Top News

မြကျွန်းသာပန်းခြံနှင့် ပတ်သက်၍ Master Plan တွင်ပါရှိသည့်အချက်များ ညှိနှိုင်းရန်၊ မူဝါဒများ ချမှတ်နိုင်ရန်နှင့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကော်မတီဖွဲ့ ဆောင်ရွက်မည်
24htopnews | October 30, 2024 3:12 AM CST

မြကျွန်းသာပန်းခြံနှင့် ပတ်သက်ပြီး Master Plan တွင်ပါရှိသည့် အချက်များ ညှိနှိုင်းရန်၊ မူဝါဒချမှတ်ခြင်းများနှင့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကော်မတီဖွဲ့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

“လောလောဆယ် မြကျွန်းသာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးကို တင်ထားပါတယ်။ မြို့တော်ဝန် ဦးစီးပြီးတော့ မြကျွန်းသာ စိစစ်ရေးအဖွဲ့ကို ကော်မတီဖွဲ့ပေးဖို့ ဖြစ်ပါတယ်။ စည်ပင်ကော်မတီ လေးယောက်လည်းပါတယ်။ တော်တော်များများပါတယ်။ ကော်မတီ ဖွဲ့စည်းခွင့်ရပြီ ဆိုတာနဲ့ မြကျွန်းသာနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားချက်တွေကို Master Plan တို့နဲ့ဘာတို့နဲ့ ညှိနှိုင်းတာတွေ ဆောင်ရွက်မှာဖြစ်တယ်။ ဒါတွေကို ကော်မတီက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကော်မတီကတော့ ဒါတွေနဲ့ပတ်သက်ပြီး မူဝါဒတွေချမှတ်မယ်။ စစ်ဆေးတာတွေပေါ့။ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ကော်မတီက ဆုံးဖြတ်ပေးမှာ ဖြစ်တယ်” ဟု ဦးကိုကိုလင်းက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် မြကျွန်းသာ အပန်းဖြေဥယျာဉ်တွင် ကုမ္ပဏီရှစ်ခုအား မြေ ၄၂ ဒသမ ၄၄၀ ဧကအား ငှားရမ်းရာတွင် တင်ဒါခေါ်ယူမှု မရှိခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားမှုမရှိဘဲ တစ်ဧကလျှင် ကျပ်သန်း ၁၀၀ နှုန်းဖြင့် ငှားရမ်းခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ်  ၆၁၃ ဒသမ ၃၁၈ သန်းရရှိခဲ့ပြီး ယခုအချိန်တွင် ငှားရမ်းခများ ကောက်ခံခြင်း မပြုတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းထားသော်လည်း စားသောက်ဆိုင် နှစ်ဆိုင်ဖွင့်လှစ် ရောင်းချလျက် ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ငှားရမ်းသည့် လုပ်ငန်းများအတွက် မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြကျွန်းသာစီမံကိန်းတွင် တည်ဆောက်ထားသည့် ရေပြင်ဧရိယာနှင့် ပေ ၃၀ အတွင်းရှိ အဆောက်အအုံများ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၂၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြောကြားထားသည်။

အဆိုပါ မရမ်းကုန်းမြို့နယ် မြကျွန်းသာဥယျာဉ် အတွင်းရှိ အဆောက်အအုံများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၅ ရက် ၂၀၁၇ တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၇)သို့ တင်ပြခဲ့ပြီး ဆုံးဖြတ်ချက်အပိုဒ် ၃၅ အရ မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းရှိ အဆောက်အအုံ၊ Location Plan များအတွက် Master Plan ပြန်လည်ရေးဆွဲရန် စည်ပင်သာယာရေး ကော်မတီကို အကြောင်းကြားခဲ့ကြောင်း၊ ထို့ကြောင့် Master Plan ကိုဆွဲနေပြီး ရေးဆွဲပြီးပါကလည်း ချပြသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“နောက်တစ်ခုက ဘာလဲဆိုရင် ငှားရမ်းထားတဲ့ ကုမ္ပဏီတချို့၊ မဆောက်ရသေးတဲ့ ကုမ္ပဏီကိုလည်း ပြန်ရုပ်သိမ်းဖို့ မရှိဘူး။ သို့သော် ဘောင်အတွင်းမှာ လုပ်ရမယ် မလုပ်နိုင်ရင် ပြန်အပ်။ လုပ်နိုင်လျက်သားနဲ့ သိမ်းလို့ရှိရင်လဲ မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ Master Plan အတိုင်း သွားရမယ်။ ဒီအတိုင်းလုပ်နိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ ပူးပေါင်းမှာ ဖြစ်ပါတယ်။ သို့သော် Master Plan ဆွဲထားလျက်သားနဲ့ မလုပ်နိုင်ဘူး ဆိုရင်လည်း ဘာမှမဖြစ်ဘူး။ အခုကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို Master Plan ဆွဲပြီးပါပြီ။ ရပြီးရင်လည်း သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်တွေကို ပြပါမယ်။ ရန်ကုန်တိုင်း စည်ပင်တစ်ခုတည်းနဲ့ မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ပါရမယ်။ တခြားဌာနဆိုင်ရာတွေ ပါရမှာ ဖြစ်ပါတယ်။ Master Plan လည်း ဆွဲနေပါတယ်။ ဒါကို မြန်မြန်နဲ့မှန်မှန်ပြီးဖို့ လိုပါတယ်။ ဒါအမှားကြီးပါ။ အဲဒီအမှားကို နောက်ထပ်မမှားဖို့ သေသေချာချာဆွဲဖို့ လိုပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားထားသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဂ္ဂလိက ကုမ္ပဏီရှစ်ခုသို့ ငှားရမ်းရာတွင် မြေငှားရမ်းမှုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်း မရှိကြောင်း၊ ကုမ္ပဏီများသို့ မြေငှားရမ်းခြင်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ် မတ် ၁၈ ရက် ရက်စွဲပါ စာအမှတ် ၁/၂-၇ (၆) စီမံဖြင့် ခွင့် ပြုခဲ့ပြီး ယခင်ဆောင်ရွက်ဆဲ လုပ်ငန်းများအား စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း၊ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း ကုမ္ပဏီ ရှစ်ခုသို့ မြေငှားရမ်းမှုကာလသည် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၇၃ ခုနှစ် မတ် ၃၁ ရက်အထိဖြစ်ပြီး နှစ် ၆၀ အတွက် တစ်နှစ်လျှင် တစ်ဧကနှုန်း ကျပ် ၁၂ သန်းဖြင့် ငှားရမ်းခဲ့ကြောင်း ၂၀၁၅-၂၀၁၆ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK