Top News

လူဟန်ဒေသတစ်လုံးကို ထိန်းချုပ်လိုက်ပြီဟု ရုရှားက ပြောကြားခဲ့ပြီးနောက် မဟာဗျူဟာကျသော လွိုင်ဆစ်ချန့်မြို့မှ ယူကရိန်းတပ်များ ဆုတ်ခွာ
24htopnews | October 29, 2024 1:12 PM CST

ရုရှားက လူဟန်ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းဖြင့် ကြီးမားသောအောင်ပွဲကို ရရှိသည်ဟု ပြောကြားလိုက်သောကြောင့် သီတင်းပတ်ကုန်တွင် ယူကရိန်းစစ်တပ်သည် မဟာဗျူဟာကျသော မြို့ကြီးတစ်မြို့ဖြစ်သည့် လွိုင်ဆစ်ချိန့်မှ ဆုတ်ခွာလာခဲ့သည်။

သီတင်းပတ်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတပ်များဆုတ်ခွာခြင်းမှာ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက် လေးလကျော်အကြာတွင် ရုရှားစစ်သားများအတွက် အဆုံးအဖြတ်ပေးသော အောင်ပွဲတစ်ရပ်ဖြစ်သည်။

ဖြစ်ပွားနေဆဲ စစ်ပွဲ၌ အရေးပါသောအရာဖြစ်ခဲ့သည့် လွိုင်ဆစ်ချန့်သည် အရှေ့ပိုင်းဒွန်းဘက်စ်ဒေသ၏ လူဟန်ဒေသတွင် နောက်ဆုံးခုခံရာနေရာဖြစ်သည်။ ၎င်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ရုရှားတပ်များသည် အနီးအနားဒေသ ဒိုးနက်ရှိခရာမာတော့နှင့် ဆလိုဗီယန်ဆစ်တို့ကို လွတ်လွတ်လပ်လပ် ချီတက်နိုင်တော့မည်ဖြစ်သည်။

ရုရှား၏လူအင်အားနှင့် လက်နက်အင်အားအသာရမှုတို့ကြောင့် လွိုင်ဆစ်ချန့်ကို ဆက်လက်ကာကွယ်ခြင်းက ပြင်းထန်သည့်အကျိုးဆက်များ ဖြစ်လာစေရန် ဦးတည်စေမည်ဟု ဇူလိုင် ၃ ရက် ညနေပိုင်းတွင် ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းခုခံကာကွယ်သူများ၏ အသက်များကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ဆုတ်ခွာရန် ဆုံးဖြတ်ချက်ကို ချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အောင်မြင်မှုအတွက် သံမဏိစိတ်ဓာတ်နှင့် မျိုးချစ်စိတ်တို့ မလုံလောက်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်များနှင့် နည်းစနစ်ဆိုင်ရာ အရင်းအမြစ်များ လိုအပ်နေကြောင်း ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြင်းထန်သည့် တိုက်ပွဲများ သီတင်းပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏အမြွှာဖြစ်သော ဆီဗာရိုဒိုးနက်မြို့ကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် လွိုင်ဆစ်ချန့်မြို့ ကျသွာခြင်းဖြစ်သည်။

ယူကရိန်းသည် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်တပ်ကိုလည်း ခေတ်အမီဆုံးလက်နက်များ ရစေရမည်ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သော မိန့်ခွန်း၌ သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“စေ့စပ်ဆွေးနွေးတာတွေ အများအပြားလုပ်ဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ ခေတ်အမီဆုံးလက်နက်တွေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ယူကရိန်းဟာ ကျူးကျော်လာသူတွေနဲ့ အဆင့်တူတဲ့အထိ ရောက်လာစေမှာဖြစ်ပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားသည်။

ယူကရိန်းကို နောက်ဆုံးအကူအညီပေးသည့်နိုင်ငံမှာ သြစတြေးလျဖြစ်သည်။ ယူကရိန်းကို နောက်ထပ်စစ်ရေးအထောက်အပံ့ပေးမည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီ့စ်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းထံသံချပ်ကာ ယာဉ်များနှင့် ဒရုန်းများ ပေးပို့သွားမည်ဟု ကိယက်ဗ်မြို့၌ သမ္မတဇယ်လန်းစကီးနှင့် တွေ့ဆုံရာတွင် သြစတြေးလျဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ယူကရိန်းဒုံးကျည်များကို မိမိတို့ကြားဖြတ်ဟန့်တားခဲ့သည်ဟု ဘီလာရုစ်က ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမြို့ ဘယ်ဂိုရော့ကို ယူကရိန်းက ဒုံးကျည်သုံးစင်းဖြင့် တစ်ပြိုင်တည်းပစ်ခဲ့သည်ဟု ဇူလိုင်လ ၃ ရက်တွင် ရုရှားက စွပ်စွဲခဲ့သည်။   


READ NEXT
Cancel OK