Top News

ဗိုင်းရပ်စ်စစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီးနောက် ဗီယက်နမ်က ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဟု ကြေညာ
24htopnews | October 29, 2024 5:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၇၀ ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့သော ဗီယက်နမ်သည် ၎င်း၏စီးပွားရေးကို ပြန်လည်စတင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။ အိမ်နီးချင်း တရုတ်မှ ခရီးသွားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဇန်နဝါရီနှောင်းပိုင်းက အစောဆုံးတွေ့ရှိခဲ့ပြီးနောက် ကွန်မြူနစ်ပါတီဦးဆောင်သော ဗီယက်နမ်အစိုးရသည် ထိန်းချုပ်ပိတ်ဆို့မှုများ စတင်ပြဋ္ဌာန်းခဲ့သည်။

တရုတ်နှင့် ရှည်လျားသော နယ်စပ်ကို မျှဝေပိုင်ဆိုင်ထား‌သော လူဦးရေ ၉၆ သန်းရှိသည့် ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် အောင်မြင်ခဲ့ပြီး အခြားနိုင်ငံအများစုထက် စော၍ စီးပွားရေးပြန်လည်လည်ပတ်ရန် အသင့်ဖြစ်နေဖွယ်ရှိကြောင်း ရိုက်တာက အင်တာဗျူးခဲ့သည့် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက ပြောခဲ့သည်။

စီးပွားရေးလုပ်ကိုင်သူ ဖန်ကွက်ဗီယက်သည် ဇန်နဝါရီနှောင်းပိုင်းက ဗီယက်နမ်တောင်ပိုင်းရှိ တေနင်းပြည်နယ်တွင် ဘုရားရှိခိုးနေစဉ် အစိုးရတာဝန်ရှိသူတစ်ဦးက ဖုန်းနှင့်ဆက်သွယ်လာခဲ့သည်။

ဗီယက်နမ်၏ Viet A ကော်ပိုရေးရှင်းသည် စမ်းသပ်ကိရိယာများ ထုတ်လုပ်သောကုမ္ပဏီဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်မှုကို စတင်သိရှိခဲ့ပြီးနောက် ဗီယက်နမ်အစိုးရသည် ဆေးကုသမှုနှင့်ဆိုင်သည့် စမ်းသပ်ကိရိယာ ထုတ်လုပ်မှုအတွေ့အကြုံရှိသည့် လုပ်ငန်းများကို အရေးပေါ်အကူအညီတောင်းရန် ဆက်သွယ်ခဲ့သည်။

ဗီယက်နမ်အစိုးရသည် နိုင်ငံတွင်း ခရီးသွားလာမှုကို ကန့်သတ်ရန် စောစီးစွာ ဆောင်ရွက်ခဲ့ခြင်း၊ လူထောင်ပေါင်းများစွာကို ကန့်သတ်ခွဲထားရန် ဆောင်ရွက်ခြင်း၊ စစ်ဆေးစမ်းသပ်မှုများကို အလျင်အမြန် ဆောင်ရွက်ခြင်း၊ ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့ဖွယ်ရှိသူများကို ခြေရာခံသည့်စနစ်ကို ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက ဆိုခဲ့သည်။

“အဲဒီလိုလုပ်ဆောင်မှုတွေက ပြောရတာလွယ်တယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ဗီယက်နမ်တွေက အဲဒီဆောင်ရွက်ချက်တွေကို ထပ်ခါထပ်ခါ‌ ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်နေပါတယ်” ဟု အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်‌ရေးစင်တာ CDC ၏ ဟနွိုင်းအခြေစိုက် တာဝန်ရှိသူ မက်သရူးမိုးက ပြောကြားခဲ့သည်။ မိုးသည် ဇန်နဝါရီအစောပိုင်းကတည်းက ဗီယက်နမ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူ ဖြစ်သည်။

ဇန်နဝါရီတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်စဉ်က ဓာတ်ခွဲစမ်းသပ်ခန်း သုံးခုရှိခဲ့ရာမှ ဧပြီတွင် ၁၁၂ နေရာအထိ ဗီယက်နမ် အစိုးရက တိုးမြှင့်နိုင်ခဲ့သည်။

ဧပြီ ၂၉ အထိ ကာလအတွင်း ဗီယက်နမ်သည် ဗိုင်းရပ်စ် စမ်းသပ်မှု ၂၁၃၇၄၃ ဆောင်ရွက်ထားပြီး ကူးစက်ခံရမှု ၂၇၀ ကို တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းအင်းများက ဆိုသည်။

တစ်ပါတီ အာဏာအုပ်ချုပ်မှုနှင့် စျေးကွက်စီးပွားစနစ်တို့က ဗီယက်နမ်၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အ‌ထောက်အကူဖြစ်စေခဲ့သည်။ ယခင်က ဗိုင်းရပ်စ်ဘေးအတွေ့အကြုံရှိသည့် လူထုကလည်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“တစ်စည်းတစ်လုံးတည်းရှိတယ်။ အဲဒီတော့ တစ်နိုင်ငံလုံးဆိုင်ရာ မူဝါဒဆုံးဖြတ်ချက်တွေကို အငြင်းပွားမှု များများမရှိဘဲ လျင်လျင်မြန်မြန် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပါတယ်” ဟု ဟိုချီမင်းစီးတီးရှိ Oxford University Clinical Research ဌာန၏ဒါရိုက်တာ ဂီထဝေတက်စ်က ပြောကြားခဲ့သည်။

