အိန္ဒိယနိုင်ငံအတွင်း ရိုးရာပွဲတော်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံစျေးတွင် အရောင်းအဝယ်ကောင်းသည့် အချိန်သို့ ရောက်ရှိနေသည်ဟု သိရသည် ။
“စျေးရောင်းကောင်းတာကတော့ စက်တင်ဘာလ အတွင်းကတည်းက အရောင်းအဝယ် လိုက်နေတာ။ ဒီလတွေကျတော့ ပိုကောင်းတာပေါ့။ ဒေါ်လာစျေးတက်တော့ အိန္ဒိယငွေတက်လေ ပိုကြိုက်လေပဲ။ ကျွန်တော်တို့က ရောင်းတာလေ။ အိန္ဒိယငွေရတာဆိုတော့ ငွေစျေးတက်လေ ကြိုက်လေပဲ။ အရောင်းအဝယ်လည်း မလျော့ဘူး။ တရုတ်ဘက်က ပစ္စည်းတွေ ရောင်းတာဆိုတော့ ဟိုဘက်ကတက်ရင် လိုက်တက်တာပဲ။ မြန်မာပြည်ဘက်က ထုတ်ကုန်တွေလည်း များတယ်လေ။ စားစရာ တော်တော်များများတော့ ရန်ကုန်တို့ မန္တလေးကလာတာ။ ပြည်တွင်းထုတ်ကုန်တွေက ပိုကိုက်တာပါ။ ငွေလဲစျေးကျတာ သိပ်မကြိုက်ဘူးလေ။ ဒီကနေ့ ငွေလဲစျေးက ၂၀၁၀ နဲ့ ရောင်းတယ်။ နောက်ရက် ၂၀၁၅ ဆိုသူက ငွေပိုရလာတာပေါ့။ တချို့ငွေထိန်းနိုင်တဲ့သူက ငွေစျေးတက်မယ့် အရိပ်အယောင်ရှိရင် ရောင်းပြီးငွေကို ထိန်းထားလိုက်တာပဲ။ ငွေတစ်ခါတည်း မလဲကြဘူး။ တက်လာရင် ကိုယ့်အတွက် အဆင်ပြေတာပေါ့ ။ နည်းနည်းတော့ စွန့်စားရတာပေါ့။ ငွေနိုင်တဲ့သူက ငွေစျေးတက်မှ လဲတော့တာ။ ငွေလဲနှုန်းက ရူပီး ၁၀၀ ကို ၂၀၁၀ ကျပ် ရှိပါတယ်။ ငွေစက္ကူ အတန်ကြီးရင် ငွေလဲတာ စျေးပိုရတယ်” ဟု တမူးမြို့မှ ကိုကျော်ဆန်းလင်းက ပြောကြားသည်။
နန်းဖာလုံစျေးသည် အိန္ဒိယနိုင်ငံအတွင်းရှိ ဒေသခံများကို အဓိက အားထား ရောင်းချသော စျေးတစ်စျေးဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကုန်စည်များ၊ ပြည်တွင်းထုတ် ကုန်စည်များ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချသော စျေးတစ်စျေး ဖြစ်သည်ဟု သိရသည်။
နန်းဖာလုံစျေးသည် တစ်နှစ်လျှင် စျေးရောင်းကောင်းသည့် ခြောက်လနှင့် စျေးရောင်းမကောင်းသည့် ခြောက်လခန့် ပုံမှန်ရှိပြီး စက်တင်ဘာမှ ဖေဖော်ဝါရီအထိသည် စျေးရောင်းကောင်းသောကာလ ဖြစ်သည်ဟု သိရသည်။
“အခုအချိန်က အရောင်းအဝယ်အနေနဲ့ အကုန်သွားတယ်။ အခုဆိုရင် ဒေဝါလီ စတော့မယ်။ ကသည်းတွေရဲ့ ကောက်သစ်စားပွဲက ရှိတယ်။ အဲဒီပွဲကျ ကသည်းတွေက လက်ဆောင်တွေ ပေးကြတာ။ ကသည်းတွေကျတော့ သူတို့နှစ်သစ်ကူး ပုံစံမျိုး မိသားစုတွေ လက်ဆောင်ပေးကြတယ်။ လက်ဆောင်ပေးလို့ ကောင်းတဲ့ပစ္စည်းပေါ့။ စောင်တို့၊ ပေါင်းအိုးတို့ပေါ့။ ဒီနှစ်က စောင်တွေ ပိုသွားတယ်။ မြန်မာစောင်တော့ လျော့လာတယ်။ တရုတ်ကလာတဲ့ မီယာစောင်က ပုံစံအမျိုးမျိုး လာတယ်လေ။ စျေးနှုန်းအမျိုးမျိုးပေါ့။ အခုလဆိုရင် စျေးနှုန်းနည်းတဲ့ဟာ သွားတယ်။ နောက်လဆိုရင် တန်ဖိုး မြင့်တဲ့ဟာ သွားမယ်ပြောတယ်။ စားသောက်ကုန်ကတော့ ရာသီမရွေးဘူး။ သွားတယ်။ အဝတ်အထည်ကတော့ဗျာ။ ကုန်သည်တစ်ဦးဆိုရင် တစ်ရက်ကို ၁၂ ဘီး နှစ်စီးနဲ့ ကန်တာကား နှစ်စီးလောက်နဲ့ တိုက်ရိုက်သွားနေတာ။ အဝတ်အထည်နဲ့ ဖိနပ်ပေါ့။ ဒါက တစ်ဦးတည်းက သွားနေတာ ကား လေး၊ ငါး၊ ခြောက်စီးလောက်သွားတယ်။ အခုပွဲဆိုတော့ မီးထွန်းတော့ ဖယောင်းတိုင်တို့လည်း တော်တော်များများ သွားတယ်” ဟု နန်းဖာလုံစျေးသည် တစ်ဦးက ပြောကြားသည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား