Top News

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးအိုင်သို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်
24htopnews | October 30, 2024 3:12 AM CST

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းရှိ အင်းတော်ကြီးအိုင်သို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တောအုပ်ကျော်ဇင်ထွန်းက ပြောကြားသည်။

အင်းတော်ကြီးအိုင်သို့ နှစ်စဉ်ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၄၀ ကျော်၊ အကောင်ရေ ၂၀၀၀၀ ကျော် လာရောက်လျက်ရှိပြီး ငှက်မျိုးစိတ်ခြောက်မျိုး စတင်ဝင်ရောက်နေကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တောအုပ်ကျော်ဇင်ထွန်းက “ဆောင်းခိုငှက်တွေ လာနေကြပြီ။ ဆောင်း တွင်း သိပ်မအေးသေးတော့ မလာကြသေး ဘူး။ စင်ရော်မျိုး၊ ထန်းသီးမှုန်အကြီး၊ တင် ကျီးငှက်မျိုးစိတ်ကြီး၊ ဘဲမျိုးနွယ်ဝင် တပ်တပ် မျိုး၊ ရေကြက်သွန် အဲဒါတွေရောက်နေပြီ။ အားလုံးခြောက်မျိုးလောက်ရောက်ပြီ။အင်း တော်ကြီးအိုင်ကိုလာတဲ့ ဆောင်းခိုငှက်မျိုးက ၄၀ ကျော်တယ်။ အကောင်ရေ ၂၀၀၀၀ လောက်ရှိတယ်။ ငှက်ကြည့်တဲ့ ပြည်တွင်းခရီးသွား တော့ မရှိဘူး။ ပြည်ပခရီးသည်ကတော့ ရှိ တတ်တယ်။ အင်းတော်ကြီး ဘေးမဲ့တောအ တွက် စိန်ခေါ်ချက်တွေ များပါတယ်။ ရွှေ သတ္တုတူးဖော်တာတွေ ကြီးကြီးမားမား ရှိခဲ့ တယ်။ အခုတော့ နည်းသွားပြီ။ ရှိနေသေးတယ်။ ကြိုးဝိုင်းသစ်တောငါးခုမှာ နှစ်ခုက နယ်မြေလုံခြုံရေးကြောင့် မသွားနိုင်ဘူး။ ဒေသခံတွေက ထင်းတွေထုတ်ကြတယ်။ ငှက်စားကျက်တွေကို ယာတွေထွင်ပြီး စိုက်ပျိုးရေး လုပ်ကြတာတွေရှိတယ်။ တရားစွဲတာ တွေလည်းရှိတယ်” ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် UNSCO ဇီဝအဝန်းနယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီး ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသကို ဇီဝအဝန်းနယ်မြေအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။

အင်းတော်ကြီးအိုင်သည် သဘာဝအလှအပကြောင့်သာမက အိုင်အတွင်း တည်ရှိသည့် မြန်မာသက္ကရာဇ် ၁၂၉ဝခုနှစ် (ခရစ်နှစ် ၁၈၆၉)တွင် လူအမည် ဦးသာအေးခေါ် ဆရာတော်ဦးမဥ္ဇူက စတင်တည်ထားခဲ့သည့် ရွှေမဥ္ဇူ စေတီမှာလည်း ကျော်ကြားသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင် အပါအဝင် ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်းသော အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် မတ် ၄ ရက်တွင် တည်ထောင်ခဲ့သည်။ အင်းတော်ကြီး ဘေးမဲ့တောတွင်  နို့တိုက်သတ္တဝါ ၃၇ မျိုး၊ ငှက်မျိုး ၃၅၀၊ ရေပျော်ငှက် ၉၉ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၈၈ မျိုး၊ ငါး မျိုး ၈၀၊ လိပ်ပြာမျိုး ၅၀ ရှင်သန်လျက်ရှိပြီး သစ်ပင် ၈၅ မျိုး၊ ဘယဆေး ၅၆ မျိုး၊ ၀ါး ၁၁ မျိုး၊ မြက် ၁၄ မျိုး၊ ကြိမ်ငါးမျိုး၊ သစ်ခွမျိုး ၇၀ ပေါက်ရောက် လျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ၁၉၀၅ ခုနှစ် ကိုလိုနီခေတ်တွင် မိုင်းနောင်ကြိုးဝိုင်းကို လည်းကောင်း၊ ၁၉၁၂ ခုနှစ်တွင် နန့်ရင်းခကြိုးဝိုင်းကို လည်းကောင်း၊၂၀၀၄ ခုနှစ် သြဂုတ်လတွင် မိုင်းနောင်ကြိုးဝိုင်း၊ နန့်ရင်းခကြိုးဝိုင်း၊ နန့်မွန်းကြိုးဝိုင်း၊ မုဆိုးကြိုးဝိုင်း၊ အင်းတော်ကြီးကြိုးဝိုင်း ငါးခုနှင့် ကြိုးပြင်တော ဧရိယာ ၆၄၀၀၃ ဧကတို့ကို စုပေါင်း၍ စုစုပေါင်း ဧရိယာ ၂၀၁၃၈၃ ဧကတို့ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK