တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရေကြောင်းဆိုင်ရာ အခိုင်အမာထုတ်ပြန်မှု အားလုံးနီးပါးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက ဇူလိုင် ၁၃ တွင် လုံးဝပယ်ချလျက် အကဲဆတ်လွန်းသော ဒေသဆိုင်ရာ ကိစ္စရပ်တစ်ခုတွင် အတိအလင်း ဝင်ပါခြင်းဖြင့် တရုတ်အား ဆန့်ကျင်သည့်လုပ်ရပ်များကို အရှိန်မြှင့်တင်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေအား အသိအမှတ်ပြုရန် ကတိကဝတ်ပြုမှုနှင့်အတူ ဒေသတွင်း၌ တရုတ်၏ ရဲတင်းလာမှုအား ဟန့်တားရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ထရန့်အစိုးရက ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်မီ တရုတ်အား ဝေဖန်မှု တိုးမြှင့်ခဲ့ပြီး စိန်ခေါ်သူ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင်သည် တရုတ်အပေါ် ပျော့ပျောင်းသူဖြစ်ကြောင်း ပုံဖော်ရန် ကြိုးစားနေသော ထရန့်သည် ကပ်ရောဂါအား ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ အကြီးအကျယ် ဝေဖန်ခံနေရစဉ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ၎င်း၏ အင်အားနည်းသော အိမ်နီးချင်းများအကြား အငြင်းပွားမှုများအား ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ခုံသမာဓိ၏ ဆုံးဖြတ်ချက်ဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန်သာ အမေရိကန်အစိုးရက ယခင်က အလေးအနက် တိုက်တွန်းခဲ့သည်။
တရုတ်က နိုင်ငံတကာအသိအမှတ်ပြု ၎င်း၏ ရေပိုင်နက်အပြင်ဘက်တွင် ရေကြောင်းဆိုင်ရာ ထုတ်ပြန်မှုအားလုံးကို တရားမဝင်ကြောင်း အမေရိကန်က ယခုအခါ သတ်မှတ်သွားမည်ဟု ဇူလိုင် ၁၃ တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။ သို့သော် ထိုမူဝါဒ အပြောင်းအလဲတွင် ပုံမှန်အားဖြင့် ပိုင်နက်အဖြစ် ထည့်သွင်းစဉ်းစားသော ပင်လယ်ရေမျက်နှာပြင်အထက် ကုန်းမြေပေါ် ဖြစ်ပေါ်နေသည့်အရာများနှင့်ပတ်သက်၍ အငြင်းပွားမှုများကိုမူ အကျုံးမဝင်ပေ။
တောင်တရုတ်ပင်လယ်အား တရုတ်က ၎င်း၏ရေကြောင်းဆိုင်ရာ အင်ပါယာအဖြစ် ပြုမူနေမှုကို ကမ္ဘာကြီးက ခွင့်ပြုသွားမည် မဟုတ်ကြောင်း၊ အမေရိကန်၏ အရှေ့တောင်အာရှ မဟာမိတ်များနှင့် မိတ်ဖက်များက အပြည်ပြည်ဆိုင်ရာဥပဒေအရ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများနှင့်အညီ ၎င်းတို့၏ ကမ်းလွန်သယံဇာတများအတွက် အချုပ်အခြာအာဏာဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးရန်အတွက် အမေရိကန်က အတူရပ်တည်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် သို့မဟုတ် ယင်းထက် ပိုမိုကျယ်ပြန့်သောဒေသတွင် “ အင်အားက အမှန်တရား ဖြစ်စေ” အခြေအနေကို ဖန်တီးရန် မည်သည့်တွန်းအားပေးမှုကိုမဆို ပယ်ချရန်၊ အချုပ်အခြာ အာဏာပိုင်မှုအတွက် လေးစားမှုရှိရန်၊ ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်များအား ကာကွယ်ပေးရန် အမေရိကန်သည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းနှင့်အတူ ရပ်တည်ကြောင်းလည်း ပွန်ပီယိုက ပြောကြားခဲ့သည်။
မလေးရှားအနီး James Shoal သောင်ခုံ၊ ဗီယက်နမ်ကမ်းလွန် Vanguard Bank ကို ၀ိုင်းရံနေသော ရေပြင်၊ ဘရူနိုင်းအနီး Luconia Shoal သောင်ခုံများ၊ အင်ဒိုနီးရှား ကမ်းလွန်ရှိ နာတူနာဘီဆာကျွန်းတို့အား တရုတ်က ဥပဒေကြောင်းအရ ပိုင်ဆိုင်သည်ဟု ထုတ်ပြန်၍ မရကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။ ထိုဧရိယာများတွင် ငါးဖမ်းရေယာဉ်များ သို့မဟုတ် ရေနံရှာဖွေမှုများအား တရုတ်၏ မည်သည့်အနှောင့်အယှက်ပေးမှုကိုမဆို တရားမဝင်ဟု အမေရိကန်က သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နယ်နိမိတ်ပိုင်နက် အငြင်းပွားမှုများတွင် အမေရိကန်သည် ကြားနေအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်သော်လည်း ယခုကြေညာချက်က အမေရိကန်သည် တရုတ်၏ထုတ်ပြန်ချက်များအား ကန့်ကွက်နေကြသော ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့်အတူ ရပ်တည်လိုက်သည့် သဘောဖြစ်သွားခဲ့သည်။
ပွန်ပီယို၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက် ၀ါရှင်တန်ရှိ တရုတ်သံရုံးက ဇူလိုင် ၁၃ ညတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဌာနသည် အချက်အလက်များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ရည်ရွယ်ချက်ရှိရှိ လိုရာဆွဲ ပြောကြားနေကြောင်း၊ အမေရိကန်သည် ဒေသတွင်းအခြေအနေကို ပုံကြီးချဲ့နေပြီး တရုတ်နှင့် အခြားနိုင်ငံများအကြား သဘောထားကွဲလွဲစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။ ထို့ပြင် အမေရိကန်၏စွပ်စွဲချက်သည် လုံးဝတရားနည်းလမ်းမကျဘဲ တရုတ်က အခိုင်အမာဆန့်ကျင်ကြောင်းလည်း ပေကျင်းက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ၎င်းနှင့် တိုက်ရိုက်မသက်ဆိုင်သော အငြင်းပွားမှုများတွင် ဝင်ရောက်စွက်ဖက်နေပြီး ကမ္ဘာ၏ပင်လယ်တိုင်းတွင် မလျော်သြဇာသုံးနေကြောင်းလည်း ထိုကြေညာချက်တွင် စွပ်စွဲခဲ့သည်။
ကပ်ရောဂါ၊ လူ့အခွင့်အရေး၊ ဟောင်ကောင်၊ တိဘက်နှင့် ကုန်သွယ်ရေးဆိုင်ရာ တရုတ်၏မူဝါဒများအပါအဝင် ကိစ္စရပ်များတွင် အမေရိကန်နှင့် တရုတ်အကြား တင်းမာနေစဉ် ၀ါရှင်တန်၏ထိုကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်