Top News

အရေးကြီးသော ဓာတ်ခွဲခန်းများအား စစ်ဆေးခွင့်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို ဖိအားပေး
24htopnews | October 29, 2024 7:12 PM CST

အရေးကြီးသောဓာတ်ခွဲခန်းများအား စုံစမ်းစစ်ဆေးသူများကို စစ်ဆေးခွင့်ပြုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်အား ဧပြီ ၂၂ တွင် ဖိအားပေး တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်း COVID- 19 ကပ်ရောဂါ ဖြစ်ပေါ်နေစဉ် ထိုဓာတ်ခွဲခန်းများ၏ လုံခြုံရေးကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်အလယ်ပိုင်း ဝူဟန်မြို့၏ ဓာတ်ခွဲခန်းတစ်ခုမှ ထိုဗိုင်းရပ်စ် လွတ်ထွက်သွားခဲ့သည်ဆိုသော အချက်ကို ပွန်ပီယိုက မပယ်ချခဲ့ပေ။ ယင်းကဲ့သို့ ခန့်မှန်းပြောဆိုနေမှုကို တရုတ်က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

ထိုဓာတ်ခွဲခန်းများအား တရုတ်တွင် ဖွင့်ထားဆဲဖြစ်ကြောင်း၊ ထိုဓာတ်ခွဲခန်းများတွင် ရှုပ်ထွေးသော ဗိုင်းရပ်စ်များအား လေ့လာနေကြသည်ကို သိရမည်ဖြစ်ကြောင်း၊ Wuhan Institute of Virlogy တစ်ခုတည်း မဟုတ်ကြောင်း ပွန်ပီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

မတော်တဆ လွတ်ထွက်မှုမရှိစေရန်အတွက် ထိုဗိုင်းရပ်စ်များအား ဘေးကင်းပြီး လုံခြုံသောနည်းလမ်းဖြင့် ကိုင်တွယ်နိုင်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ နျူကလီးယားအဆောက်အအုံများအား ဥပမာပြလျက် ပွန်ပီယိုက ဘေးကင်းလုံခြုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စစ်ဆေးမှုများကို ထောက်ပြခဲ့သည်။

သိပ္ပံအခေါ်အဝေါ် SARS- CoV- 2 ဟု ခေါ်ဆိုသည့် ကနဦးတွေ့ရှိခဲ့သော ဗိုင်းရပ်စ်၏နမူနာကို တရုတ်က မျှဝေခြင်းမရှိခဲ့မှုအတွက် စိုးရိမ်ကြောင်း ပွန်ပီယိုက ထပ်မံပြောကြားခဲ့သည်။

မိမိတို့တွင် ယခုအချိန်အထိ ထိုဗိုင်းရပ်စ်၏နမူနာ မရရှိသေးသလို ကမ္ဘာကြီးသည် ဝူဟန်မြို့ထဲမှ စတင်ထွက်ပေါ်လာခဲ့ဖွယ်ရှိသော ထိုဗိုင်းရပ်စ်ရှိသည့် အဆောက်အအုံများ သို့မဟုတ် အခြားနေရာများကို စစ်ဆေးခွင့် မရသေးကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

တရုတ်သည် လူသေဆုံးစေသော ထိုဗိုင်းရပ်စ်အကြောင်းအား ဖွင့်ချခဲ့သည့် ထင်ရှားသူတစ်ဦးကို ထိန်းသိမ်းခဲ့မှုအပါအဝင် ယင်းဗိုင်းရပ်စ်၏သတင်းများအား ကနဦးတွင် ဖိနှိပ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် တရုတ်သိပ္ပံပညာ ရှင်များက ထိုဗိုင်းရပ်စ်သည် ဝူဟန်မြို့၏ အသားစျေးတစ်ခုမှနေ၍ ပြီးခဲ့သောနှစ် နှောင်းပိုင်းတွင် ထွက်ပေါ်ခဲ့သည်ဟုသံသယရှိကြောင်း ပြောကြားခဲ့ကြသည်။

သို့သော် ထိုစျေးအနီးတွင် လုံခြုံရေး ထူထပ်သော ဓာတ်ခွဲခန်းတစ်ခုရှိနေသောကြောင့် မေးခွန်းများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ယခုအခါ အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅၀၀၀ ခန့် ရှိနေပြီး ကမ္ဘာ၏ မည်သည့်နိုင်ငံထက်မဆို အများဆုံးဖြစ်နေချိန်တွင် ထိုကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ဝေဖန်ခံနေရမှုကို အာရုံလွှဲရန်အတွက် သမ္မတဒေါ်နယ်ထရန့်က စိတ်အားထက်သန်နေကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK