Top News

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှ လယ်သိမ်းခံရသောလယ်သမားများက လယ်ယာမြေများပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆို
24htopnews | October 30, 2024 8:13 AM CST

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှ လယ်သိမ်းခံရသော လယ်သမားများက လယ်ယာမြေများပြန်လည်ရရှိစေရန် ဆန္ဒပြတောင်းဆိုပွဲကို ဖေဖော်ဝါရီ ၅ရက်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ၁၂၄ ရပ်ကွက်အားကစားကွင်းဆောက်လုပ်ရာ နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်သမားများက ‘လယ်သမားတွေက ကျေနပ်လို့ပေးခဲ့တာမဟုတ်ဘူး။ အမွေလည်း ပေးခဲ့တာမဟုတ်ဘူး။ မတရားအသိမ်းခံထားရတာ စားစရာမရှိတဲ့ လယ်သမားကို ထားစရာမရှိတဲ့သူနဲ့ တရားရုံးမှာ တက်ရှင်းခိုင်းတော့ ကျွန်တော်တို့နိုင်ငံ မေတ္တာတရား ခေါင်းပါးလွန်းတယ်။ အကြင်နာတရားမဲ့လွန်းတယ် ’ စသည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါသော ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် သိမ်းဆည်းခံလယ်ယာမြေများကို မူလပိုင်ရှင်လယ်သမားများထံသို့ မှန်မှန်ကန်ကန်စိစစ်ပြီး ပြန်လည်အပ်နှံပေးရန်လိုကြောင်း ဆန္ဒပြပွဲကိုဦးဆောင်သူ လယ်သမားကြီး ဦးနိုင်ဝင်းအာင်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မေတ္တာရပ်ခံချင်တာက မြေလွတ်မြေရိုင်းမြေလပ်မြေကျန် လယ်ယာမြေများကို မူလပိုင်ရှင်လယ်သမားများထံသို့ အမြန်ဆုံးပြန်လည်ပေးအပ်ဖို့ ပြောချင်ပါတယ်။ အစိုးရခေတ်အဆက်ဆက်က သိမ်းခဲ့တဲ့ လယ်မြေများကို အမေတို့ အနေနဲ့ နစ်နာကြေးလျော်ကြေးများ လယ်သမားများကိုပေးဖို့ လယ်သမားအားလုံးရဲ့ ကိုယ်စားတောင်းဆိုချင်ပါတယ်” ဟု လယ်သမားကြီး ဦးနိုင်ဝင်းအောင်က ပြောကြားသည်။

လယ်သိမ်းခံရသောကြောင့် လယ်သမားများမှာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အချို့လယ်သမားများမှာ လုပ်စရာလယ်ယာမြေ မရှိတော့သဖြင့် စက်ရုံအလုပ်ရုံများ၌ နေ့စားဝန်ထမ်းဝင်ရောက် လုပ်ကိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၂၄ ရပ်ကွက် မင်းရဲကျော်စွာလမ်း ကွင်းအမည်အလံ အုတ်ကွင်းကွင်းပိုင်အမှတ် ၄၇၅ရှိ လယ်မြေ ၁၄ ဒသမ ၇၀ ဧကအား ၁၉၉၁ ခုနှစ်တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းယူခဲ့ပြီး ၄ ဒသမ ၈ ဧကမှာ စီမံကိန်းဖော်ဆောင်ခြင်းမပြုဘဲ ကျန်ရှိခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ထပ်မံသိမ်းယူကာ ရပ်ကွက်အားကစားကွင်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။                                       


READ NEXT
Cancel OK