Top News

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး တရုတ်ခေါင်းဆောင်များကို အမေရိကန်၏ မစ်ဇူရီပြည်နယ်က တရားစွဲ
24htopnews | October 29, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ဖြေရှင်းမှုနှင့်ပတ်သက်ပြီး တရုတ်ခေါင်းဆောင်များကို အမေရိကန်၏ မစ်ဇူရီပြည်နယ်က တရားစွဲဆိုထားပြီး အဓိပ္ပာယ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း တရုတ်က ဧပြီ ၂၂ တွင် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ဟန့်တားရန် မထိမရောက် ဆောင်ရွက်ခဲ့မှု၊ ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားခဲ့မှုတို့ကြောင့် တရုတ်ခေါင်းဆောင်များသည် လူအများအပြား သေဆုံးမှုနှင့် စီးပွားရေး နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိကြောင်း ပြည်နယ်၏ထိပ်တန်းရှေ့နေက ဧပြီ ၂၁ တွင် တရုတ်အစိုးရကို စွဲချက်တင်ခဲ့သည်။

ဗိုင်းရပ်စ်ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး ကိုယ်တိုင် အဝေဖန်ခံနေရသော သမ္မတ ဒေါ်နယ်ထရန့်က တရုတ်၏အခန်းကဏ္ဍကို အာရုံစိုက် ဝေဖန်နေချိန် ကွန်ဂရက်ကလည်း တရုတ်အစိုးရကို အရေးယူရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်ပြည်နယ်တစ်ခုက တရုတ်အစိုးရကို တရားစွဲဆိုမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထရန့်၏ရီပတ်ဘလီကင်ပါတီက ဦးဆောင်နေသော မစ်ဇူရီပြည်နယ်တွင် ဖက်ဒရယ် တရားရုံး၌ လျှောက်ထားခဲ့သော တရားစွဲဆိုမှုက တရုတ်အစိုးရထံမှ နစ်နာကြေးတောင်းရန် ကြိုးပမ်းထားသည်။ တရုတ်အစိုးရသည် ဗိုင်းရပ်စ်၏အန္တရာယ်ကို လိမ်လည်ခဲ့ကြောင်း၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ကြောင်း ရီပတ်ဘလီကင်မှ ပြည်နယ်ရှေ့နေချုပ် အဲရစ်ရှမစ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်တတ်သော သဘာဝ၊ အန္တရာယ်တို့နှင့်ပတ်သက်ပြီး ကမ္ဘာကို လိမ်လည်ခဲ့ကြောင်း၊ လျှို့ဝှက်ချက် ဖော်ထုတ်သူများကို အသံတိတ်စေခဲ့ကြောင်း၊ ရောဂါကူးစက်မှုကို တားဆီးရန် အနည်းငယ်သာ ဆောင်ရွက်ခဲ့ကြောင်း ထိုလုပ်ရပ်များအတွက် တရုတ်အစိုးရသည် တာဝန်ခံရမည်ဖြစ်ကြောင်း အဲရစ်ရှမစ်က ပြောကြားခဲ့သည်။

အချုပ်အခြာအာဏာကို ကာကွယ်ပေးသည့် အခြေခံမူအရ အမေရိကန်ဥပဒေသည် နိုင်ငံခြားအစိုးရများကို တရားစွဲဆိုမှုအား တားမြစ်ထားသည်။ ထို့ကြောင့် မစ်ဇူရီပြည်နယ်၏တရားစွဲဆိုမှုသည် အောင်မြင်နိုင်ခြေ နည်းသည်။

မစ်ဇူရီကလည်း ထိုအခြေအနေကို ဖြေရှင်းသည့်အနေနှင့် တရုတ်ကွန်မြူနစ်ပါတီကို တရားစွဲခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် ဆောင်ရွက်ခဲ့ရမှုနှင့် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် မစ်ဇူရီပြည်နယ်သည် ဒေါ်လာ ဘီလျံများစွာ ဆုံးရှုံးခဲ့ကြောင်း ခန့်မှန်းချက်တစ်ခုကို ကိုးကားပြီး တရားစွဲဆိုမှု၌ ဖော်ပြခဲ့သည်။

မစ်ဇူရီပြည်နယ်နှင့် ပြည်နယ်သားတို့၏ အခွင့်အရေးကို တရုတ်ကွန်မြူနစ်ပါတီက သိသိနှင့် မျက်ကွယ်ပြုခဲ့ကြောင်း တရားစွဲဆိုမှုက စွပ်စွဲခဲ့သည်။

မစ်ဇူရီပြည်နယ်၏ ဒီမိုကရက်တစ်ပါတီ အမှုဆောင်ဒါရိုက်တာ လောရင့်ဂတ်ဖို့က ပြန်လည်အရွေးချယ်ခံမည့် ရီပတ်ဘလီကင် ရှေ့နေချုပ်တစ်ဦးက တရားစွဲဆိုမှုသည် စတန့်ထွင်မှုသက်သက်ဟု ဝေဖန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မစ်ဇူရီပြည်နယ်တွင် သေဆုံးသူ ၂၁၅ ဦးထိရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၅,၉၆၃ ဦး ရှိကြောင်း ယင်းအချက်အလက်များက ဆိုသည်။

တရုတ်အလယ်ပိုင်း ဟူပေပြည်နယ်၏ ဝူဟန်မြို့တွင် ယမန်နှစ်က စတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အဖြစ်မှန်ကို အခြေမခံဘဲ ဥပဒေကြောင်းအရ မခိုင်မာသည့် စွပ်စွဲချက်များသည် ရယ်ဖွယ်သက်သက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကန်ဆွမ်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထရန့်သည် တရုတ်ကို ဝေဖန်နေသော်လည်း အမေရိကန်က အရေးတကြီး လိုအပ်နေသော နှာခေါင်းစည်းများ၊ အခြားကျန်းမာရေး ပစ္စည်းများအတွက် တရုတ်က အဓိက ရင်းမြစ်ဖြစ်နေသောကြောင့် ထရန့်အစိုးရအဖွဲ့က တရုတ်အစိုးရကို အရေးယူ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အလေးအနက် ဆောင်ရွက်လိုဟန် မပြခဲ့ပေ။

 


READ NEXT
Cancel OK