်မှာ အဆင့်(၁၀)ပဲ ရခဲ့တာတောင် ပြောလောက်အောင် ဝေဖန်သံတွေ မညံခဲ့ဘူး။ တကယ်တော့ ပွဲစဉ် (၃၀)ကျော် လောက်အထိ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်တဲ့ အနေအထားမျိုးမှာ ရှိခဲ့တာပါ။ နောက်ဆုံး (၁၃)ပွဲမှာ နိုင်ပွဲ (၃)ပွဲပဲရခဲ့လို့သာ ဥရောပဝင်ခွင်နဲ့ ဝေးရုံတင်မဟုတ်ဘဲ အဆင့် (၁၀)အထိ လျှောကျခဲ့ရတယ်။ ဒီအထိလည်း အဲဗာတန်ပရိသတ်တွေက လက်ခံနိုင်သေးတယ်။ သူတို့ မျှော်လင့်ထားတဲ့ ပန်းတိုင်အတွက် အချိန်ပေးရမယ်ဆိုတာ သူတို့ကောင်းကောင်း နားလည်ကြတယ်။ ဒါပေမဲ့ အသင်းကထွက်မယ်ဆိုတဲ့သတင်းတွေ ကြားချိန်မှာတော့ အဲဗာတန်ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲခဲ့တယ်။ သိပ်မကြာဘူး။ အန်ဆယ်လော့တီက အဲဗာတန်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး ရီးယဲလ်နဲ့ စာချုပ်ချုပ်ဆိုလိုက်တယ်။ ဒါက အဆုံးစွန်သောအခြေအနေ ဖြစ်သွားခဲ့တယ်။

အန်ဆယ်လော့တီက ရီးယဲလ်ဟာ သူ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေတဲ့အသင်းဖြစ်ပြီး ထင်မထားတဲ့အခွင့်အရေး ဖြစ်တာကြောင့် ဒီရာထူးကို လက်ခံခဲ့တာလို့ဆိုခဲ့ပေမဲ့ ဘယ်သူက လက်ခံနိုင်မှာလဲ။ ဒီအသင်းနဲ့ ဒီနည်းပြနဲ့ ရေရှည်အိပ်မက်တွေအတွက် အတူတကွ ထုဆစ်ပုံဖော်ခဲ့ကြတာပဲ။ The Guardian ရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်း အားကစားဒါရိုက်တာ မာဆဲလ်ဘရန့်က အန်ဆယ်လော့တီအတွက် တစ်နှစ်လုပ်ခပေါင် (၁၁.၅)သန်းအထိပေးထားသလို အသင်းမှာဆက်ရှိဖို့ ကမ်းလှမ်းမှုများစွာ လုပ်ခဲ့တယ်လို့ သိရပါတယ်။ မရတဲ့အဆုံးမှ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အသင်းနဲ့ စာချုပ် (၃)နှစ်ကျန်ရှိနေသေးတဲ့အပြင် အနာဂတ်မျှော်မှန်းချက်တွေ အတူထားရှိခဲ့သူတစ်ယောက်ကို ထွက်ခွာခွင့်ပြုဖို့ဆိုတာ သူတို့အတွက် ထင်သလောက် မလွယ်ခဲ့ဘူး။ ပြီးခဲ့တဲ့ မေလ (၁၈) ရက်နေ့ကမှ အန်ဆယ်လော့တီ ဒီလို ပြောခဲ့သေးတယ်။ ''ဒီနေရာမှာ ရှိနေရတာကို အရမ်းပျော်ပါတယ်။ အဲဗာတန်က ကျွန်တော့်အတွက် နေရာမှန်လို့ ခံစားရတယ်။ ဒီအသင်းကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့အသင်းဖြစ်အောင် ဖန်တီးပေးဖို့က ကျွန်တော့် ရည်မှန်းချက်ပါ''လို့ အန်ဆယ်လော့တီက ဆိုခဲ့တာပါ။

