ဂျပန်တွင် အစိုးရအဖွဲ့ပေးဝေနေသော ဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်းများတွင် မှို၊ အစွန်းအထင်းများ၊ အင်းဆက်ပိုးများ ကပ်ငြိနေခြင်းကြောင့် COVID- 19 ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုအဖြစ် အဝတ်စဖြင့် ချုပ်လုပ်ထားသော ထိုနှာခေါင်းစည်းများဖြန့်ဝေရန် ဂျပန်အစိုးရအဖွဲ့၏ကြိုး ပမ်းချက်မှာ ဝေဖန်ခံနေရပြီး ကပ်ရောဂါကို အစိုးရအဖွဲ့၏ ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ စိုးရိမ်စိတ် ပိုမိုကြီးထွားလာစေရန် အားပေးသကဲ့သို့ ရှိနေသည်။
ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်ရေးနည်း လမ်းတစ်ရပ်အဖြစ် ဒေါ်လာသန်း ၄၃၀ တန် ဖိုးရှိသည့် လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်းများကို အိမ်ထောင်စုတစ်စုလျှင် နှာခေါင်းစည်းနှစ်ခုနှုန်းဖြင့် စတင် ပေးဝေခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ၌ ယင်းနှာခေါင်းစည်းများကို လက်ခံရရှိခဲ့သူများက နှာခေါင်းစည်းများ မသန့်မရှင်း ဖြစ်နေသည့်အကြောင်းကို သတင်းပေးပို့ခဲ့ခြင်းကြောင့် အစိုးရအဖွဲ့သည် နှာခေါင်းစည်းသစ်အချို့ကို အစားထိုးပေးဝေရန် အလောတကြီးဆောင်ရွက်ခဲ့ရသည်။
“နှာခေါင်းစည်းတွေ လက်ခံရရှိလို့ ကျေနပ်ဝမ်းမြောက်ရပေမဲ့ နှာခေါင်းစည်းပေါ်မှာ ကပ်နေတဲ့အရာက အင်းဆက်ပိုးလား၊ အမှိုက်သရိုက်လား၊ အညစ်အကြေးလား” ဟု ရေးသားလျက် မူလထုပ်ပိုးမှုပုံစံ အတွင်း၌ရှိသော အဖြူရောင်နှာခေါင်းစည်းနှစ်ခု၏ ဓာတ်ပုံဖြင့်တွဲကာ အကောင့်အမည် Aiai ဆိုသူက Twitter ပေါ်တွင် တင်ခဲ့သည်။ ၎င်းတင်ခဲ့သည့် ဓာတ်ပုံထဲတွင် နှာခေါင်းစည်းတစ်ခု၏ ချုပ်ရိုးအနီး၌ အင်းဆက်ပိုးဟု ယူဆရသော အရာတစ်ခု ကပ်ငြိနေသည်ကို တွေ့မြင်ရသည်။
Twitter အသုံးပြုသူ နောက်တစ်ဦးကလည်း အစွန်းအထင်းပေနေသည့် နှာခေါင်းစည်းနှစ်ခုကို ကာတွန်းပုံစံရေးဆွဲကာ သရော်ထားသည့်ပုံကို တင်ခဲ့သည်။ အဆိုပါနှာခေါင်းစည်းပြဿနာကို Twitter ပေါ်တွင်#Abenomask ဟု ရေးသားနေကြပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ Abenomics စီးပွားရေး နည်းဗျူဟာဟု သရော်နေကြခြင်းဖြစ်သည်။
ဧပြီ ၂၂ ရက်အထိ နှာခေါင်းစည်းအရေအတွက် သန်း ၃၀ နီးပါးကို ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ဆေးကုသမှုဆိုင်ရာ အဆောက်အအုံများ၊ ဘိုးဘွားရိပ်သာများ၊ စာသင်ကျောင်းများသို့ ပေးဝေခဲ့ပြီးဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။ ထိုသို့ပေးဝေခဲ့ပြီးနောက် နှာခေါင်းစည်းများ မသန့်မရှင်းဖြစ်နေခြင်းနှင့် အနာအဆာရှိနေခြင်းကို တိုင်ကြားမှု ၁၉၀၃ မှုရှိခဲ့ပြီး တိုင်ကြားမှုအများစုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလိုချို့ယွင်းချက်၊ အနာအဆာတွေ ဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတာကို နှာခေါင်းစည်း ထုတ်လုပ်သူတွေကို ကျွန်တော်တို့ မေးမြန်းထားပါတယ်။ ပြီးတော့ချို့ယွင်းချက်ရှိနေတဲ့ နှာခေါင်းစည်းတွေကို အသစ်ပြန်လဲပေးဖို့လည်း တောင်းဆိုထားပါတယ်” ဟု ကျန်မာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ဧပြီ ၂၂ ရက်အထိ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၅၀၀ ရှိနေသည်။ ကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် နိုင်ငံ့စီးပွားရေး ရုတ်ချည်းရပ်ဆိုင်းရခြင်းမျိုးကို ရှောင်ရှားလိုသောဆန္ဒကြောင့် ဗိုင်းရပ်စ်နှိမ်နင်း၊ ကာကွယ်မှုလုပ်ငန်း နှောင့်နှေးကြန့် ကြာနေရသည်ဟု ပြည်သူအများစုက ရှုမြင်နေကြသည့်အတွက် အာဘေးအစိုးရအဖွဲ့မှာ ဖိအားများနှင့် ပိုမိုရင်ဆိုင်နေရသည်။
