Top News

အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့် (၃) နေရာတွင်ဆက်ရှိပြီး မြန်မာစက်မှုကုန်ထုတ်လုပ်ငန်းများ အသင့်အတင့်နှုန်းဖြင့် ဆက်လက်တိုးတက်နေ
24htopnews | October 30, 2024 8:13 AM CST

၂၀၁၉ ခုနှစ် ဇန်နဝါရီလ အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း PMI (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း)တွင် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် (၃) နေရာတွင် ဆက်ရှိပြီး မြန်မာစက်မှုကုန်ထုတ်လုပ်ငန်းများ အသင့်အတင့်နှုန်းဖြင့် ဆက်လက်တိုးတက်လာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော IHS Markit စစ်တမ်းဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဖိလစ်ပိုင်နိုင်ငံက ၅၂ ဒသမ ၃၊ ဗီယက်နမ်နိုင်ငံက ၅၁ ဒသမ ၉၊ မြန်မာနိုင်ငံက ၅၁ ဒသမ ၉၊ ထိုင်းနိုင်ငံက ၅၀ ဒသမ ၂၊ အင်ဒိုနီးရှားနိုင်ငံက ၄၉ ဒသမ ၉၊ မလေးရှားနိုင်ငံက ၄၇ ဒသမ ၉၊ စင်ကာပူနိုင်ငံက ၄၅ ဒသမ ၆ ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်၌ ၂၀၁၈ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလဆက်တိုက်ရောက်ရှိခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ အဆင့်(၃)နေရာသို့ ပြန်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေး အရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့်လေး၊ ဇွန်တွင် အဆင့်ခြောက်၊ ဇူလိုင်လမှစတင်ကာ စက်တင်ဘာလအထိ အဆင့်ခုနစ်၊ အောက်တိုဘာတွင် အဆင့်ခြောက်၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့်  ဇန်နဝါရီတွင် အဆင့် (၃) နေရာသို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုစစ်တမ်းတွင် ပါဝင်သော နိုင်ငံပေါင်းခုနစ်နိုင်ငံအနက် လေးနိုင်ငံမှာ ဇန်နဝါရီလအတွင်း ကုန်ထုတ်လုပ်ရေးအခြေအနေများ တိုးတက်လာသော်လည်း ကျန်နိုင်ငံများမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍအခြေအနေများ နှေးကွေးကျဆင်းနေကြောင်း အချက်ပြနေသည်။ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုဖိအားများ အားပျော့လာခဲ့၍ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အောက်တိုဘာလ၏ ကျဆင်းမှုမှနေပြီး ပြန်လည်ဦးမော့လာနိုင်ခဲ့ခြင်းဖြင့် တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရေနံစျေးနှုန်းကျဆင်းလာသည့်အတွက် ထည့်သွင်းကုန်စရိတ်များလည်း ကျဆင်းခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်စေခဲ့သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း လုပ်ငန်းအခြေအနေများမှာ ဇန်နဝါရီလတွင် တတိယမြောက်လအဖြစ် ဆက်တိုက်တိုးတက်လာခဲ့ပြီး နောက်ဆုံးစစ်တမ်းကို ခြုံကြည့်လျှင် အသင့်အတင့်တိုးတက်မှုကို အချက်ပြနေကာ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များဆက်တိုက်ဦးမော့နေမှုက ပ့ံပိုးပေးခဲ့သည်။ ထုတ်လုပ်သူများအကြား လုပ်ငန်းဆိုင်ရာမျှော်လင့်ချက်များမှာ နိမ့်ကျနေဆဲဖြစ်ပြီး လက်ကျန်အလုပ်များဆက်တိုက် သိသိသာသာကျဆင်းလာသဖြင့် ထုတ်လုပ်မှုစွမ်းအားအပေါ် ဖိအားပေးမှုဆက်လက် နည်းပါးနေပါသည်။ အကျိုးရလဒ်အနေဖြင့် အလုပ်ဖန်တီးမှုနှုန်းမှာ အားပျော့လာပြီး ဒသမဂဏန်းမျှသာရှိခဲ့သည်။ စျေးနှုန်းများကို လေ့လာကြည့်လျှင် သမိုင်းတစ်လျှောက် သွင်းကုန်စရိတ်များ မြင့်တက်မှုနှေးလာချိန်အတွင်း ၂၀၁၆ ခုနှစ် ဇူလိုင်မှစပြီး ထုတ်ကုန်စျေးများ ပထမဦးဆုံးအကြိမ် ကျဆင်းလာခဲ့သည်။

ကုန်စည်ထုတ်လုပ်ရေးကုမ္ပဏီများသည် ဇန်နဝါရီလတွင် ထုတ်လုပ်မှုကို ဆက်လက်တိုးချဲ့နိုင်ခဲ့ကြသည်။ ထုတ်လုပ်မှုထိုသို့ အခိုင်အမာတိုးလာခဲ့ခြင်းမှာ ယေဘုယျအား ဖြင့် အော်ဒါသစ်ပမာဏများမြင့်လာခြင်း နှင့် လက်ရှိတိုးတက်မှုဖြစ်စဉ်ကို သုံးလအထိ တိုးချဲ့နိုင်ခဲ့ခြင်း၏ ကျေးဇူးကြောင့်ဖြစ်သည်။ ပြည်တွင်းစျေးကွက်အတွင်း စျေးဝယ်သူများ၏ ဝယ်လိုအား ကျယ်ပြန့်စွာတိုးလာခြင်းမှာ အော်ဒါသစ်များ နောက်ဆုံးဦးမော့မှု၏ အကြောင်းရင်းဖြစ်သည်။

ကုန်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် ဇန်နဝါရီလအတွင်း ကုန်ကျစရိတ်ဝန်ထုပ်များ တိုးလာခဲ့ခြင်းမှာ စစ်တမ်းသမိုင်းထဲတွင် အားအပျော့ဆုံးဖြစ်ခဲ့ပြီး ဖြေကြားသူအများ အပြားတို့က ကုန်ကြမ်းပစ္စည်းများ အများအပြားရရှိလာခြင်းနှင့် ပို့ဆောင်ခများသက်သာခြင်းက သွင်းကုန်စျေးနှုန်းဖောင်းပွမှုကို သက်သာစေခဲ့ကြောင်း ဖော်ပြကြသည်။

 


READ NEXT
Cancel OK