ဖိလစ်ပိုင်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်နှင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး နယ်မြေဒေသအချို့တွင် Lockdown ပြန်ချထားရစဉ် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားရန်အတွက် ဖိလစ်ပိုင်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် COVID-19 လူနာများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေတော့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီး အက်ဒွာဒိုအာနိုက ဇူလိုင် ၁၄ ရက် တွင် ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်များတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားပါက သတင်းပို့ကြရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခံရသည့် မည်သူမဆို ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုပြီး COVID-19 ရောဂါလက္ခဏာများကို ဖုံးကွယ်ရန် ကြိုးစားပါက အကျဉ်းချခံရမည်ဖြစ်ကြောင်း အာနိုက သတိပေးခဲ့သည်။
လှုပ်ရှားသွားလာမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းကို ပြန်လည်ခွင့်ပြုရန်အတွက် ဇွန် ၁ ရက်တွင် Lockdown ဖြေလျှော့ပြီးကတည်းက ဖိလစ်ပိုင်ဆေးရုံများတွင် တက်ရောက် ကုသသည့် လူနာအရေအတွက် သိသိသာသာ မြင့်တက်လာပြီး ကပ်ရောဂါကြောင့် နေ့အလိုက် သေဆုံးသူအရေအတွက်မှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်ပင် မကြာသေးမီတွင် COVID-19 လူနာများအား တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေမည့် အစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၈၈၅၀ ရှိသည့်အနက် ၁၆၁၄ ဦးသေဆုံးခဲ့သည်။
“COVID-19 လူနာတွေ နေအိမ်မှာနေပြီး သီးခြားစောင့်ကြည့်မှုခံယူတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ အထူးသဖြင့် သူတို့ရဲ့နေအိမ်တွေမှာ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ အခါမျိုးမှာပါ။ ဒါကြောင့် Positive လူနာတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေပြီး ကျွန်တော်တို့ရဲ့ COVID-19 သီးခြား စောင့်ကြည့်ရေး အဆောက်အဦတွေဆီ ခေါ်ဆောင်မှာပါ” ဟု အာနိုက သတင်းစာရှင်း လင်းပွဲအတွင်း ပြောကြားခဲ့သည်။
လူနာများအား တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေခြင်းကို ကူးစက်ရောဂါ သတင်းပို့ခြင်းနှင့် ထောက်လှမ်းခြင်းဆိုင်ရာ ၂၀၁၉ ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထွက်ပြေးတိမ်းရှောင်သည့် လူနာအချို့ရှိခြင်းကြောင့် COVID-19 လူနာများအား ခြေရာခံရှာဖွေရန် လိုအပ်သည်ဟု ပြည်ထဲရေးဒုတိယအတွင်းဝန် ဂျွန်နသန်မာလာယာက ဆိုသည်။
သမ္မတဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲအတွင်း ဆင်းရဲသောလူ့အဖွဲ့အစည်းကို တမင်ပစ်မှတ်ထားခဲ့ကြသည့် အညှာအတာကင်းမဲ့သော ရဲတပ်ဖွဲ့ဝင်များ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသည်ဟု ပြောကြားနေကြသော လူ့အခွင့်အရေးအဖွဲ့များအတွက် ဖိလစ်ပိုင်၏ COVID-19 လူနာရှာဖွေရေး အစီအစဉ်က စိုးရိမ်မှု ဖြစ်စေနိုင်ဖွယ်ရှိသည်။
ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အသေးအဖွဲစည်းကမ်းချိုးဖောက်သူများကို ဖမ်းဆီးခြင်းအပါအဝင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များသည် အင်အားအလွန်အကျွံသုံး ဖိနှိပ်နေကြောင်း စွပ်စွဲခံနေရကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ အစီရင်ခံစာများထဲတွင် ကာဖျူးမိန့်ချိုးဖောက်မှု ဖြစ်စဉ်အတွင်း ကလေးငယ်များ အသတ်ခံရမှုကို ထောက်ပြခဲ့ကြသည်။
ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရာတွင် ချက်ချင်းအကြောင်းပြန်ကြားခြင်းမရှိပေ။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်