တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဆုကြေးငွေစုစုပေါင်း ဒေါ်လာတစ်သန်းစီချီးမြှင့်မည့် ထိုင်း အိုးပင်းပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် တိုကျိုအိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ရန် သတ်မှတ်ထားရာ ကမ္ဘာ့နိုင်ငံအနှ့ံအပြားမှ ကြက်တောင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိပြီး သက်ထားသူဇာမှာလည်း ဇန်နဝါရီတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲနှစ်ခုအတွက် စာရင်းပေးသွင်းထားခြင်းဖြစ်သည်။
သက်ထားသူဇာသည် Grade-2 အဆင့်ရှိ HSBC BWF World Tour Super 1000 ပြိုင်ပွဲများဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် Yonex Thailand Open ပြိုင်ပွဲ၊ ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် Toyota Thailand Open ပြိုင်ပွဲ တွင် ယှဉ်ပြိုင်ခွင့်ရရန် စာရင်းပေးသွင်းထားခြင်းဖြစ်သည်။ သို့သော် ယင်းပြိုင်ပွဲနှစ်ခုတွင် ပြိုင်ပွဲဝင်ကစား သမားအရေအတွက် များပြားသောကြောင့် သက်ထားသူဇာအနေဖြင့် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဘဲ ၃၂ ဦးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရထားသည့် ကစားသမားများ နုတ်ထွက်မှသာ အစားထိုး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
သက်ထားသူဇာ သည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြည်ပခရီးသွားလာရန် အခက်အခဲများရှိနေပြီး ဇန်နဝါရီတွင်ကျင်းပမည့် ပြိုင်ပွဲများ အနက် အိမ်နီးချင်းထိုင်းနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
"ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တဲ့အတွက် ပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့ စီစဉ်ရတာ အခက်အခဲအများကြီး ရှိပါတယ်။ အရင်တုန်းက ဇန်နဝါရီကစပြီး ပြိုင်ပွဲတွေတောက်လျှောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီစဉ်ရတာ အဆင် မပြေပါဘူး။ ဇန်နဝါရီမှာကျင်းပမယ့် ပြိုင်ပွဲတွေထဲက ထိုင်းအိုးပင်းပြိုင်ပွဲ နှစ်ခုမှာ ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ခွင့်ရတဲ့ ကစားသမားစာရင်းကို ထုတ်ပြန်ရာမှာ တိုက်ရိုက်ဝင်ခွင့်မရဘူးလို့ သိရပါတယ်။ ၃၂ ဦးအဆင့်မှာ ယှဉ်ပြိုင်ခွင့်ရထားတဲ့သူထဲက နုတ်ထွက်မယ့်သူတွေရှိမှ အစားထိုးယှဉ်ပြိုင်ခွင့်ရမှာပါ။ ကျွန်တော့်သမီးလို ပြိုင်ပွဲဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရတဲ့သူတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဝင်ခွင့်ရခဲ့ရင် တောင် ခရီးသွားလာဖို့ ကိစ္စတွေအတွက် အများကြီး ဆောင်ရွက်ရဦးမှာပါ။ ကပ်ရောဂါကာလဖြစ်နေတဲ့အတွက် စီစဉ်ရတာ အရမ်းကိုခက်ခဲပါတယ်။ ဝင်ခွင့်ရထားတဲ့ ကစားသမားတွေ နုတ်ထွက်မထွက်ကတော့ ဒီလကုန်ပိုင်းလောက်ဆိုရင် သိရမှာပါ" ဟု သက်ထားသူဇာ၏ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက ဖေဖော်ဝါရီမှသာ ပြိုင်ပွဲများယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေနှင့် ခရီး သွားလာနိုင်မှုအပေါ်မူတည်၍ ပြိုင် ပွဲများ ယှဉ်ပြိုင်ရန် စီစဉ်သွားမည်ဖြစ် ပြီး အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်