Top News

အမေရိကန်ရေနံစျေးနှုန်း သုညအောက်သို့ ပထမဆုံးအကြိမ် ထိုးဆင်းခဲ့
24htopnews | October 29, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝယ်လိုအား ကျဆင်းခဲ့ပြီး ရေနံသိုလှောင်ထားနိုင်မှုလည်း အကန့်အသတ်ရှိလာနေသည်ကို ကုန်သည်များက စိုးရိမ်လာနေသဖြင့် ရေနံစျေးနှုန်းသည် ဧပြီ ၂၀ ၌ ပထမဆုံးအကြိမ် သုညအောက်သို့ ကျဆင်းသွားခဲ့သည်။

ရေနံလက်ကျန် များပြားလာပြီး သိုလှောင်ထားနိုင်စွမ်းကို ကျော်လွန်သွားခဲ့သောကြောင့် ရေနံထုတ်လုပ်သူများသည် သိုလှောင် မထားနိုင်သော ရေနံစည်များကို ဝယ်သူများထံ ကသုတ်ကရက် ထုတ်ရောင်းခဲ့သောကြောင့် အမေရိကန် ရေနံစိမ်းစျေး အညွန်းကိန်း WTI သည် ၁၈ ဒေါ်လာ မှ (-)၃၈ ဒေါ်လာသို့ ခေတ္တ ထိုးကျခဲ့သည်။

ဧပြီ ၂၁ တွင် ရေနံစျေးသည် သုညအထက်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး မေလ ကြို ပေးစျေးကွက်အတွက် တစ်စည်လျှင် ၁.၁၀ ဒေါ်လာသို့ ပြန်တက်လာခဲ့သည်။

မေလတွင် ဖြန့်ဖြူးမည့် ရေနံကို ရောင်းချရန် ကုန်သည်များအတွက် နောက်ဆုံးနေ့ ရောက်ခဲ့သဖြင့် မကြာသေးခင် သီတင်းပတ်များအတွင်း ကျဆင်းနေခဲ့သော ရေနံစျေးသည် အဆိုးဆုံးကျဆင်းမှုနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

အရောင်းကန်ထရိုက် စာချုပ်များ သက်တမ်းကုန်ခါနီးချိန်တွင် သိုလှောင်ထားနိုင်သည်ထက် ရေနံလက်ကျန်က ပိုနေမှုက ကုန်သည်များကို အလွန်အမင်း စိုးရိမ်စေရန် ဖြစ်သွားခဲ့ပြီး စျေးနှုန်း ပြိုလဲကျဆင်းမှုကို ဖြစ်စေခဲ့သည်။

မေလ အလွန်ကာလ ရေနံရောင်းချမှုသည် ပုံမှန်နီးပါး ရှိနေခဲ့ပြီး ဇွန်လအတွက် ကြိုပေးစျေးကွက်တွင် တစ်စည်လျှင် ၂၀.၄၃ ဒေါ်လာနှင့် စျေးကွက် ပိတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရေနံစျေးနှုန်းအညွန်းကိန်း Brent တွင် ဇွန်လအတွက် ကြိုပေးစျေးကွက်၌ တစ်စည် ၂၃.၈၇ ဒေါ်လာရှိခဲ့ပြီး ယမန်နေ့ကထက် အနည်းငယ် ကျဆင်းခဲ့သည်။

လူများ ဘီလျံနှင့်ချီပြီး အိမ်တွင်နေကြရန် တင်းကျပ်ထားမှု၊ ခရီးသွားလာမှုများ ကန့်သတ်ထားမှု၊ ကမ္ဘာတစ်ဝန်း ပိတ်ဆို့ ထိန်းချုပ်မှုများကြောင့် ရေနံစျေးသည် မကြာမီ သီတင်းပတ်များက ထိုးကျသွားခဲ့သည်။ COVID-19 ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် ရေနံဝယ်လိုအားသည် ၂၅ နှစ်အတွင်း အဆိုးဆုံး ကျဆင်းမှုနှင့် ကြုံနေရသည်။

ရေနံထုတ်လုပ်ရောင်းချသော နိုင်ငံများအဖွဲ့ အိုပက်၏ရှေ့ဆောင် ဆော်ဒီအာရေးဗျက အိုပက်အဖွဲ့ဝင် မဟုတ်သော ရုရှားကို စျေးနှုန်း စစ်ပွဲ ဆင်နွှဲခဲ့မှုကလည်း ကျဆင်းမှုကို ပိုမိုဆိုးရွားစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရေနံစျေးကွက်ထိခိုက်မှုကို ကာကွယ်ရန် တစ်ရက်လျှင် ရေနံစည် ၁၀ သန်းနီးပါး ထုတ်လုပ်မှု လျှော့ချမည်ဟု ရုရှား၊ ဆော်ဒီနှင့် အခြားနိုင်ငံများအကြား ယခုလအစောပိုင်းတွင် သဘောတူညီမှု ရခဲ့ပြီးနောက် စျေးနှုန်း စစ်ပွဲ ခေတ္တရပ်ဆိုင်းသွားခဲ့သည်။

အမေရိကန်တွင် ရေနံလှောင် နေရာများ ပြတ်လပ်လာနေပြီး ရေနံ သန့်စင်ချက်လုပ်မှုက အလျင်မမီနိုင်အောင် ဖြစ်လာနေသဖြင့် အိုပက်တို့ ရေနံ ထုတ်လုပ်မှု လျှော့ချခြင်းသည် မလုံလောက်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။ ရောင်းလိုအား ပိုလျှံနေမှုကြောင့် အမေရိကန်ရှိ ရေနံလက်ကျန်သည် ပြီးခဲ့သည့် သီတင်းပတ်က စည်ပေါင်း ၁၉.၂၅ သန်းခန့် မြင့်တက်ခဲ့သည်ဟု အမေရိကန် စွမ်းအင်သတင်းစီမံခန့်ခွဲမှုအဖွဲ့က ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်နေသောကြောင့် အရှေ့အလယ်ပိုင်းတွင်လည်း ရေနံလက်ကျန်ပိုလျှံနေပြီး ဝယ်သူ မရှိဖြစ်နေကြောင်း Trifecta အတိုင်ပင်ခံ လုပ်ငန်းမှ လေ့လာသုံးသပ်သူ ဆူခရစ်ဝီ ဇာရာကာက ပြောကြားခဲ့သည်။

ရေနံစျေးသည် ၁၉၉၈ ခုနှစ်က ရောက်ရှိခဲ့သော အနိမ့်ဆုံးစျေးဖြစ်သည့် ၁၁ ဒေါ်လာသို့ အနှေးနှင့် အမြန် ရောက်လိမ့်မည်ဟု OANDA မှ စျေးကွက် လေ့လာသူ ဂျက်ဖရီဟာလေက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။


READ NEXT
Cancel OK