Top News

ထရာမီမုန်တိုင်းမိုးကြောင့် တရုတ်၏ ဟာဝိုင်အီ ရေအောက်ရောက်
24htopnews | October 30, 2024 4:12 PM CST

တရုတ်၏ ဟာဝိုင်အီဟု သိကြသော နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ်တွင် သုံးရက်ဆက် မိုးကြီးခဲ့ပြီး နောက်မုန်တိုင်းတစ်လုံးကလည်း ပြည်နယ်ကို ဝင်ရောက်ဖြတ်သန်းရန် ရှိနေပြန်သည်။ စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ခဲ့သော ရာသီဥတုကြောင့် တစ်နှစ်အတွင်း ကျွန်းတစ်ဝက် ရေမြုပ်သွားသည်။

အုန်းပင်များ၊ ကမ်းစပ်ဟိုတယ်များနှင့် သဲသောင်ပြင်များကြောင့် နာမည်ကြီးသော Sanya အပါအဝင် ဟိုင်နန်၏ မြို့ကြီးများသည် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် အောက်တိုဘာ ၂၉ ရက်တွင် ရေနစ်မြုပ်နေခဲ့သည်။ အောက်တိုဘာ ၂၈ ရက်က Sanya တွင် ၂၄ နာရီအတွင်း ရွာခဲ့သောမိုးရေချိန်သည် ၂၀၀၀ ပြည့်နှစ်ကစ၍ အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သော မည်သည့် မိုးရေချိန်နေ့ထက်မဆို အများဆုံးဖြစ်ခဲ့သည်။

ဖိလစ်ပိုင်တွင် လူ ၁၂၅ ဦးထက်မနည်း ‌ေ-သဆုံးကာ ၂၈ ဦးကို ပျောက်ဆုံးစေခဲ့သော ထရာမီသည် တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးနောက် အောက်တိုဘာ ၂၇ တွင် ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည်။

ထရာမီသည် ဟိုင်နန်ပြည်နယ်ကို တိုက်ရိုက်ဝင်ရောက်ခြင်း မရှိခဲ့သော်လည်း တရုတ်အာဏာပိုင်များက မုန်တိုင်းကို လျှော့တွက်ခြင်းမပြုဘဲ ငါးဖမ်းလှေအားလုံးကို ကမ်းသို့ ပြန်ခေါ်ခဲ့ကာ လူပေါင်း ၅၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့သည်။

စက်တင်ဘာလက ဟိုင်နန်ကို အားပြင်း စူပါတိုက်ဖွန်း ယာဂီ ဖြတ်သန်းတိုက်ခတ်ခဲ့မှုမှသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း ရှန်ဟိုင်းကို အားအပြင်းဆုံး အပူပိုင်း ဆိုက်ကလုန်း ဝင်ရောက်တိုက်ခတ်ရန်ရှိနေမှုအပါအဝင် တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်ခုလုံးသည် ၂၀၂၄ ခုနှစ်တွင် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ၏ စမ်းသပ်မှုကို ခံခဲ့ရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်သော ဥတုရာသီဖောက်ပြန်ခြင်းများ ကြုံတွေ့ရနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးသည်။

“အောက်တိုဘာလမှာ နိုင်ငံတစ်ဝန်း ပျှမ်းမျှမိုးရွာသွန်းမှုဟာ အရင်နှစ်တွေက ကာလတူထက် ၆ ဒဿမ ၃ ရာခိုင်နှုန်း ပိုများပါတယ်” ဟု အမျိုးသားရာသီဥတု ဗဟိုဌာနမှ အကြီးတန်းအရာရှိ ဒေါက်တာ Jia Xiaolong က အောက်တိုဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်နိုင်ငံ ဘိုဟိုင်ပင်လယ်တစ်လျှောက် ရေပြင်သည် မည်သည့်လေမျိုးမှ တိုက်ခတ်ခြင်းမရှိဘဲ နာရီပိုင်းအတွင်း ၁၆၀ စင်တီမီတာအထိ သိသိသာသာ မြင့်တက်ခဲ့သောကြောင့် တီယန်ကျင်းမြို့လမ်းများနှင့် မြောက်ပိုင်းပြည်နယ်များဖြစ်သော ဟူပေနှင့် လျောင်နင်ရှိ မြို့များစွာကို ရေလွှမ်းစေခဲ့သော ဒီလှိုင်းကြီးတက်ခဲ့သည်။

“ပင်လယ်ရေပြင်ကျယ်ကြီးကို နေရာတစ်နေရာဆီ တွန်းပို့ဖို့ စွမ်းအင်ဘယ်လောက်တောင်လိုအပ်မယ်ဆိုတာ တွေးကြည့်ဖို့ ခက်ပါတယ်” ဟု အမျိုးသား အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ခန့်မှန်းရေးစင်တာမှ တာဝန်ရှိသူ မစ္စတာ ဖူစီဖူးက ရှင်းဟွာသတင်းဌာနကို ပြောကြားခဲ့သည်။

သမိုင်းကြောင်းအရ ရေကြီးမှုဖြစ်စဉ်မျိုးသည် တရုတ်နိုင်ငံအတွက် အထူးအဆန်းမဟုတ်သော်ငြားလည်း စံချိန်တင်မိုးရွာသွန်းမှုများကြောင့် လူနေထူထပ်သော မြို့ကြီးများ ရေလွှမ်းခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီးခြင်းနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခြင်းများကြောင့် ၎င်း၏ ကြိုတင်ကာကွယ်မှု အခြေခံအဆောက်အအုံနှင့် အရေးပေါ်တုန့်ပြန်ရေးအစီအစဉ်များသည် ဖိအားတိုးမြင့်လာလျက်ရှိသည်။

ယခုနှစ် နွေရာသီတွင် သဘာဝဘေးပြန်လည်ထူထောင်ရေး အစီအစဉ်များတွင်း တရုတ်၏ တောင်ပိုင်းမှသည် အရှေ့မြောက်ပိုင်းအထိ ဒေသအများအပြား၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးရန် အာဏာပိုင်များသည် ဒေါ်လာဘီလျံများစွာ ထပ်လောင်းထည့်ဝင်ရမည်ဖြစ်သည်။

ဇူလိုင်လတွင် နိုင်ငံသည် သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု ယွမ် ၇၆ ဒဿမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၃ ဘီလျံ )ရှိခဲ့ပြီး ယင်းအနက် ၈၈ ရာခိုင်နှုန်းသည် တိုက်ဖွန်း ဂေမီကြောင့် ဖြစ်ခဲ့သည့် မိုးသည်းထန်မှုများ၊ ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်


READ NEXT
Cancel OK