အာမခံချက်ပေးထားသော ယုံကြည်စိတ်ချရမှု
တစ်နိုင်ငံလုံး Lockdown ချထားရန် တောင်းဆိုမှုများ မြင့်တက်နေစဉ်တွင် အာဘေးက ဂျပန်တွင်နေထိုင်သည့် အိမ်ထောင်စု သန်း ၅၀ အတွက် နှာခေါင်းစည်းများပေးဝေမည့် မူဝါဒကို ဧပြီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အာဘေးသည် ဧပြီ ၇ ရက် တွင် မြို့ကြီးများ၌ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လွန်ခဲ့သည့်သီတင်းပတ်တွင် ထိုအရေးပေါ် အခြေအနေကြေညာချက်ကို တစ်နိုင်ငံလုံးအဆင့်သို့ တိုးချဲ့သတ်မှတ်ခဲ့သည်။
ပေးဝေမည့်နှာခေါင်းစည်းများ၏ ဘေးကင်းလုံခြုံမှုကို ပြည်သူများ စိတ်ချယုံကြည်နိုင်သည်ဟု မိမိတို့အနေဖြင့် အာမခံချက်ပေးလိုကြောင်း အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒေဆူဂါက ဧပြီ ၂၂ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် ဂျပန်တွင် နှာခေါင်းစည်းပြတ်လပ်မှုများ ဖြစ်ပွားခဲ့သည်။ အီလတ်ထရောနစ်ပစ္စည်းများ ထုတ်လုပ်သည့် ကော်ပိုရေးရှင်း Sharp သည် ဧပြီ ၂၁ ရက် တွင် အွန်လိုင်းမှတစ်ဆင့် နှာခေါင်းစည်း ဝယ်ယူမှုအမှာစာများကို စတင်လက်ခံခဲ့ပြီးနောက် ၎င်း၏ဝက်ဘ်ဆိုက်တွင် နှာခေါင်းစည်းမှာယူမှု အများအပြားဖြင့် ပြည့်နှက်သွားခဲ့ရာ အစိုးရအဖွဲ့၏ နောက်ထပ်ထုတ်ပြန်ကြေညာချက်မထွက်မီအချိန်ထိ အွန်လိုင်းတွင် နှာခေါင်းစည်းရောင်းချခြင်းကို Sharp က ရပ်ဆိုင်းခဲ့သည်။
နှာခေါင်းစည်းများ၏ ဒီဇိုင်း၊ ပါးစပ်- နှာခေါင်းတို့နှင့် အံဝင်ခွင်ကျ မရှိမှုအပေါ် ဝေဖန်နေကြသည့်အပြင် ထိုနှာခေါင်းစည်းများကို ပြည်သူတို့၏အခွန်ငွေများ အသုံးပြုကာ ထုတ်လုပ်ခြင်းဖြစ်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် အစွန်းအထင်းပေနေသော၊ မှိုတက်နေသော နှာခေါင်းစည်းပြဿနာရပ်သည် အာဘေးအစိုးရအဖွဲ့၏ ကြိုပမ်းဆောင်ရွက်ချက်အပေါ် ဝေဖန်မှုများထွက်ပေါ်လာစေရန် နှိုးဆွပေးခဲ့သည်။
အာဘေးအနေဖြင့် ထိုသို့သော နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ရပ်တန့်ရန် အချိန်ရှိသေးကြောင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေနေမည့်အစား ကောင်းမွန်ပြီးကျယ်ပြန့်သော ရောဂါပိုးစစ်ဆေးရေးစနစ်ကို တပ်ဆင်ခြင်း၊ ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာအလုံအလောက် ထောက်ပံ့ပေးခြင်း၊ အိပ်စက်အနားယူခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေကြရသည့် ဆရာဝန်များနှင့် သူနာပြုများအား ထောက်ပံ့ကူညီခြင်းတို့ လုပ်ဆောင်ရန်လိုအပ်ကြောင်း King of the Wind အကောင့်အမည်ဖြင့် Twitter အသုံး ပြုသူတစ်ဦးက လူမှုမီဒီယာထက်တွင် ရေးသားခဲ့သည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