ဒီအချိန်မှာတော့ အန်ဆယ်လော့တီက အဲဗာတန်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြီ။ ပိုဆိုးတာက သူ့ရဲ့လက်ထောက်၊ ကြံ့ ခိုင်ရေးနည်းပြနဲ့ ဘောလုံးသုတေသနမှူးတွေပါ သူနဲ့အတူ လိုက်သွားမယ်လို့ သိရတယ်။ ပရိသတ်တွေကတော့ အခုလို အန်ဆယ်လော့တီ အချိန်ကိုက် အသင်းပြောင်းသွားတာက အသင်းရဲ့အနာဂတ်စီမံကိန်းတွေအားလုံးကို တကွဲတပြားဖြစ်အောင် လုပ်လိုက်တာလို့ပဲ ယူဆနေကြတယ်။ ဒီအသင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ တည်ငြိမ်မှုအနည်းဆုံး အသင်းတွေထဲမှာ ပါခဲ့တယ်။ အချိန်ကာလအနည်းငယ်အတွင်းမှာပဲ သူတို့ဟာ မာတီနက်ဇ်၊ ရော်နယ်လ်ကိုးမန်း၊ ဆမ်အလာဒိုက်စ်၊ မာကိုဆေးလ်ဗား၊ အန်ဆယ်လော့တီတို့လို ထိပ်တန်းနည်းပြတွေကို တစ်ယောက်ပြီးတစ်ယောက် ခန့်ခဲ့တယ်။  အန်ဆယ်လော့တီလက်ထက်မှာ တည်ငြိမ်ပြီလို့ယူဆကာမှ ဒီနည်းပြကလည်း ရီးယဲလ်ရဲ့ဆွဲဆောင်မှုနောက် လိုက်သွားခဲ့လို့ သူတို့ အသည်းကွဲရပြန်ပြီ။

အန်ဆယ်လော့တီကတော့ အသင်းနဲ့ လမ်း ခွဲပြီးချိန်မှာ ''အသင်းဘုတ်အဖွဲ့ဒါရိုက်တာတွေ၊ ကစားသမားတွေနဲ့ ဒီအသင်းမှာရှိစဉ်ကာလအတွင်း ကျွန်တော့်အပေါ် မယုံကြည်နိုင်လောက်အောင် ထောက်ပံ့ခဲ့ကြသူတွေအားလုံးကို ကျေးဇူး တင်ပါတယ်။ အဲဗာတန်အသင်းနဲ့ သက်ဆိုင်သူအားလုံးအပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ သူတို့အနေနဲ့ အနာဂတ်မှာ စိတ်လှုပ်ရှားဖွယ် အခွင့်အရေးကောင်းတွေ ရစေဖို့ မျှော်လင့်ပါတယ်''လို့ နှုတ်ဆက်စကားဆိုခဲ့တယ်။  သတင်းတွေအရ အဲဗာတန်ပရိသတ်တွေအတွက်တော့ အန်ဆယ်လော့တီကိုသာမက သူ့ရဲ့တပည့်လည်း ဖြစ်၊ အသင်းရဲ့ အဓိကကစားသမားလည်းဖြစ်တဲ့ ဟာမီးစ်ရိုဒရီဂွက်စ်ကိုပါ လက်လွှတ်ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဒီတော့ ဂူဒီဆင်ပတ်ခ်မှာရှိခဲ့တဲ့ (၁၈) လတာကာလအတွင်း အသင်းအပေါ် အန် ဆယ်လော့တီ တာဝန်ကျေခဲ့သလားဆိုရင် အသင်းပရိသတ်တွေကတော့ တညီတညွတ်တည်း ခေါင်းခါကြလိမ့်မယ်။ အန်ဆယ်လော့တီကို သွားမေးရင်လည်း ဒီမေးခွန်းကိုဖြေဖို့ သူကိုယ်တိုင် မဝံ့မရဲ ဖြစ်နေနိုင်ပါတယ်။

Reference : Sky Sports, The Guardian


READ NEXT
Cancel OK