Top News

ရုရှား၏ အမြောက်တပ်ကို ယှဉ်နိုင်စွမ်းလျော့ကျလာသည့် ယူကရိန်း၏ တိုက်ပွဲဝင် ဒရုန်းများ
24htopnews | October 29, 2024 1:12 PM CST

ယူကရိန်းစစ်တပ်က အသုံးပြုခဲ့သည့် ဒရုန်းများသည် အင်အားကြီးမားသည့် ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း  လက်ရှိတွင် ရုရှား၏ အလွန်ပြင်းထန်သည့် အမြောက်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယူကရိန်း စစ်တပ်က အသုံးပြုနေသည့် ဒရုန်းများ၏ အခန်းကဏ္ဍမှာ စတင်မှေးမှိန်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စစ်ပွဲ၏ အစောပိုင်းအဆင့်များတွင် ရန်သူများကို ထောက်လှမ်းရန် သို့မဟုတ် တိုက်ခိုက်ရန် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်စကီး၏ စစ်တပ်က ဖြန့်ကြက်ခဲ့သည့် အဝေးထိန်း ဒရုန်းများသည် ယူကရိန်း၏ ကောင်းကင်ယံတွင် နေရာယူထားခဲ့ကြသည်။

စစ်ပွဲအစောပိုင်းကာလအတွင်း ယူကရိန်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စစ်တပ်ကို ဟန့်တားရာတွင် ဒရုန်းများမရှိပါက  အလွန်ဆိုးရွားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန် စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီးပေါလ် လူရှန်ကိုက ပြောကြားခဲ့သည်။

“ဒရုန်းတွေဟာ ပူတင်ရဲ့ မဟာဗျူဟာနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားစေပါလိမ့်မယ်”ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် လူသိများထင်ရှားသည့် TB-2 အမည်ရှိ တူရကီလုပ် Bayraktar ဒရုန်းများသည် ယူကရိန်း၏မြို့တော် ကိယက်ဗ်ကို ခုခံကာကွယ်ရာတွင် ၎င်း၏ နာမည်ဂုဏ်သတင်းကို ပိုမိုမြှင့်တင်နိုင်ခဲ့သည်။

ဒရုန်းများသည် ရုရှားတပ်များ၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်မှုအပြင် ရုရှားနှင့်ယှဉ်ပါက အားနည်းနေသည့် ယူကရိန်းလေတပ်အတွက် အထောက်အကူရခဲ့သည်။

“အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာတွင် ကင်းထောက်မှုနှင့် လက်နက်စနစ်များသည် သမားရိုးကျ ရန်သူကို လေကြောင်းမှ ရင်ဆိုင်ရာတွင်  အသာစီးရစေနိုင်သည်ဟုပြင်သစ်မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် မဟာဗျူဟာမြောက် သုတေသနဖောင်ဒေးရှင်း (FBS) မှ အော်ဒီသောမတ်စ်က ပြောကြားခဲ့သည်။

ယူကရိန်းသည် အာဖဂန်၊အီရတ်စစ်ပွဲများတွင် အမေရိကန်က အသုံးပြုခဲ့သည့် ဒရုန်းများ၊ ဆီးရီးယား၊ လစ်ဗျားနှင့် နာဂေါ်နိုကာရာ ဘက်ဒေသတို့တွင်ဖြစ်ပွားသည့် ပဋိပက္ခများတွင် အသုံးပြုခဲ့သည့် ဒရုန်းများကဲ့သို့ စစ်မြေပြင်သုံး ဒရုန်းများကို တီထွင်ခဲ့ခြင်းမရှိသော်လည်း ဒရုန်းများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အသုံးပြုခဲ့သည်။

အများပြည်သူသုံး ဒရုန်းများကို ထောက်လှမ်းရေးအတွက် အသုံးပြုမှု၊ အမြောက်တပ်များအတွက် ပစ်မှတ်ရှာဖွေပေးမှု၊ ရန်သူများ၏ တည်နေရာများကို တိုက်ရိုက်တိုက်ခိုက်မှုအပါအဝင် ဒရုန်းများကို အသုံးချနိုင်ခဲ့သည်။

ယူကရိန်းသည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ရုရှားကသိမ်းပိုက်ခဲ့ချိန်ကတည်းက ဒရုန်းများအသုံးပြုမှုကို စိတ်ဝင်စားခဲ့ပြီး အရပ်ဘက်သုံး ဒရုန်းများကို စစ်ဘက်တွင် အသုံးပြုနိုင်ရန် ကွန်ပျူတာပညာရှင်များပါဝင်သည့် Aerorozvidka အမည်ရှိ NGO အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ယင်းအဖွဲ့သည် ၎င်းတို့ကိုယ်ပိုင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများကို ထုတ်လုပ်နိုင်ခဲ့ပြီး  တင့်ကားဖျက်ခဲယမ်းများ တင်ဆောင်နိုင်သည့် ယင်းဒရုန်းများကို ထိန်းချုပ်မောင်းနှင်သည့် ၀ါရင့်ပိုင်းလော့အဖွဲ့ ၅၀ ခန့်ရှိသည်ဟု သောမတ်စ်က ပြောကြားခဲ့သည်။

သို့သော်လည်း စစ်ပွဲသည် ငါးလအတွင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် တိုက်ပွဲများသည် နိုင်ငံ အရှေ့ပိုင်း ဒွန်းဘက်စ်ဒေသသို့ ရောက်ရှိသွားခဲ့ကာ ယင်းတိုက်ပွဲများတွင် အမြောက်တပ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ယူကရိန်းအနေဖြင့် ဒရုန်းများကို ဖြန့်ကြက်ချထားမှုတွင် အခက်တွေ့လာခဲ့ပြီး ကုန်ကျစရိတ်များလည်း ပိုမိုများပြားခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရုရှား၏ S-300 နှင့် S-400 လေယာဉ်ပစ်အမြောက်များသည် ဒရုန်းများအတွက် အန္တရာယ်ကြီးသည့် ရန်သူတော်များဖြစ်ပြီး ယင်းအမြောက်များလက်လှမ်းမီသည့် နေရာများသို့ လက်နက်တပ်ဆင်ထားသည့် Gray Eagle ဒရုန်းများကို စေလွှတ်ရန် အမေရိကန်နှင့် ယူကရိန်းအရာရှိအချို့က စိုးရိမ်ခဲ့ကြသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ ဂျက်ဒက်ချ်က ပြောကြားခဲ့သည်။

ရှေ့တန်းစစ်မြေပြင်တွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် Gray Eagle ဒရုန်းများသည် ရှစ် ကီလိုမီတာ (ငါးမိုင်) အထိ ပျံသန်းနိုင်ပြီး ယင်းဒရုန်းတစ်စင်းလျှင် ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိသည်။ ယင်း ဒရုန်းများသည် ဒုံးကျည်တစ်စင်း သို့မဟုတ် နှစ်စင်း ထိမှန်ခံရမည်ဆိုပါက ပျက်ကျနိုင်သဖြင့် ဒေါ်လာ သန်းချီ ဆုံးရှုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

ထို့ကြောင့် ရှေ့တန်းစစ်မြေပြင်တွင် နေ့အလိုက် ဒရုန်းများ အသုံးပြုမှုကို လျှော့ချကန့်သတ်မှုနှင့်ပတ်သက်ပြီး ယူကရိန်းစစ်ဦးစီးချုပ်နှင့် ရှေ့တန်းမှ စစ်သားများအကြား သဘောထားကွဲလဲမှုအချို့ ဖြစ်ပွားခဲ့သည်ဟုလည်း ဒက်ရှ်က ပြောကြားခဲ့သည်။

အမေရိကန်၏ တစ်ခါသုံး Switchblade ဒရုန်းများနှင့် Phoenix Ghost ဒရုန်းများသည် ဒေါ်လာ ထောင်ဂဏန်းသာရှိသည်။

ထိုအချိန်အတောအတွင်း ဒရုန်း ထုတ်လုပ်သည့် နိုင်ငံများသည်  ဒရုန်းများအသုံးပြုမှုနှင့်ပတ်သက်ပြီး နောက်ဆုံးပေါ် အိုင်ဒီယာများကို စဉ်းစားလာခဲ့ကြသည်။

စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်ရန် ကုန်ကျစရိတ်သက်သာပြီး ခဲယမ်းအများအပြားသယ်ဆောင်နိုင်ကာ အရွယ်အစားသေးငယ်ပြီး ဘက်စုံအသုံးပြုနိုင်သည့် ဒရုန်းကို ထုတ်လုပ်ရမည်ဟု အမေရိကန် ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မိုက်ကယ် အိုဟန်လွန်က ပြောကြားခဲ့သည်။          


READ NEXT
Cancel OK