Top News

ပေါင်မြို့နယ် အလှပ်နှင့်ဝဲပတန်ကျေးရွာများမှ ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေ
24htopnews | October 29, 2024 10:12 PM CST

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ရေလုပ်ငန်းများလုပ်ဆောင်ကြသော ပင်လယ်ကမ်းစပ်ကျေးရွာများ ဖြစ်ကြသည့် အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများမှ ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့မှ စတင်ကာ ပင်လယ်ပြင်ထွက်ကာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခဲ့ရာမှ ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်းအချိန်အထိ ရေလုပ်သားစုစုပေါင်း (၅၁) ဦး ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အောက်တိုဘာလ (၂၇) ရက်နေ့က ရေလုပ်သားစုစုပေါင်း (၄၂) ဦး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်လို့ အလှပ်တိုက်နယ်ဆေးရုံကိုရောက်လာကြတယ်။ အဲ့ဒီအထဲကမှ ရောဂါနည်းနည်းပြင်းထန်တဲ့ လူနာ (၂၂) ဦးကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်။ အဲ့ဒီ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်လိုက်တဲ့လူနာ (၂၂) ဦးထဲက ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတဲ့လူနာ (၅) ဦးကိုတော့ မော်လမြိုင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ရပါတယ် ဟု ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ (၂၈) ရက်နေ့က အလှပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသူများအနက်မှ ရောဂါသက်သာသွားသည့် လူနာ (၁၀) ဦးခန့်ဆေးရုံမှ ပြန်ဆင်းသွားပြီးဖြစ်သော်လည်း ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့မနက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျောလူနာ (၉) ဦးဆေးရုံသို့ထပ်မံရောက်ရှိလာကြောင်း ၎င်းဒေသခံက ဆိုသည်။

ပေါင်မြို့နယ် အလှပ်၊ ဝဲပတန်အစရှိသည့် ကျေးရွာများအတွင်းဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျောရောဂါအခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာန နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

လောလောဆယ် အလှပ်တိုက်နယ်ဆေးရုံအုပ်ရယ်၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ ကြက်ခြေနီနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက လူနာတွေကို ကုသတာ၊ ကြို/ပို့ပေးတာမျိုးတွေလုပ်ဆောင်နေကြသလို၊ တဖက်မှာလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေနဲ့ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာရှိတဲ့ ရေတွင်းရေကန်တွေကို ကလိုရင်းဆေးလိုက်ခတ်ပေးတာမျိုးတွေလုပ်ဆောင်နေကြပါတယ် ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတချို့နှင့် ကျားဖောင်တချို့ရှိ လှေလုပ်သားများတွင် ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် လှေလုပ်သား (၄) ဦးနှင့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် လှေလုပ်သား (၂) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ကာ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း (၁၅) ဦးကျော်ရှိခဲ့သည့်ပြင် လှေလုပ်သား (၈၀) ကျော်ကိုလည်း စောင့်ကြည့်နေရသည့်အခြေအနေမျိုးရှိဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာလ (၁၇) ရက်နေ့ကလည်း ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေတစ်စီးမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး  (၁) ဦးသေဆုံးခဲ့ကာ (၉) ဦးမှာ ဆေးရုံတင်ထားရကြောင်း နှင့် မုဒုံမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုများရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ဘိုဘိုမြင့်

 


READ NEXT
Cancel OK