ဂီထဝေတက်စ်သည် ဟိုချီမင်းစီးတီးရှိ အပူပိုင်းရောဂါဆိုင်ရာ ခုတင် ၅၅၀ ဆေးရုံတွင် လုပ်ကိုင်နေသူဖြစ်သည်။ တောင်ပိုင်းဗီယက်နမ်၏လူဦးရေ ၄၅ သန်းကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ထိုဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စာရင်းလွတ်နေသူ၊ စာရင်းမဝင်သူဟူ၍ မရှိကြောင်း ဂီထဝေတက်စ်က ပြောကြားခဲ့သည်။

အောက်စဖို့ဒ်သုတေသနဓာတ်ခွဲခန်းအတွက် ရောဂါရှာဖွေစမ်းသပ်မှုကိုလည်း တိုးမြှင့်ခဲ့ကြောင်း၊ တစ်ရက်လျှင် ၁၀၀ ခန့် စစ်ဆေးနိုင်ရာမှ ၁၀၀၀ အထိ စမ်းသပ်နိုင် စွမ်းမြှင့်တင်ခဲ့‌ကြောင်း ၎င်းက ဆိုခဲ့သည်။

ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကလည်း ဗီယက်နမ်၏ ကိုရိုနာတိုက်ဖျက်ရေးတွင် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ်၏အန္တရာယ်များကို မှိန်ချနေဆဲဖြစ်သည့် ဖေဖော်ဝါရီနှောင်းပိုင်းတွင် ဗီယက်နှင့် သူ၏အ‌ပေါင်းအပါများသည် COVID- 19 စမ်းသပ်ကိရိယာ အများအပြား ထုတ်လုပ်ရန်လိုအပ်သည့် အရေးကြီးအစိတ်အပိုင်းများကို အမေရိကန်နှင့် ဂျာမနီမှ စတင်စုဆောင်းနေခဲ့သည်။

ဗီယက်နမ်အစိုးရ၏ စစ်ဘက်ဆေးတက္ကသိုလ်မှ သုတေသီများသည် Viet A နှင့်ပူးပေါင်းပြီး စမ်းသပ်ကိရိယာတစ်ခုကို ဒီဇိုင်းထုတ်ထားပြီးဖြစ်သည်။ ထိုကိရိယာကို အများအပြားထုတ်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို အစိုးရက လိုင်စင်ချထားပေးခဲ့သည်။ ဗီယက်နမ်တွင် စမ်းသပ်စစ်ဆေးမှု ၂၅၀၀၀၀ ကို ၎င်း၏ကုမ္ပဏီမှ စမ်းသပ်ကိရိယာများနှင့်စမ်းသပ်ရန် ဆောင်ရွက်စေခဲ့ကြောင်း ဗီယက်က ပြောခဲ့သည်။ နိုင်ငံခြားသို့လည်း စမ်းသပ်ကိရိယာ ၂၀၀၀၀ တင်ပို့ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စမ်းသပ်စစ်ဆေးမှုနှင့်အတူ ဗီယက်နမ်သည် ရောဂါလက္ခဏာရှိသူများနှင့် ထိတွေ့သူများကို နှံ့နှံ့စပ်စပ် ရှာဖွေခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးဆိုးရွားရွားဖြစ်နေသော အမေရိကန်နှင့်ဥရောပမှ ပြန်လာသူများကို သီးခြားခွဲထားခြင်းတို့ကိုလည်း အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

မတ်လအစောပိုင်းက စစ်တပ်က ဦးစီးသည့် ထိန်းချုပ်စင်တာများတွင် ထားရှိသူများအနက် အနည်းငယ်ကိုသာ ဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ခဲ့သည်။ ဧပြီ အစောပိုင်းတွင်မူ စမ်းသပ်စစ်ဆေးမှုက      ထိန်းချုပ်ကန့်သတ်ထားသူ အရေအတွက်ထက် ကျော်လွန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏အချက်အလက်များက ဆိုသည်။

နိုဝင်ဘာက ကျန်းမာရေးဝန်ကြီး အနားယူခဲ့မှုကပင် ဗီယက်နမ်၏လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းကို သက်ရောက်ခဲ့ဖွယ် မရှိခဲ့ပေ။ ကြားဖြတ်ကျန်းမာရေးဝန်ကြီးတာဝန် ယူထားသော ဒုတိယဝန်ကြီးချုပ် ဗူဒက်ဒမ်သည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံမရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ၎င်း၏ ဦးဆောင်မှုကြောင့် သူရဲကောင်းသဖွယ် လူမှုမီဒီယာတွင် ချီးကျူးခံခဲ့ရသည်။                 

 

 


READ NEXT
Cancel OK