Top News

ဘွန်ဒစ်လီဂါပွဲစဉ်(၈)ပွဲ၌ (၂၉)ဂိုးသွင်းယူနိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်း ၁၉၇၆-၇၇ နှင့် ၂၀၂၁-၂၂ ရာသီတို့မှ အကောင်းဆုံးသွင်းဂိုးစံချိန်များကို လိုက်မီ
24htopnews | October 28, 2024 7:12 PM CST

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် (၈)အပြီးတွင် (၂၉)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် အသင်း၏ အကောင်းဆုံးတိုက်စစ်စံချိန်ဖြစ်သော ၁၉၇၆- ၇၇ နှင့် ၂၀၂၁-၂၂ ရာသီတို့မှ သွင်းဂိုးစံချိန်များကို လိုက်မီခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘိုဟုမ်နှင့်ပွဲတွင် (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆိုပါစံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်ကြားရက်၌ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဘွန်ဒစ်လီဂါပြိုင်ပွဲတွင်မူ ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ လေဗာကူဆင်အသင်းနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့်တစ်ပွဲမှလွဲ၍ ကျန်ပွဲများတွင် အနည်းဆုံး (၂)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် အမှတ်ပေးဇယားတွင် လိုက်ပ်ဇစ်အသင်းနှင့် အမှတ်တူဖြစ်နေသော်လည်း ဂိုးကွာခြားချက်(၁၁)ဂိုးအသာဖြင့် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၁၉၇၆-၇၇ ရာသီနှင့် ၂၀၂၁-၂၂ ရာသီတို့တွင်လည်း (၈)ပွဲကစားပြီးချိန်၌ (၂၉)ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ၁၉၇၆-၇၇ ရာသီတွင် အသင်း၏တိုက်စစ်ကို ဂျာမန်ဂန္ထဝင် ဂတ်မူလာ၊ ၂၀၂၁-၂၂ ရာသီတွင် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့က ဦးဆောင်ခဲ့သည်။

နည်းပြများအဖြစ် ၁၉၇၆-၇၇ ရာသီတွင် ဂျာမန်နည်းပြ ဒက်တ်မာခရမ်မာ၊ ၂၀၂၁-၂၂ ရာသီတွင် ဂျာမန်နည်းပြ နာဂယ်စ်မန်းက ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

ယခုရာသီ၌ ကိုင်တွယ်နေသည်မှာ ဘယ်လ်ဂျီယံနည်းပြ ကွန်ပနီဖြစ်ပြီး ၎င်းအနေဖြင့် ဂျာမန်မြေ၌ ပထမဆုံးအကြိမ် နည်းပြအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဘွန်ဒစ်လီဂါပွဲဦးထွက်(၈)ပွဲ၌ (၂၉)ဂိုးသွင်းယူနိုင်အောင် ဦးဆောင်ပေးနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

ကွန်ပနီသည် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်း၊ အင်္ဂလန်ကလပ် ဘန်လေအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို (၃)နှစ်စာချုပ်ဖြင့် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ရာသီကြိုကာလကတည်းက အသင်းအား အကောင်းဆုံးဦးဆောင်နိုင်ခဲ့သလို၊ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ဖလားပြိုင်ပွဲ၌ ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အက်စတွန်ဗီလာနှင့် ဘာစီလိုနာတို့ကို နှစ်ပွဲဆက်အရေးနိမ့်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရန် လုံလောက်သည့် အရည်အချင်းမရှိဟုလည်း လှောင်ပြောင်ခံခဲ့ရသည်။

သို့သော် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင်မူ ၎င်းက တိုက်စစ်စံချိန်သစ် ရရှိသည်အထိ စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ အသင်း၏တိုုက်စစ်ကို ဦးဆောင်နေသည့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းမှာလည်း ဘွန်ဒစ်လီဂါ(၈)ပွဲတွင် (၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆) ကြိမ် ပြုလုပ်ပေးထားနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK