Top News

ပုသိမ်-ရန်ကုန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဗိုလ်မြတ်ထွန်းတံတားအား ရက်၂၀ ခန့် ပိတ်ထားမည်
24htopnews | October 30, 2024 11:12 PM CST

ပုသိမ်-ရန်ကုန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပေ ၃၀ အကျယ်ရှိ ကွန်ကရိလမ်း ခင်းကျင်းနေစဉ်အတွင်း ဗိုလ်မြတ်ထွန်းတံတားအား ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ရက် ၂၀ ခန့် အကြာအထိ ယာယီပိတ်ထားမည်ဖြစ်ပြီး လမ်းလွဲအဖြစ် ဧရာဝတီတံတား (ညောင်တုန်း) မှသွားလာပေးရန် လမ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ပုသိမ်-ရန်ကုန် လမ်းမကြီးအား ရန်ကုန်မြို့အထွက်မှ စတင်ကာ ဗိုလ်မြတ်ထွန်းတံတားအထိ ပေ ၃၀ အကျယ် ကွန်ကရိလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း၊ ရှေ့ပြေးလုပ်ဆောင်မှုအဖြစ် ဗိုလ်မြတ်ထွန်းတံတား အဆင်း မိုင်တိုင် ၄၀/၇ မှ မိုင်တိုင် ၄၁/၃ အထိ နေရာအား ပေ ၃၀ အကျယ် ကွန်ရိလမ်း ခင်းကျင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်မည် ဖြစ်သောကြောင့် ဗိုလ်မြတ်ထွန်းတံတားအား ပိတ်ထားပြီး ယာယီလမ်းလွဲဖြစ်သည့် ဧရာဝတီတံတား (ညောင်တုန်း)မှတဆင့် သွားလာစေခြင်း ဖြစ်ကြောင်း၊ ကွန်ကရိခင်းကျင်းခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးပါက မူလပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ခန့်မှန်း ရက် ၂၀ ကျော်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

“ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းထဲက စပိတ်မယ်၊ မော်တော်ယာဉ်တွေကို ဧရာဝတီတံတားဖက်ကနေ ဖြတ်သန်းသွားလာဖို့ အသိပေးထားပါတယ်၊ ဟင်္သာတဖက်ကို လမ်းခွဲကနေ ဖြတ်သန်းပြီးတော့ ဧရာဝတီတံတားကနေ ပန်းတနော်ဖက်ကို ဖြတ်သန်းဖို့ လမ်းကြောင်းဖွင့်ပေးထားပါတယ်၊ လုပ်ငန်းခွင် လုပ်ဆောင်ချိန်အတွင်း ယာယီပိတ်ထားမှာပါ ရက် ၂၀ ကျော်တော့ ကြာမြင့်ပါလိမ့်မယ်၊ ကွန်ကရိခင်းတဲ့ လုပ်ငန်းစဉ် ပြီးတာနဲ့ ပြန်ဖွင့်ပေးမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

BOT စနစ်ဖြင့် အငှါးချထားခဲ့သည့် ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ ဆိုးဝါးစွာ ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရမှ ယာယီပြန်လည်သိမ်းယူကာ ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဆက်လက် အဆင့်မြှင့်တင်နိုင်ရေးအတွက် ADB ချေးငွေများ ရရှိနိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ADB ချေးငွေဖြင့် အဆင့်မြှင့်ခြင်း လုပ်ငန်းများမှာ ညှိနှိုင်းမှုများအရ ကြာမြင့်ဦးမည် ဖြစ်သဖြင့် လမ်းဦးစီးဌာနမှ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ကနဦး ပေ ၃၀ အကျယ်ရှိ ကွန်ကရိလမ်းကို ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး ဗိုလ်မြတ်ထွန်းတံတား ချဉ်းကပ်တံတားအရင်းအထိ စတင်ခင်းကျင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၇ မိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၄ မိုင်ပါဝင်ကြောင်း၊ လမ်းပိုင်းအဆင့်မြှင့်တင်မှုအား စတင်လုပ်ဆောင်နေလျက်ရှိပြီး ၂၀၂၀ ခုနှစ် ဇွန်လအလယ်ပိုင်းတွင် ကွန်ကရိခင်းကျင်းမှု လုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK