Top News

ပုသိမ်မြို့တွင် ပြုလုပ်မည့် ကလေးစာပေပွဲတော်တွင် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များမှ ကလေးငယ်များ လာရောက် လေ့လာရာ၌ ခရီးစရိတ် ထောက်ပံ့ပေးနိုင်မည့် အခြေအနေမရှိဟု တိုင်းဒေသကြီးဝန်ကြီး ပြောကြား
24htopnews | October 30, 2024 3:12 AM CST

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်တက္ကသိုလ်အတွင်း နိုဝင်ဘာ ၃ ရက် မှစ၍ နိုဝင်ဘာ ၅ ရက်အထိ ပြုလုပ်မည့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်တွင် ပွဲတော်ကျင်းပရေးနှင့် ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကလေးများအား ဆုပေးရန် အတွက်သာ ဘဏ္ဍာငွေ ကျပ်သိန်း ၁၀၀၀ ရရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းရှိ ၂၆ မြို့နယ်မှ ပြပွဲသို့ လာရောက်လေ့လာကြမည့် ကလေးငယ်များအတွက် ခရီးစရိတ်များ ကူညီထောက်ပံ့ရန် ဘဏ္ဍာငွေ မလုံလောက်သဖြင့် ကလေးငယ်များ ပြပွဲသို့ လာရောက် လေ့လာနိုင်ရန် မြို့နယ်အသီးသီးရှိ ပညာရေးဌာန၊ မြို့မိမြို့ဖများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ မြို့နယ်အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးရန် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မီဒီယာများမှ တစ်ဆင့် မေတ္တာရပ်ခံခဲ့ကြောင်း သတင်းရရှိသည်။ 

အစိုးရသစ် လက်ထက်မှ စတင်၍ ကလေးစာပေပွဲတော်များကို နိုင်ငံတော်အဆင့်ပွဲတော်အဖြစ် နှစ်စဉ်လုပ်ဆောင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ပြုလုပ်မည့် ကလေးစာပေပွဲတော်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ ကျပ်သိန်းတစ်ထောင် အကုန်အကျခံကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ကလေးငယ်များမှ ဖျော်ပွဲများ အားကစားနည်း ပြိုင်ပွဲများ ညဏ်စမ်းပြိုင်ပွဲများ ကဗျာ၊ ပန်းချီ စသည့် အနုပညာရပ်ဆိုင်ရာ ပြိုင်ပွဲများကိုပါ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ စာပေပွဲတော် ကျင်းပရေးနှင့် ပြိုင်ပွဲဝင် ကလေးငယ်များအား ဆုများချီးမြှင့်ရန် အတွက်သာ အစိုးရထံတွင် ဘတ်ဂျက်လုံလောက်မှုရှိပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ပွဲတော်အား လာရောက် လေ့လာကြမည့် ကလေးငယ် အစုအဖွဲ့များအတွက် ခရီးစရိတ်များ ကူညီထောက်ပံ့ပေးနိုင်ရန် လုံလောက်မှု မရှိကြောင်း၊ မြို့နယ်အသီးသီးမှ ကလေးငယ်များ ပွဲတော်သို့ လာရောက်လေ့လာ နိုင်ရေးအတွက် မြို့နယ်ပညာရေးဌာန၊ မြို့မိမြို့ဖများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ရှင်းပြချင်တာက ဒီတိုင်းဒေသကြီးအစိုးရ ခွင့်ပြုဘဏ္ဍာငွေနဲ့ ကျွန်တော်တို့ ပြိုင်ပွဲအသီးသီးကိုရော ပြိုင်ပွဲကျင်းပစရိတ်တွေ နောက်ရောက်လာတဲ့ ကလေးတွေကို ကျွေးမွေးဧည့်ခံ စရိတ်တွေနဲ့ ကျွန်တော်တို့ စီစဉ်လိုက်တဲ့အခါမှာ ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်တဲ့ ကလေးတွေကို သူတို့ကိုဆုပေးဖို့ သူတို့ယှဉ်ပြိုင်မယ့် ပွဲတွေအတွက် ကျွန်တော်တို့ ကုန်ကျစရိတ်များ သုံးစွဲဖို့ကိစ္စတွေမှာ အားလုံးပြည့်စုံပေမဲ့လို့ တစ်မြို့နယ်ချင်းစီကနေ လေ့လာဖို့ လာကြမယ့်ခရီးစရိတ် ထောက်ပံ့ပေးနိုင်မယ့် အခြေအနေ မရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီမီဒီယာကနေတစ်ဆင့် မေတ္တာရပ်ခံချင်တာက သက်ဆိုင်ရာမြို့နယ်များက ကျွန်တော်တို့  ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ ၂၆ မြို့နယ်က ပညာရေးဌာနတွေ မြို့မိမြို့ဖတွေ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက နေပြီးတော့ မိမိတို့မြို့နယ်က ကလေးတွေကို ဒီကလေး စာပေပွဲတော်ကို လာရောက် လေ့လာပါဝင် ဆင်နွှဲနိုင်အောင်လို့ မိမိတို့မြို့နယ် အစီအစဉ်နဲ့ လာရောက်ဖို့ ဖိတ်ခေါ်တိုက်တွန်း ချင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ကလေးစာပေပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကလေးငယ်များ အတွက်လည်း ပွဲတော်တွင် ဝတ်ဆင်ရန်အတွက် အကျႌအဖိုး အခများနှင့် အခြားအသုံးဆောင် ပစ္စည်းများအတွက် ကုန်ကျစရိတ်များမှာ ကလေးငယ်တစ်ဦးလျှင် သုံးသောင်းမှ ကျပ်တစ်သိန်းအထိ မိဘများက အကုန်ကျခံကာ ဆောင်ရွက်ပေးနေရကြောင်း ကလေးငယ်များ၏ မိဘများထံမှ သိရသည်။     


READ NEXT
Cancel OK