၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် တောင်ကြီးခရိုင်အတွင်းရှိ နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်သူ ပိုမိုများပြားလာသည်ဟု မီးပုံးပျံပွဲတော် ကျင်းပရေးဆပ်ကော်မတီ၊ မီးပုံးပျံစာရင်း ကောက်ခံရေးအဖွဲ့ထံမှ သိရသည်။
ယခုနှစ် ၂၀၁၈ ခုနှစ်တွင် တောင်ကြီး ခရိုင်အတွင်းရှိ မြို့များဖြစ်သော ညောင်ရွှေ၊ ရွှေညောင်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ နောင်တရား၊ လွိုင်ကော်တို့မှ အများဆုံး လာရောက်ပြိုင်ပွဲဝင်ခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ်မှ ယှဉ်ပြိုင်သူ အလုံးရေ နည်းပါးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ပုံမှန်အတိုင်း ပွဲတော်ရက် ၁၀ ရက် ကျင်းပသွားမည်ဖြစ်ပြီး ညနေ ၆ နာရီ မှစတင်၍ ၉ နာရီအထိ စိန်နားပန်မီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ကာ ည ၉ နာရီ နောက်ပိုင်းမှစ၍ ညမီးကြီးမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆုကြေးများကို ထပ်မံတိုးတောင်းထား ပြီး ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံသို့ တင်ပြထားခြင်းဖြစ်ကာ အကြောင်းမပြန်သေးကြောင်း သိရသည်။ ယခုနှစ်တွင် ပြိုင်ပွဲဝင် ညမီးကြီးအဖွဲ့များကို တစ်လုံးလျှင် ကျပ်သုံးသိန်း၊ စိန်နားပန်မီးပုံးပျံများကို ကျပ်တစ်သိန်း နှုန်းဖြင့် ပြန်လည်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဓအခု ၂၀၁၈ ခုနှစ် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကတော့ ၂၀၁၇ ခုနှစ် နဲ့ မတိမ်းမယိမ်းပေါ့။ ရှမ်းပြည်နယ် တောင် ကြီးမြို့ကတင်မကဘဲ ဆီဆိုင်၊ ဟိုပုံး၊ လွိုင် ကော်၊ နောင်တရား၊ ပင်းတယ၊ ရွှေညောင်၊ ညောင်ရွှေ စတဲ့မြို့တွေကနေ လာရောက် ယှဉ်ပြိုင်ကြတာဖြစ်တယ်” ဟု မီးပုံးပျံစာရင်း ကောက်နေသော ပြန်ကြားရေး တာဝန်ခံ စိုင်းအောင်မျိုးက ပြောကြားသည်။
၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အောက်တိုဘာ ၂၉ ရက်အထိ လာရောက် စာရင်းပေးထားသော မီးပုံးပျံများမှာ (က) ညမီးကြီး ၇၆ လုံး၊ (ခ) စိန်နားပန် ၃၆ လုံး၊ (ဂ) အရုပ်ခြေနှစ်ချောင်း ၁၀၆ လုံး၊ (ဃ) အရုပ် ခြေလေးချောင်း ၆၃ လုံး၊ (င) အရုပ်အုပ်စု ၃၆ လုံး၊ စုစုပေါင်းအလုံးရေ ၃၁၇ လုံး စာရင်း ပေးထားကြောင်း သိရသည်။
မီးပုံးပျံစာရင်း လက်ခံခြင်းကို အောက်တိုဘာလလယ်မှ စတင်၍ နိုဝင်ဘာ ၃ ရက်အထိ လက်ခံမည်ဖြစ်ကာ နိုဝင်ဘာ ၄ ရက်တွင် မဲနှိုက်၍ ရက်များကို သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ် ၂၀၁၇ ခုနှစ်တွင် နေ့လွှတ်ခြေနှစ်ချောင်း ၁၂၅ လုံး၊ ခြေလေးချောင်း ၈၁ လုံး၊ အုပ်စု ၅၂ လုံး၊ စုစုပေါင်း နေ့လွှတ် ၂၅၈ လုံး၊ ညလွှတ် မီးကြီး ၇၉ လုံး၊ စိန်နားပန် ၃၄ လုံး၊ စုစုပေါင်း ညလွှတ် ၁၁၃ လုံး၊ နေလွှတ် ညလွှတ်စုစုပေါင်း ၃၇၁ လုံး လွှတ်တင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ပြိုင်ပွဲဝင်အဖွဲ့များ သိ သာ စေရန်အတွက် စည်းကမ်းချက်အသစ်များ ထပ်တိုးထားပြီး ယမ်းခွေစနက်တံများကို အသင့်ပြုလုပ်ပြီးသား ပစ္စည်းများကို သုံးခွင့်မပြုတော့ကြောင်း၊ မီးပုံးပျံဒွါရပေါက်တွင် စတီး၊ အလူမီနီယံတို့ကို အသုံးပြုခွင့် မပေးတော့ဘဲ ရိုးရာဝါးဖြင့်သာ ပြုလုပ်ရန် စည်းကမ်းချက် ထုတ်ထားကြောင်း၊ ကျန်စည်းကမ်းများမှာ ယခင်နှစ်က အတိုင်းပင်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို အဝေရာကုန်းသာယာ မီးပုံးပျံကွင်းမှာပင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်နှစ်အတွင်း ရွှေ့ပြောင်းရန် မဖြစ်နိုင်သေးကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြောကြားထားသည်။
ယခုနှစ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မကျင်းပမီ အချိန်ကပင် စတင်၍ အဖွဲ့စုံဖြင့် မီးပုံးပျံအဖွဲ့များကို ရှောင်တခင် စစ်ဆေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မီးပုံးပျံအဖွဲ့များအားလုံး မီးသတ်ဆေးဘူးများ အဖွဲ့တိုင်း ထားရှိသုံးစွဲစေရေးအတွက် လိုက်လံကြည့်ရှု စစ်ဆေးသွားမည်ဟု သိရသည်။
ယခင်နှစ် ၂၀၁၇ ခုနှစ်တွင် ဆုကြေးများကို စတင်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ညမီးကြီး၊ စိန်နားပန်နှင့် နေ့လွှတ်အရုပ်များကို ဆုကြေးငွေ စုစုပေါင်း ကျပ် ၆၃၁ သိန်း ၉ သောင်း ချီးမြှင့်ခဲ့ပြီးကာ ၂၀၁၇ ခုနှစ်တွင် ဆုကြေးငွေ ကျပ် ၇၀၉ သိန်း ၉ သောင်းတို့ကို ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစာရင်းအရ ညမီးကြီးတွင် ပထမ ကျပ်သိန်း ၆၀ အစား ၆၅ သိန်း၊ ယခင်နှစ်ကထက် ငါးသိန်းစီ ပိုများလာပြီး စိန်နားပန် အမျိုးအစားတွင် နှစ်သိန်းစီ ပိုများလာကာ အရုပ်အုပ်စုတွင် တစ်သိန်းစီ၊ ခြေလေးချောင်းတွင် တစ်သိန်းခွဲစီ၊ ခြေနှစ်ချောင်းတွင် တစ်သိန်းစီ ပိုများလာခြင်း ဖြစ်သည်။ ယခုနှစ်တွင်လည်း ဆုကြေးများ တိုးမြှင့်ချီးမြှင့်ပါရန် ပွဲကျင်းပရေး ဦးစီးကော်မတီထံသို့ ထပ်မံတိုးတောင်းထားကြောင်း သိရသည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား