Top News

(၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ
24htopnews | October 30, 2024 11:12 PM CST

(၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကို မန္တလေးမြို့၊ ကန်တော်ကြီးလူထုအပန်းဖြေဥယျာဉ်တွင်  ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ညပိုင်းတွင်လည်း တေးဂီတအဖွဲ့များမှ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အရင်နှစ်နဲ့မတူဘဲ ဒီနှစ်မှာ ပိုပြီးတော့ ထူးခြားစွာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်။ ဆောင်ရွက်တဲ့အခါမှာ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပုံမှန်နှစ်စဉ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေစတယ်။ ဒီနှစ်မှာတော့ ဇန်နဝါရီလ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ပြောင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုပြောင်းပြီးဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ကန်တော်ကြီးအတွက် ပျိုးပင်လှပဖို့အတွက် သာယာဖို့အတွက် စိမ်းလန်းသာယာဖို့အတွက် ဆောင်ရွက်ရပါတယ်” ဟု ဦးစောဟန်(ကော်မတီဝင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ) က ပြောသည်။

“ဒီနှစ်မှာပိုပြီးထူးခြားတာက ဒီပြိုင်ပွဲကိုလာတဲ့ သူတွေကို သူတို့ကြိုက်တဲ့အပင်တွေ အခမဲ့ ပေးဝေသွားမှာဖြစ်ပါတယ်။ အဲလိုပေးဝေရတာက မြို့တော်အတွက် စိမ်းလန်းသာယာဖွံ့ဖြိုးတိုးတက်အောင်၊ အပင်ချစ်တဲ့စိတ်၊ ပြန်လည်ပြီးတော့စိုက်ပျိုးအောင် အဓိကပေးအပ်ခြင်းဖြစ်ပါတယ်”ဟု ဦးစောဟန် က ဆက်ပြောသည်။

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး ပျိုးဥယျာဉ်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ ပန်းပျိုးပင် ၃၀၀၀၀ လက်ဆောင်ပေးခြင်းကို လူတစ်ဦးလျှင် တစ်ပင်နှုန်းဖြင့် ပေးဝေခဲ့​သည်။

ပြိုင်ပွဲအမျိုးအစားတွင် ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ခွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပသစ်ခွပြိုင်ပွဲ(စင်ဘီးယမ်းပြိုင်ပွဲ)၊ ပြည်ပသစ်ခွပြိုင်ပွဲ(ဗန်ဒါပြိုင်ပွဲ)၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ၊ ရှားစောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ(ဘွန်ဆိုင်းပြိုင်ပွဲ)၊ အသီးပါသည့် အလှပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်အရွက်ပြိုင်ပွဲ (ဥပမာ- မုန်ညင်းရွက်)၊ ဟင်းသီးဟင်းရွက်အထုပ်ပြိုင်ပွဲ(ဥပမာ- ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ ဟင်းသီးဟင်းရွက်ဥပြိုင်ပွဲ (ဥပမာ- မုန်လာဥ)၊ ဟင်းသီးဟင်းရွက်အသီးပါအပင်ပြိုင်ပွဲ(ဥပမာ-ခရမ်း၊ ငရုတ်)၊ သစ်သီးပြိုင်ပွဲ(ဥပမာ-သင်္ဘောသီး၊ ဖရဲသီး)၊ ဟင်းသီးအသီးအလုံးလိုက်ပြိုင်ပွဲ(ဥပမာ-ဘူးသီး) ၊သစ်သီးဝလံအခိုင်လိုက်ပြိုင်ပွဲ(ဥပမာ- ငှက်ပျောခိုင်၊ အုန်းသီးခိုင်)၊ သစ်သီးဝလံဥပြိုင်ပွဲ(ဥပမာ- စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီး အသီးအနှံအတွဲလိုက်ပြိုင်ပွဲ(ဥပမာ-ခရမ်းချဉ်သီး)၊ သစ်သီးပုံဖော်အလှဆင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ စုစုစုပေါင်း ၂၃ မျိုးပါဝင်ကြောင်း၊ ပထမဆု ကျပ် ၂သိန်း၊ ဒုတိယဆု ကျပ် ၁ သိန်းခွဲ၊ တတိယဆု ကျပ် ၁ သိန်း၊ နှစ်သိမ့်ဆု(၁)ဆု ကျပ်သုံးသောင်း ချီးမြှင့်ကြောင်း သိရသည်။

ပြခန်းများအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းအပါအဝင် စုစုပေါင်းပြခန်းပေါင်း ၁၈ ခန်းပါဝင်​သည်။ ကျင်းပရခြင်း ရည်ရွယ်ချက်သည် မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေး လုပ်ငန်းများအတွက် ပြည်သူလူထု စိတ်ပါဝင်စားလာစေရန်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများ ဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် မျိုးကောင်းမျိုးသန့်များပြန်ပွားလာစေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်မျိုးကောင်းများကို အိမ်တိုင်း အိမ်တိုင်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် အတွက်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK