လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်စီးတီးအသင်းနှင့် မိမိတို့ လွှမ်းမိုးထားမှုမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်သည် အပြောင်းအလဲများဖြစ်လာခဲ့ပြီဟု ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့သည် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သက်တမ်းအရှည်ဆုံးနည်းပြနှစ်ဦးဖြစ်ပြီး ယာဂန်ကလော့ပ်က ၂၀၁၅ အောက်တိုဘာ၊ ဂွါဒီယိုလာက ၂၀၁၆ ဇူလိုင်တွင် လက်ရှိအသင်းများကို စတင်ကိုင်တွယ်ခဲ့ကြခြင်းဖြစ်သည်။ လီဗာပူးလ်နှင့် မန်စီးတီးအသင်းသည် ၂၀၁၇-၁၈ ရာသီမှစ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်များအဖြစ် ရပ်တည်လာခဲ့ပြီး မန်စီးတီးက ချန်ပီယံဆု(၄)ကြိမ်နှင့် ဒုတိယတစ်ကြိမ်ရရှိခဲ့သလို၊ လီဗာပူးလ်က ချန်ပီယံဆု(၁)ကြိမ်နှင့် ဒုတိယနှစ်ကြိမ်ရရှိခဲ့သည်။ သို့သော် လက်ရှိရာသီတွင်မူ မန်စီးတီးက အာဆင်နယ်၏အောက် ဒုတိယနေရာသို့ ရောက်ရှိနေပြီး လီဗာပူးလ်အသင်းက အဆင့်(၉)နေရာသို့ ရောက်ရှိနေသည်။ ထို့ကြောင့် ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘရိုက်တန်နှင့် ယှဉ်ပြိုင်သည့် FA ဖလားမတိုင်မီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က "ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီလိဂ်ပြိုင်ပွဲမှာ စီးတီးနဲ့ ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တာတွေက အလွန်ထူးခြားပါတယ်။ ပြောရတာ နည်းနည်းကသိကအောက်ဖြစ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီကာလအတွင်းမှာ တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပါတယ်။ (၅)နှစ်အတွင်း ကျွန်တော်တို့က လိဂ်ပြိုင်ပွဲကို ချုပ်ကိုင်လွှမ်းမိုးနိုင်သူတွေ ဖြစ်ခဲ့ပါတယ်။ အသင်းကို တည်ငြိမ်မှုရှိအောင် စဉ်ဆက်မပြတ်တည်ဆောက်နိုင်တာက ဘောလုံးလောကမှာ အခက်ခဲဆုံးအကြောင်းအရာတစ်ခုပါ။ ဒါကြောင့် သူတို့တွေ(ပြိုင်ဘက်တွေ) ဘယ်အချိန်မှာ အမှတ်လျော့မလဲ၊ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ လက်ရှိအချိန်မှာ အားလုံးအတွက် ဥရောပဝင်ခွင့်ရဖို့၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အထူးသဖြင့် ချန်ပီယံဖြစ်ဖို့ ပိုခက်ခဲလာပြီး ဒါဟာ ပြိုင်ပွဲအတွက် ကောင်းပါတယ်။ အာဆင်နယ်က အံ့အားသင့်ဖွယ်အသင်းတစ်သင်းဖြစ်လာပြီး အာတီတာက အချိန်ကောင်းကောင်းရခဲ့တာပါ။ ယူနိုက်တက်ကလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုးတက်မှုကို မရပ်တန့်ခဲ့ပါဘူး။ စီးတီးအသင်း ချန်ပီယံဆုမရဘူးဆိုရင် ပက်အနေနဲ့ ဒီအခြေအနေကို နောက်နှစ်တွေ ထပ်ဖြစ်စေလိမ့်မယ်လို့ မထင်ပါဘူး။ သူတို့ ပြန်ကြိုးစားမှာပါ။ စပါး၊ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့လည်း တကယ်ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ယခုရာသီ၌ ဆုဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုသာ ကျန်ရှိတော့သည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ရာသီက ဖလား(၄)လုံး မျှော်လင့်ချက်ဖြင့် ဖြတ်သန်းနိုင်ခဲ့ပြီး လိဂ်ဖလားနှင့် FA ဖလားရရှိကာ ပရီးမီးယားလိဂ်တွင် ဒုတိယနေရာ၊ ချန်ပီယံလိဂ်တွင် ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည်။ သို့သော် ယခုရာသီတွင်မူ ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုမှ ထွက်ခဲ့ရသည့်အပြင် ပရီးမီးယားလိဂ်တွင်လည်း ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်နေပြီဖြစ်သည်။ ထို့ပြင် ချန်ပီယံလိဂ်၌ ရင်ဆိုင်ရမည်မှာလည်း ရီးယဲလ်ဖြစ်သောကြောင့် ဖလားလက်မဲ့ရာသီဖြစ်နိုင်ကြောင်း သုံးသပ်ခံထားရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား