Top News

အရန်လောင်စာဆီ ရှားပါးလာသည့် သီရိလင်္ကာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် ပြေးဆွဲမှုများ တဖြည်းဖြည်းရပ်ဆိုင်း
24htopnews | October 29, 2024 1:12 PM CST

သီရိလင်္ကာနိုင်ငံတွင် တစ်ရက်စာအတွက်ပင် လောင်စာဆီ မကျန်ရှိတော့ကြောင်း သီရိလင်္ကာစွမ်းအင်ဝန်ကြီးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့ပြီး တိုင်းပြည်စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် ပြေးဆွဲမှုများသည်လည်း တဖြည်းဖြည်း ရပ်ဆိုင်းသွားခဲ့သည်။

မြို့တော်ကိုလမ်ဘိုတွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးမှာ ကီလိုမီတာပေါင်းများစွာအထိ ရှည်လျားသည်ဟုဆိုသော်လည်း စက်သုံးဆီအရောင်းဆိုင်အများစုတွင် လောင်စာဆီ ပြတ်လပ်နေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

နိုင်ငံအတွင်း အရန်သိုလှောင်ထားရှိသည့် ဓာတ်ဆီပမာဏသည် တန်ချိန်လေးထောင်ခန့်သာ ရှိတော့ပြီး ယင်းပမာဏသည် တစ်ရက်စာအသုံးပြုရန်အတွက်ပင် လောက်ငှမှုမရှိတော့ကြောင်း သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကန်ချနာဝီဂျီဆေကီရာက ဆိုသည်။

“နောက်တစ်သုတ် မှာယူထားတဲ့ ဓာတ်ဆီတွေဟာ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်ကြားမှာ ရောက်လာဖို့ရှိပါတယ်။ မိမိတို့အနေနဲ့ တခြားရောင်းချပေးနိုင်မယ့် သူတွေနဲ့ ဆက်သွယ်ထားပေမဲ့ ၂၂ ရက် မတိုင်ခင်အထိတော့ ဓာတ်ဆီတွေ ထပ်ရောက်လာဖို့ အတည်မပြုနိုင်သေးပါဘူး” ဟု မြို့တော်ကိုလမ်ဘိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီးပွားရေးချွတ်ခြုံကျနေသော သီရိလင်္ကာနိုင်ငံတွင် ဇွန် ၂၇ ရက်မှစတင်ကာ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအတွက်မှလွဲ၍ လောင်စာဆီရောင်းချမှု မှန်သမျှကို သီတင်းနှစ်ပတ်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။

ဇူလိုင် ၃ ရက်တွင် စျေးဆိုင်အများစုကို ပိတ်ထားခဲ့ရပြီး ဇူလိုင် ၄ ရက်တွင် ဘဏ်များနှင့် ရုံးများပြန်ဖွင့်ချိန်တွင် အခြေအနေပိုဆိုးရွားလာဖွယ်ရှိနေသည်။

အရေးတကြီးသွားလာရန် လိုအပ်နေသူများသည် လိုက်ပါစီးနင်းနိုင်ရန် မျှော်လင့်လျက် လမ်းမများပေါ်တွင် အနည်းငယ်သာတွေ့ရသည့် မော်တော်ယာဉ်များကို လက်ပြ၍ တားနေပုံကို မြင်တွေ့ရမည်ဖြစ်သည်။

နိုင်ငံအတွင်း ပြေးဆွဲနေသော ယာဉ်များအနက်မှ သုံးပုံနှစ်ပုံခန့်အထိရှိနေသည့် ပုဂ္ဂလိကပိုင် ဘတ်စ်ကားများသည်လည်း စက်သုံးဆီပြတ်လပ်မှုဒဏ်ကို အကြီးအကျယ်ကြုံတွေ့နေရသည့်အတွက် ဇူလိုင် ၃ ရက်တွင် အရေအတွက်အကန့်အသတ်ဖြင့်သာ ပြေးဆွဲနိုင်တော့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင် ဘတ်စ်ကားအစီးရေ နှစ်သောင်းအနက်မှ တစ်ထောင်ခန့်သာ ပြေးဆွဲလျက်ရှိသည်ဟု ပုဂ္ဂလိကဘတ်စ်ကားကုမ္ပဏီများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂျီမူနူဝီဂျီရာနေးက ဆိုသည်။ မနက်ဖြန်တွင် ဒီဇယ်ထပ်မံရရှိတော့မည်မဟုတ်သည့်အတွက် အခြေအနေ ပိုဆိုးရွားလာဖွယ်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ခရီးတို သယ်ယူပို့ဆောင်ရေးတွင် အသုံးများသော သုံးဘီးဆိုင်ကယ်များကိုလည်း ပြေးဆွဲနိုင်ခြင်း မရှိတော့ပေ။ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ နိုင်ငံခြားငွေကြေး ပြတ်လပ်နေသည့်အတွက် ယမန်နှစ် နှောင်းပိုင်းမှစ၍ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ်လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်ခြင်းမရှိတော့သဖြင့် ပြည်သူ ၂၂ သန်းသည် နေ့စဉ်နှင့်အမျှ ကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။                   


READ NEXT
Cancel OK