Top News

ပြည်တွင်းပြည်ပမီဒီယာအဖွဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ခြံစည်းရိုးအပြင်ဘက် နယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် နေရပ်စွန့်ခွာ ဘင်္ဂါလီယာယီစခန်းသို့ သွားရောက်သတင်းရယူခဲ့
24htopnews | October 30, 2024 3:12 AM CST

 

The India Time အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခြံစည်းရိုးအပြင်ဘက် နယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် နေရပ်စွန့်ခွာ ဘင်္ဂါလီယာယီစခန်းသို့ အောက်တိုဘာ ၂၈ ရက်က သွားရောက်သတင်းရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တွင်းပြည်ပမီဒီယာအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးတံတား၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်သတင်းရယူခဲ့ကြပြီး သိရှိလိုသည့်ကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းခဲ့ကြသည်။

ထို့နောက် တောင်ပြိုလက်ယာကျေးရွာအုပ်စုအနီးရှိ နယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် နေရပ်စွန့်ခွာ ဘင်္ဂါလီယာယီစခန်းသို့ သွားရောက်ခဲ့ကြပြီး ဘင်္ဂါလီခေါင်းဆောင်များ နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ သတင်းမီဒီယာ အဖွဲ့တို့၏ သိရှိလိုသည့်အချက်အလက်များအား ယခင် တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာအုပ်စု၊ မဲဒီကျေးရွာတွင် နေထိုင်ခဲ့သူ ဒီမာမတ်က ဖြေကြားသည်။ မီဒီယာအဖွဲ့တို့ ၎င်းယာယီစခန်းမှ နံနက်၁၁ နာရီခွဲကျော်ခန့်တွင် မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီယာယီစခန်းတွင် နေထိုင်နေကြသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ICRC က ရိက္ခာထောက်ပ့ံနေခြင်းဖြစ်ပြီး အဆိုပါ ဘင်္ဂါလီစခန်းတည်ရှိရာနေရာသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ သက်ရောက်သည့် မြေဖြစ်သည့်အတွက် မြန်မာနိုင်ငံဘက်ရှိ ICRC အဖွဲ့က ရိက္ခာထောက်ပံ့ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့သည် အောက်တိုဘာ ၂၇ ရက်က မောင်တောမြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ပန်းတောပြင် ဘင်္ဂါလီကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း နေထိုင်သူများ၏ လက်ရှိနေထိုင်စားသောက် မှုအခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းသတင်းရယူကြပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၄ ရက်က တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောဒေသအတွင်း လတ်တလောဆောင်ရွက်နေသော အခြေအနေများ၊ UEHRD လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများအား စိစစ်လက်ခံနိုင်ရေးအတွက် ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီကြားစခန်းတို့အား ဖွင့်လှစ်ထားရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေထိုင်နေကြသူများနှင့် စပ်လျဉ်း၍ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။

သတင်းမီဒီယာအဖွဲ့တွင် Yomiuro Shimbun၊ MIR ၊ Mizzima Weekly ၊ Channel 4 News ၊ Swiss TV ၊ MRTV ၊ MITV ၊ MNA တို့မှ သတင်းမီဒီယာသမားများ လိုက်ပါလာကြကြောင်း သိရသည်။

 


READ NEXT
Cancel OK