ထိုင်ဝမ်သည် ယခုနှစ်အတွင်း ကျည် အစစ်ဖြင့်ပြုလုပ်သော ၎င်းတို့၏ နှစ်စဉ်ပြုလုပ်နေကျ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွင် ကမ်းရိုးတန်းတစ်လျှောက် တရုတ်၏ ကျူးကျော်တိုက်ခိုက်မှုများအား ပုံဖော်၍ ဟန့်တားသည့် စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၆ တွင် ပြုလုပ်ခဲ့ကြသည်။
ပေကျင်းက ထိုင်ဝမ်ကျွန်းစုအား စစ်ရေးဆိုင်ရာဖိအားပေးမှု အရှိန်မြှင့်တင်နေစဉ် ထိုင်ဝမ်က ဇူလိုင် ၁၃ မှစတင်၍ ငါးရက်ကြာ ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်၏လက်နက်ကိုင်တပ်များက အိမ်နီးချင်း အင်အားကြီးနိုင်ငံမှ ကျူးကျော်မှုအား မည်သို့တိုက်ထုတ်မည်နှင့် ပတ်သက်၍ စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဇူလိုင် ၁၆ က ပုံဖော်လေ့ကျင့်မှုတွင် ထိုင်ဝမ်အလယ်ပိုင်း တိုင်ချန်းမြို့၏ကမ်းခြေတစ်ခုသို့ ဆင်းသက်ရန် ရန်သူတပ်များ၏ ကြိုးပမ်းမှုများအား ထိုင်ဝမ်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် မြေပြင်တပ်ဖွဲ့ဝင်များက တိုက်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် ၈၀၀၀ ခန့် ပါဝင်လေ့ကျင့်ခဲ့ကြသည်။
ထိုစစ်ရေးလေ့ကျင့်မှုအား ကြည့်ရှုခဲ့သော ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က မိမိတို့၏ ခိုင်မာသော ကာကွယ်ရေးဆိုင်ရာစွမ်းရည်များနှင့် ထိုင်ဝမ်အား ကာကွယ်မည်ဟူသော အားကောင်းသည့် စိတ်ပိုင်းဖြတ်မှုတို့ကို ကမ္ဘာကြီးထံ ပြသခဲ့ခြင်းဖြစ်သည်ဟု Twitter တွင် ရေးသားခဲ့သည်။
ပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်တွင် နှစ်ဖက်ကွဲထွက်ခဲ့ပြီးနောက်ပိုင်း တိုင်ပေသည် တရုတ်၏ ကျူးကျော်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။ မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်၏ ဧရာမ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ထက် အရေအတွက်အရရော စွမ်းရည်အရပါ အလွန်အမင်းသာလွန်ခဲ့သည်။
ပြီးခဲ့သောနှစ်တွင် တရုတ်သမ္မတ ရှီကျင်ပင်းက ထိုင်ဝမ်အား တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် မုချဖြစ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ မကြာသေးမီလများအတွင်း တရုတ်စစ်လေယာဉ်များသည် ထိုင်ဝမ်အနီး မကြုံစဖူး မကြာခဏပျံသန်းမှုများ ပြုလုပ်ခဲ့ကြပြီး ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး ဇုန်ကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ပျံသန်းခဲ့ခြင်းကြောင့် ထိုင်ဝမ်တိုက်လေယာဉ်များက ဟန့်တားရန်အတွက် အရေးပေါ်ပျံတက်မှုများ ပြုလုပ်ခဲ့ရသည်။
ပေကျင်း၏ ဒေါသထွက်မှုကို စိုးရိမ်သောကြောင့် ထိုင်ဝမ်ထံ အဆင့်မြင့်လက်နက်များရောင်းချရန် အနောက်တိုင်းနိုင်ငံများက အလွန်အမင်းသတိထားနေသောကြောင့် ထိုင်ဝမ်နှင့် တရုတ်အကြား စစ်ဘက်စွမ်းရည်သည် မယှဉ်နိုင်လောက်သည်အထိ ကွာဟလာခဲ့သည်။ ယင်းအတွက်ကြောင့် ထိုင်ဝမ်က အဆင့်မြင့်ဒုံးကျည်များ၊ လှေများ၊ လေ့ကျင့်ရေးတိုက်လေယာဉ်သစ်အပါအဝင် ကိုယ်ပိုင်လက်နက်များ တည်ဆောက်ခဲ့ရသည်။ ပြည်တွင်းထုတ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်နှင့် အသံထက်မြန်သော ဒုံးကျည်များ အပါအဝင် လက်နက်သစ်အချို့ကို ထိုင်ဝမ်က ယခုလေ့ကျင့်မှုတွင် အသုံးပြုခဲ့သည်။
ထိုင်ဝမ်၏ Patriot ဒုံးစနစ်များအား အဆင့်မြှင့်တင်ပေးရန် အမေရိကန်၏သဘောတူမှုကို တုံ့ပြန်ရန် အမေရိကန်၏ကာကွယ်ရေးကုမ္ပဏီ Lockheed Martin အား ပိတ်ဆို့အရေးယူသွားမည်ဟု ပေကျင်းက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ထိုင်ဝမ် ဝယ်ယူခဲ့သော ဖရီးဂိတ်သင်္ဘောများ၏ ဒုံးကျည်ကြား ဖြတ်စနစ်များကို အဆင့်မြှင့်ပေးရန် သဘောတူခဲ့သည့် ပြင်သစ်ကိုလည်း တရုတ်က ဒေါသထွက်ခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်