Top News

ဖိလစ်ပိုင်မူးယစ်စစ်ပွဲ၏ ခြောက်လှန့်မှုကို ခံနေရသည့် ကျန်ရစ်သူမိသားစုများ
24htopnews | October 29, 2024 1:12 PM CST

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ၎င်း၏ ဆင်းရဲသားရပ်ကွက်အတွင်းသို့ ရဲအရာရှိလေးဦး ဝင်ရောက်ကာ ၎င်း၏ခင်ပွန်းနှင့် ဆယ်ကျော်သက်အရွယ်သားဖြစ်သူကို သတ်ဖြတ်ခဲ့ပြီးနောက် ခြောက်နှစ်အကြာအထိ မယ်ရီ အန်းဘိုနီဖာစီယိုသည် အမှန်တရားအတွက် တိုက်ပွဲဝင်နေလျက် ၎င်း၏ကိုယ်ပိုင်ဘဝအတွက် စိုးရိမ်မှုများ ရှိနေသည်။

ဘိုနီဖာစီယိုသည် ၎င်း၏ခင်ပွန်းနှင့် သားဖြစ်သူတို့ တရားဥပဒေမဲ့ သတ်ဖြတ်ခံရကြောင်းသက်သေပြရန် မျှော်လင့်ချက်ဖြင့် တရားရုံးတွင် ဆက်လက်ရင်ဆိုင်နေပြီး ယင်းသည် ဖိလစ်ပိုင်သမ္မတ ရိုုဒရီဂို ဒူတာတေး၏ မူးယစ်စစ်ပွဲကို တာဝန်ထမ်းဆောင်သည့် အရာရှိများ တရားရင်ဆိုင်နေရသည့် ရှားပါးဥပမာတစ်ရပ် ဖြစ်သည်။

နိုင်ငံအတွင်း မူးယစ်ဆေးဝါးပပျောက်ရန် ကတိကဝတ်ဖြင့် ၂၀၁၆ ခုနှစ် ဒူတာတေး သမ္မတတာဝန်ထမ်းဆောင်ချိန်ကတည်းက ရဲတပ်ဖွဲ့၏မူးယစ်ဆန့်ကျင်ရေးလှုပ်ရှားမှု အတွင်းလူပေါင်း ၆,၂၀၀ ကျော် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များ၏ ခန့်မှန်းချက်အရ ရဲအရာရှိများနှင့် ရပ်ကွက်အတွင်းရှိ စေတနာ့ဝန်ထမ်းကင်းအဖွဲ့ တို့သည် မူးယစ်ဆေးဝါး အသုံးပြုမှုနှင့် ဆက်နွှယ်နေကြောင်း သက်သေမပြနိုင်သည့်တိုင် ဆင်းရဲသည့် လူပေါင်း သောင်းချီကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ယင်းမူးယစ်စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြပြီးနိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ရသော်လည်းရဲအရာရှိ သုံးဦးသာ မူးယစ်သံသယရှိသူတစ်ဦးကို သတ်ဖြတ်မှုနှင့် စီရင်ချက်ချခံရသည်။

မိသားစုအများစုသည် ၎င်းတို့၏ဆွေမျိုးများကို သတ်ဖြတ်ခဲ့သူများအား တရားရေးအရ ရင်ဆိုင်ရန်ငွေကြေး သို့မဟုတ် အချိန်မရှိကြသည့်အပြင် အလွန်စိုးရိမ်ကြောက်ရွံ့မှုများရှိကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။

ကလေးငါးယောက်ရှိသည့်ဘိုနီဖာစီယိုအတွက် တရားဥပဒေကြောင်းအရ အရေးယူရန်ဆုံးဖြတ်ချက်သည် သာမန်ဘဝတစ်ခုကိုစွန့် လွှတ်လိုက်သည့်သဘောသက်ရောက်နေသည်။

အာမခံချက်ဖြင့် ပြန်လွတ်လာသော ရဲအရာရှိများ သို့မဟုတ် ၎င်းတို့ကိုထောက်ခံသူများအား ကြောက်ရွံ့နေရသော ဘိုနီဖာစီယိုသည်အကြိမ်ပေါင်းများစွာ အိမ်ပြောင်းရွှေ့နေထိုင်ရပြီး အချိန်တိုင်းစိုးရိမ် ကြောက်လန့်စွာနေထိုင်နေရသည်။

“အချိန်မရွေးကျွန်မအသတ်ခံ ရနိုင်ပါတယ်”ဟု အသက် ၄၈ နှစ်အရွယ်ထက်ပင် ပိုမိုအသက်ကြီးပုံပေါ်နေသော ဘိုနီဖာစီယိုကဆိုသည်။

ဝင်ငွေရရှိရန် အဝတ်များကို လျှော်ဖွတ်ပေးပြီး အိမ်သန့်ရှင်းရေး ကူလုပ်ပေးရသည့် ဘိုနီဖာစီယိုသည် ၎င်းကလေးများ၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ကြောင်းလည်းပြောကြားခဲ့သည်။

သူသည် အိမ်၊အခန်းတို့အား ဆေးသုတ်ပြုပြင်အလှဆင်ပေးသူဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေသည့် ခင်ပွန်းဖြစ်သူ လူးဝစ်နှင့် စားပွဲထိုး တစ်ဦးဖြစ်သည့် သားဖြစ်သူဂေဘရီ ယယ်တို့အား မူးယစ်ဆေးမှုတွင်ပါဝင်သည်ဟုစွပ်စွဲကာ ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်က လူသတ်မှုစွဲချက်များဖြင့် တရားစွဲဆိုခဲ့သည်။

ရဲတပ်ဖွဲ့များ၏ လုပ်ရပ်သည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ထက် ကျော်လွန်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့အား လျော့နည်းသည့် လူသတ်မှုစွဲချက်များတင်ရန် စုံစမ်းစစ်ဆေးသူများက လေးနှစ်အချိန်ယူ ခဲ့ရသည်။

အမျိုးသားများက ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ်ကာကွယ်ခြင်းဖြစ်သည်ဟု ရဲအရာရှိများက ထွက်ဆိုခဲ့ကြပြီး သက်သေမခိုင်လုံသောကြောင့်အမှု ကို ပလပ်ပေးရန် တရားရုံးကို လျှောက်ထားကြသည်။

“ကျွန်မသူတို့ကိုသေစေလိုတဲ့ စိတ်မရှိပါဘူး။သူတို့လုပ်ခဲ့တဲ့အရာက မှားနေတယ်ဆိုတာကို သူတို့နားလည်သွားစေချင်ရုံပါ။ ဒါ့ပြင်အခြား သူတွေကိုလည်း ဒီလိုထပ်မလုပ်စေချင်လို့ဖြစ်ပါတယ်”ဟု ဘိုနီဖာစီယိုက ဆိုသည်။

မူးယစ်စစ်ပွဲကိုလုပ်ဆောင်သည့် တူညီသောအဖွဲ့အစည်းဖြစ်သော ရဲတပ်ဖွဲ့က သက်သေအသုံးပြုမှုကို ချုပ်ကိုင်ထားခြင်းသည် အဓိက အတားအဆီးတစ်ခုဖြစ်နေသည်ဟု  ဘိုနီဖာစီယို၏ရှေ့နေ ခရစ်တီနာ ကွန်တီကပြောကြားခဲ့သည်။

“ဒီလိုရာဇဝတ်မှုအမျိုးအစား တွေမှာ တာဝန်ခံမှုရဲ့ ဝန်ထုတ်ဝန်ပိုးတွေဟာ ကျူးလွန်ခံရသူ ဒါမှမဟုတ် ရှင်ကျန်ရစ်သူအပေါ်ကို ရိုးရိုးရှင်းရှင်းကျရောက်နိုင်ခြင်း မရှိပါဘူး”ဟု ကွန်တီက ထပ်မံပြောကြားခဲ့သည်။                                  


READ NEXT
Cancel OK