Top News

အင်းတော်မြို့တွင် ပျောက်ဆုံးနေသည့် ပရဟိတအဖွဲ့ဝင်လေးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရကြောင်း သတင်းထွက်ပေါ်
24htopnews | October 29, 2024 11:12 PM CST

အင်းတော်မြို့တွင် ပျောက်ဆုံးနေသည့် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ဝင် လေးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက် ညနေပိုင်းက, ကသာမြို့မှ အင်းတော်အပြန်လမ်းတွင် ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေးအသင်းမှ အတွင်းရေးမှူး ဦးဝင်းဦး၊ အသင်းဝင် ဦးကောင်းမြတ်ဇော်၊ ဦးကျော်ရွှေဦးနှင့် ဦးလုံးထော် (ခ) ဦးဇော်ထွန်းအောင်တို့ အပါအဝင် အရပ်သားတစ်ဦးဖြစ်သည့် ဦးဇော်ထွန်းတို့ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတ်ဖြတ်ခံမှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာအချို့တွင် သတင်းဖော်ပြမှုအရ ဦးကောင်းမြတ်ဇော်သည် စစ်တက္ကသိုလ်ဆင်း ရုရှားပြန် စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ကြောင်း၊ ကျန်လူများမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမာခံလူများဖြစ်ကြောင်း၊ ပျူစောထီးလုပ်ငန်းများကို မရပ်မနား လုပ်ဆောင်နေသူများ ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၇၅ ဦးရှိကြောင်း၊ ကသာမြို့နယ် ခမရ ၃၀၉ တပ်သို့ သွားနေစဉ် လမ်းပိုင်းတစ်နေရာတွင် အင်းတော်မြို့နယ် နယ်မြေရှင်းလင်းရေးအဖွဲ့ သြဂုတ်လအတွင်းက ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ ရပ်တည်လာတာတော့ ရှစ်နှစ်ရှိပြီ။ အခုပျောက်ဆုံးပြီး အသတ်ခံရတဲ့ လူတွေဟာ ပျူဖြစ်တယ် မဖြစ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ပျူဆိုတာကိုလည်း ကျွန်တော်တို့က အသေအချာနားမလည်ဘူး။ အသင်းမှာက လူမျိုး၊ နိုင်ငံဘာသာခွဲပြီး လုပ်နေကြတာလည်း မဟုတ်ဘူး။ အခုလိုဖြစ်ကုန်တော့ ဘယ်သူတွေက ဘာတွေမှန်းလည်း ကျွန်တော်တို့ မသိတော့ဘူးလေ။ စိုးရိမ်တာကတော့ ကလေးတွေ ပရဟိတ မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေမှာကိုပါ”ဟု ပြောကြားသည်။

သတ်ဖြတ်ခံရသည်ဟု သတင်းထွက်ပေါ်နေသူများအနက် ဦးကျော်ရွှေဦး (ခ) ဦးချစ်လင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီအထိ အစိုးရသတင်းစာအပါအဝင် ပုဂ္ဂလိကသတင်းမီဒီယာအချို့တွင် အလွတ်တန်း သတင်းရေးသားခဲ့သူဖြစ်ကြောင်း၊ အခြားသော ပရဟိတလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်နေကြောင်း၊ ပျူစောထီးဟု စွပ်စွဲ ချက်မှာ လက်ခံ၍မရနိုင်ကြောင်း ၊ သတင်းအချို့တွင်တက်နေသည့် အလောင်းများ ပြန်ရသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ၎င်းမိသားစုဝင်များက ပြောကြားသည်။

ဦးကျော်ရွှေဦး၏ မိသားစုဝင်တစ်ဦးက “သတင်းမှာတော့ သတ်လိုက်ပြီတက်နေတယ်။ ဖြစ်စေချင်တာကတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာကို မသိရဘူး။ ဦးကောင်းမြတ်ဇော်က အရင်ကတည်းက ဒလန်ဆိုပြီး ပြောနေကြတယ်။ ချစ်လင်းရယ် အခြားတစ်ယောက်ကလည်း အမေတစ်ခုသားတစ်ခု နေကြတာ။ ဒါကို လက်နက်ကိုင်မယ်ဆိုတာတော့ လူမှားပြီး သတ်လိုက်ကြလား မပြောတတ်ဘူး။ ဘယ်ပါတီမှ မပါဘူး။ ပရဟိတအဖွဲ့တွေထဲမှာတော့ပါတယ်။ မောင်နှမသားချင်းတွေအပေါ်မှာလည်း ကောင်းတယ်။ ငါးတန်း သမီးတစ်ယောက်။ သုံးတန်းသမီးတစ်ယောက်ကျန်တယ်။ နေ့တိုင်းလည်း မျက်ရည်နှင့် မျက်ခွက်ဖြစ်နေရတာ” ဟု ပြောကြားသည်။

၎င်းတို့နှင့်အတူပျောက်ဆုံးခဲ့သည့် ATOM ဖုန်းကုမ္ပဏီမှ ဝန်ထမ်းလူငယ်နှစ်ဦး မှာ ပြန်ရောက်လာကြောင်း သတင်းများကြား သိရသော်လည်း ပျောက်ဆုံးနေသူများကို လိုက်လံစုံစမ်းရာတွင် အဆက်အသွယ်မရဖြစ်ကြောင်း အသတ်ခံရသူများ၏ ဆွေမျိုးများက ပြောကြားသည်။

ကသာမြို့နယ် ရဲတပ်ဖွဲ့နှင့် အင်းတော်မြို့နယ် ရဲတပ်ဖွဲ့တို့က ယင်းဖြစ်စဉ်များအတွက် တစ်စုံတစ်ရာ လာရောက်တိုင်ကြားထားခြင်းမရှိကြောင်း ပြောကြားသည်။


READ NEXT
Cancel OK