Top News

လျော်ကြေးကိစ္စ ညှိနှိုင်းမှုမပြေလည်သောကြောင့် အုတ်ကျင်းစက်ရုံမှ အလုပ်သမား ၃၀၀ ခန့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ
24htopnews | October 30, 2024 8:13 AM CST

ကျော်ထက်ကျော်ကုမ္ပဏီလီမိတက် နှစ်ရှည်ငှားရမ်း လုပ်ကိုင်နေသည့် အုတ်ကျင်းဂုန်နီစက်ရုံနှင့် အုတ်ကျင်းလျှော်ရွေး လျှော်ထုတ်စက်ရုံ ဂုန်လျှော်လုပ်ငန်းပိတ် သိမ်းရပြီး အလုပ်သမားများ ထုတ်ပယ်ခဲ့ရာတွင် လျော်ကြေးကိစ္စညှိနှိုင်းမှု ပြေလည်မှု မရရှိသည့်အတွက် စက်ရုံအလုပ်သမားဟောင်း ၃၀၀ ခန့်က ဖေဖော်ဝါရီ ၅ရက်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ဆန္ဒပြခဲ့သည်။

အဆိုပါ စက်ရုံအလုပ်သမားဟောင်းများအနေဖြင့် အလုပ်ထုတ်ပယ်ခံရပြီးနောက်ပိုင်း သုံးကြိမ်မြောက် ဆန္ဒပြခြင်းဖြစ်ပြီး ယခုအကြိမ် တောင်းဆိုချက်များတွင် အလုပ်ခွင် တည်မြဲမှုရရှိရေးအပြင် ငှားရမ်းစာချုပ် ချိုးဖောက်သော ကျော်ထက်ကျော်ကုမ္ပဏီအား လယ်။ ဆည်ဝန်ကြီးဌာနမှ အမြန်အ ရေးယူပေးရေးနှင့် ကျော်ထက်ကျော်ကုမ္ပဏီမှ ငှားရမ်းထားသော ဂုန်နီ။လျှော်ရွေးစက်ရုံများကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူရေး စသည့်တောင်းဆိုချက်များ ပါဝင်လာသည်။

ကုမ္ပဏီမှ အလုပ်သမား ၃၁၄ ဦးအား ဇန်နဝါရီ  ၉ ရက်တွင် အလုပ်မှထုတ်ပယ်ခဲ့ပြီး ဝန်ထမ်းများ၏ အလုပ်ရပ်စဲမှုနစ်နာကြေးများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် နစ်နာကြေးနှုန်းထားများအတိုင်း လျော်ကြေးခြောက်လစာအား ထုတ်ပယ်သည့်နေ့မှ စတင်၍ စက်ရုံဘက်မှ ပေးချေခဲ့သည်။

ကုမ္ပဏီဘက်မှ အလုပ်အကိုင် ပြန်လည်ခန့်ထားရန် အစီအစဉ်မရှိဘဲ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်တွင် နှစ်ဖက်ညှိနှိုင်းခဲ့ပြီး အလုပ်သမားများဘက်က နှစ်နှစ် ၂၄ လစာ လျော်ကြေးပေးရန် တောင်းဆိုခဲ့ပြီး ကုမ္ပဏီဘက်မှ ကိုးလစာအထိသာ နောက်ဆုံးထား၍ တိုးပေးခဲ့သောကြောင့် ပြေလည်မှုမရရှိခဲ့ပေ။

“ငါတို့က ၃၄ သိန်းနဲ့ ၅ သောင်းကို ၃၀ အထိလျှော့ထားတယ်။ ပထမအဆင့်အနေနဲ့ သူတို့က မတိုးလာဘူး။ ကိုးလစာပဲ သူတို့တိုးလာခဲ့ရင် ငါတို့ကလည်း လျှော့ဖို့က အစီအစဉ်ရှိတယ်။ သူတို့က တင်းခံနေတဲ့အတွက် ညှိနှိုင်းမှုက ပျက်သွားတယ်”ဟု လျော်ကြေးကိစ္စညှိနှိုင်းမှု ပြေလည်မှုမရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးစိုးလွင်က ပြောကြားသည်။

စက်ရုံအား ယခင်အစိုးရထံမှ လွှဲပြောင်းယူပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းမလုံလောက်ခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ စျေးကွက်မရှိခြင်းတို့ကြောင့် နှစ်နှစ်ခွဲ အကြာတွင် ကုန်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခလစာဖြင့် လစာပေးထားခဲ့ကာ ၂၀၁၈ ခုနှစ် သြဂုတ်တွင် စက်ရုံလုပ်ငန်းများ ပိတ်သိမ်းခဲ့ရသည်။

ယင်းစက်ရုံနေရာအား ဌာနမြေအမည်ပေါက်၍ လုပ်ငန်းအသစ် ပြန်လည်စတင်လာသည့်အချိန်တွင် လုပ်ငန်းပိတ်သိမ်းခြင်းကြောင့် အလုပ်ရပ်စဲသွားသော ဝန်ထမ်းများအတွင်းမှ အရည်အချင်းပြည့်မီသော ဝန်ထမ်းများကို ဦးစားပေးရွေးချယ်ခန့်ထားပေးမည်ဖြစ်ပြီး စက်ရုံဝင်းအတွင်း နေထိုင်သည့် ဝန်ထမ်းမိသားစုများအား ချက်ချင်းဖယ်ရှားမည် မဟုတ်ဘဲ အနည်းဆုံး တစ်နှစ်၊ အများဆုံး နှစ်နှစ် နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် စက်ရုံပိတ်သိမ်းရခြင်းအကြောင်းရင်းများ နှင့် အလုပ်သမားများအတွက် နစ်နာချက်များနှင့်ပတ်သက်၍ ပြန်လည်လျော်ကြေးပေးရန် အစီအစဉ်များအား ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကျော်ထက်ကျော်ကုမ္ပဏီထံသို့ ၁၂၅ ဒသမ ၂၂ ဧကရှိသော စက်ရုံမြေအား နှစ်ရှည်ငှားရမ်းခဲ့ပြီး စက်ရုံစတင်ငှားရမ်းစဉ်က ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော ငှားရမ်းရေး သဘောတူစာချုပ်၏ ရည်ရွယ်ချက်ကဏ္ဍ၌ ဝန်ထမ်းများအနေနှင့်လည်း နိုင်ငံတော်မှပေးသော လစာထက်ပိုမိုများပြား သောလစာနှင့် အခွင့်အရေးများ ရရှိလာနိုင်စေရန်ဟူသော အချက်ပါဝင်သည်။                 


READ NEXT
Cancel OK