အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် အသက်အငယ်ဆုံး အာဆင်နယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဆာကာသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ် ၂-၂ လီဗာပူးလ်ပွဲတွင် ပရီးမီးယားလိဂ်ဂိုး (၅၀)ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် ဆာကာ၏အသက်မှာ (၂၃)နှစ်၊ (၅၂)ရက်ဖြစ်သည့်အတွက် တိုက်စစ်မှူးဟောင်း အွန်နရီ၏ (၂၄)နှစ်၊ (၁၂၈)ရက် စံချိန်ကိုကျော်ဖြတ်ကာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ဆာကာသည် အာဆင်နယ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီတွင် ပထမဆုံးပရီးမီးယားလိဂ်ပွဲ စတင်ကစားခွင့်ရခဲ့သည်။
၎င်းအနေဖြင့် အချိန်ကာလ (၆)နှစ်နီးပါးအကြာတွင် ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲအရေအတွက်အားဖြင့်ဆိုပါက ဂိုး(၅၀)ပြည့် သွင်းယူနိုင်ရန် (၁၇၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။
ထို့ ကြောင့် ပွဲအရေအတွက်အနည်းဆုံးဖြင့် ပရီးမီးယားလိဂ် ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် အာဆင်နယ်ကစားသမားစာရင်းတွင်မူ အဆင့်(၁၀)နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းအတွက် ပွဲအရေအတွက်အနည်းဆုံးဖြင့် ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့်သွင်းယူနိုင်သူအဖြစ် အူဘာမီယန်းက (၇၉)ပွဲဖြင့် ဦးဆောင်ရပ်တည်နေပြီး အွန်နရီက (၈၃)ပွဲဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ဆာကာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားစာရင်းတွင်မူ သတ္တမနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် အသက်အငယ်ဆုံး ဂိုး(၅၀)ပြည့်သွင်းယူနိုင်သူအဖြစ် လီဗာပူးလ်တိုက်စစ်မှူး ဖောင်လာက (၂၀)နှစ်၊ (၂၅၂)ရက်ဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။
၎င်း၏နောက်တွင် မိုက်ကယ်အိုဝင်၊ ၀ိန်းရွန်နီ၊ လူကာကူ၊ စီရော်နယ်လ်ဒို၊ ဟာရီကိန်းတို့ အစဉ်အလိုက်ရပ်တည်ခဲ့ပြီး ဆာကာ၏နောက်တွင် ရပ်ရှ်ဖို့ဒ်၊ ဟက်စကီး နှင့် ဟာလန်းတို့လည်း ထိပ်ဆုံး (၁၀)သင်းစာရင်းဝင်ခဲ့သည်။
ဆာကာသည် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ စတင်ကစားခွင့်ရခဲ့သည့် ၂၀၁၉ ဇန်နဝါရီမှ စတွက်ပါက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး၊ ဂိုးဖန်တီးမှုအများဆုံး၊ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ဆာကာသည် ပရီးမီးယားလိဂ်၌ သွင်းဂိုး (၅၀)၊ ဂိုးဖန်တီးမှု (၄၂)ကြိမ်၊ ဂိုးပါဝင်ပတ်သက်မှု (၉၂) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ ထိပ်ဆုံး (၅)ဦးစာရင်းတွင် အော်ဒီဂွါက သွင်းဂိုး (၃၁)ဂိုး၊ ဂိုးဖန်တီးမှု (၂၃)ကြိမ်၊ ဂိုးပါဝင်ပတ်သက်မှု (၅၄)ကြိမ်၊ အူဘာမီယန်းက သွင်းဂိုး (၄၅)ဂိုး၊ ဂိုးဖန်တီးမှု (၉)ကြိမ်၊ ဂိုးပါဝင်ပတ်သက်မှု (၅၄)ကြိမ်၊ မာတင်နယ်လီက သွင်းဂိုး (၃၄)ဂိုး၊ ဂိုးဖန်တီးမှု (၁၈)ကြိမ်၊ ဂိုးပါဝင်ပတ်သက်မှု (၅၂)ကြိမ်၊ လာကာဇက်က သွင်းဂိုး (၃၄)ဂိုး၊ ဂိုးဖန်တီးမှု (၁၆)ကြိမ်၊ ဂိုးပါဝင်ပတ်သက်မှု (၅၀)ကြိမ်ဖြင့် ပါဝင်ခဲ့ကြသည်။
ဆာကာသည် ပရီးမီးယားလိဂ် ဂိုး(၅၀)ကို ဘယ်ခြေဖြင့် (၃၇) ဂိုး၊ ညာခြေဖြင့် (၁၁)ဂိုး၊ ခေါင်းတိုက်ချက်ဖြင့် (၂)ဂိုးသွင်းယူခဲ့ပြီး ပယ်နယ်တီ (၁၀)ဂိုးပါဝင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့် သွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမား(၁၀)ဦး
ကစားသမား အသက်
ဆာကာ ၂၃ နှစ်၊ ၅၂ ရက်
အွန်နရီ ၂၄ နှစ်၊ ၁၂၈ ရက်
ဝေါလ်ကော့ ၂၆ နှစ်၊ ၆၉ ရက်
ဗန်ပါစီ ၂၇ နှစ်၊ ၁၆၂ ရက်
အလက်ဆစ်ဆန်းချက်ဇ် ၂၈ နှစ်၊ ၂၄၅ ရက်
ဂျရူး ၂၉ နှစ်၊ ၇၄ ရက်
လာကာဇက် ၂၉ နှစ်၊ ၃၁၈ ရက်
ဘားကမ့် ၂၉ နှစ်၊ ၃၃၁ ရက်
အူဘာမီယန်း ၃၁ နှစ်၊ ၁၃ ရက်
ရောဘတ်ပီရက်စ် ၃၁ နှစ်၊ ၇၂ ရက်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား