သမ္မတဘော်ဆွန်နာရို၏ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ဒေါသမြင့်တက်နေစဉ် ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်မှုသည် ကျဆင်းရန် လက္ခဏာနည်းပါးမှုနှင့်အတူ ဇူလိုင် ၁၆ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ နှစ်သန်းကျော်ရှိလာပြီဖြစ်သည်။
အမေရိကန်ပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်သည့် ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ တစ်သန်းပြည့်ခဲ့ပြီး ၂၇ ရက်မျှအကြာတွင် စုစုပေါင်းကူးစက်ခံရသူ နှစ်သန်းကျော်အထိ ရှိလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ၄၀၀၀၀ ခန့် ရှိသည်ဟု အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းအများဆုံးဖြစ်သည့် အမေရိကန်တွင်မူ အတည်ပြုလူနာ တစ်သန်းပြည့်ပြီး ၄၃ ရက်အကြာမှ နှစ်သန်းကျော် ရှိလာခဲ့ခြင်းဖြစ်သည်ဟု ရိုက်စ်တာက ပြုစုခဲ့သည့် စာရင်းအရသိရသည်။
ဇူလိုင် ၁၆ ရက်က ထုတ်ပြန်သည့် အတည်ပြုစာရင်းအရ ဘရာဇီးတွင် စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၁၂၁၅၁ ဦး အနက် သေဆုံးသူ ၇၆၆၈၈ ဦး ရှိခဲ့သည်။
လက်တင်အမေရိကတွင် အကြီးဆုံးနိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံတွင် လူဦးရေ သန်း ၂၁၀ ခန့်ရှိပြီး အမေရိကန်လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးခန့်ရှိသည်။
အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့တွင် ဗိုင်းရပ်စ်ကူးစက်မှုသည် မြို့ကြီးများနှင့် ဝေးကွာသည့် နေရာသစ်များတွင် ပျံ့နှံ့ခဲ့ပြီးနောက် ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖက်ဒရယ်အစိုးရထံမှ တင်းကျပ်သော ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒမရှိမှုနှင့်အတူ ဘရာဇီးရှိ ပြည်နယ်နှင့် မြို့များတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးသည် ကြန့်ကြာနေသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်နေသော်လည်း လက်ယာစွန်း စစ်တပ် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတဘော်ဆွန်နာရိုက Lockdown ကန့်သတ်ချက်များကို ရုပ်သိမ်းရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကို ဖိအားပေးခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် ဘော်ဆွန်နာရိုသည် ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို သာမန်တုပ်ကွေးအဖြစ်သာ ယူဆခဲ့ပြီး Social Distancing ညွှန်ကြားချက်များကို ကန့်ကွက်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုထက် စီးပွားရေးထိခိုက်မှုက ပိုမိုဆိုးရွားသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဖိအားပေးမှုများကြောင့် အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များက ပြီးခဲ့သည့်သီတင်းပတ်များတွင် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ပိုမိုများပြားသည့်ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ဘော်ဆွန်နာရိုအပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းခဲ့သည်ဟု စစ်တမ်းများတွင်ဖော်ပြခဲ့သည်။ လူထုသဘောထားစစ်တမ်းကောက်ခံသည့် Datafolha က ဇွန်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ ဘော်ဆိုနာရို၏ အစိုးရအဖွဲ့ကို ညံ့ဖျင်းသည်ဟု သုံးသပ်မှု ၄၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာတွင် ၃၆ ရာခိုင်နှုန်းနှင့် ယခုနှစ် ဧပြီတွင် ၃၈ ရာခိုင်နှုန်းရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“ကျန်းမာရေးအကျပ်အတည်းဖြစ်နေပေမယ့်လည်း အစိုးရမှာ ဘတ်ဂျက်မရှိဘူး။ ပြည်သူလူထုထက် သူတို့က ငွေကြေးကိုပဲ စဉ်းစားကြတယ်။ ရောဂါကို သူတို့က သရော်တယ်။ အယုံအကြည်မရှိဘူး။ လူတိုင်းလမ်းပေါ် ပြန်ထွက်တာမျိုး သူတို့လိုချင်တယ်” ဟု ရီယိုဒီဂျနေးရိုးမြို့ခံတစ်ဦးဖြစ်သည့် Rafael Reis က ပြောကြားခဲ့သည်။ ၎င်း၏ အသက် ၇၁ နှစ်အရွယ်ရှိ မိခင်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့သည်။
ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့သည့် ရီယိုဒီဂျနေးရိုးနှင့် ဆော်ပေါ်လိုမြို့ကဲ့သို့သော မြို့ကြီးများတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုသစ်သည် တည်ငြိမ်နေပြီဖြစ်ပြီး ကူးစက်မှုနှုန်း တဖြည်းဖြည်း လျော့ကျလာပြီဖြစ်သော်လည်း အခြားဒေသများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပိုမိုဆိုးရွားလာခဲ့သည်။
ဘရာဇီးတောင်ပိုင်းရှိ Rio Grande do Sul နှင့် ပါရာနာပြည်နယ်တို့တွင် ကူးစက်ပျံ့နှံ့မှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာခဲ့သည်။ ဇူလိုင်နှောင်းပိုင်း (သို့မဟုတ်) သြဂုတ်လလယ်တွင် နိုင်ငံတစ်ဝန်း နေ့စဉ်ကူးစက်မှုသစ်နှုန်းများ စတင်ကျဆင်းနိုင်ခြေရှိသည်ဟု ရီယိုဒီဂျနေးရိုးဖက်ဒရယ်တက္ကသိုလ်မှ ဆေးပညာဆိုင်ရာပါမောက္ခ ရောဘတ်တိုမက်ဒရွန်ဟိုက ပြောကြားခဲ့သည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်များကမူ တောင်ကမ္ဘာခြမ်း ဆောင်းရာသီအတွင်း အအေးဆုံးရာသီဥတုဖြစ်သည့် ဘရာဇီးတောင်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုဆိုးရွားလာမှုကို သတိပေးမှုတိုးမြှင့်ခဲ့သည်။
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်