Top News

ဘာစီလိုနာကို ဂိုးပြတ်ရှုံးနိမ့်သဖြင့် ရီးယဲလ်အသင်း ရှုံးပွဲမရှိစံချိန်အမီလိုက်နိုင်မည့်အခွင့်အရေး လွဲချော်ခဲ့ပြီး ပထမပိုင်းမှာပင် လူကျွံခြောက်ကြိမ်ဖြစ်ခဲ့သူ အမ်ဘာပေ လှောင်ပြောင်ခံရ
24htopnews | October 28, 2024 7:12 PM CST

 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်သောကြောင့် လာလီဂါရှုံးပွဲမရှိ ပွဲဆက်အများဆုံးစံချိန်အမီလိုက်နိုင်မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။

ပြိုင်ပွဲစုံ ၂၅၈ ကြိမ်မြောက် El Clasico ပွဲစဉ်ကို အောက်တိုဘာ ၂၆ ရက် ညပိုင်းက ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်း၌ကျင်းပရာ ဘာစီလိုနာအသင်းက (၀-၄) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေဖြစ်နေသော်လည်း ၅၄၊ ၅၆ မိနစ်တွင် လီဝန်ဒေါစကီးက နှစ်ဂိုး၊ ၇၇ မိနစ်တွင် ယမားလ်နှင့် ၈၄ မိနစ်တွင် ရာဖင်ညာက တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာ အသင်းအနေဖြင့် ပြိုင်ပွဲအဆင့် El Clasico ပွဲစဉ်များတွင် ၁၀၁ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ပြီး ၅၂ ပွဲသရေကျကာ ရီးယဲလ်အသင်းက ၁၀၅ ပွဲ အနိုင်ရထားသည်။

ရီးယဲလ်အသင်းမှာမူ ယခုပွဲတွင် မရှုံးအောင် ကစားနိုင်ပါက ၂၀၁၇ ခုနှစ် ဧပြီမှ ၂၀၁၈ ခုနှစ် မေလအထိ ၄၃ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားသည့် ဘာစီလိုနာအသင်း၏စံချိန်ကို အမီလိုက်နိုင်မည့်အခွင့်အရေး လက်လျှော့ခဲ့ရသည်။ ရီးယဲလ်အသင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာမှ ယခုနှစ် အောက်တိုဘာအထိ ၄၂ ပွဲကစားရာတွင် ၃၁ ပွဲနိုင်၊ ၁၁ ပွဲသရေကျထားသော်လည်း စံချိန်အမီလိုက်နိုင်မည့်ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ 

ထို့ပြင် ရီးယဲလ်အသင်းသည် ပထမပိုင်းမှာပင် လူကျွံဘောရှစ်ကြိမ်အထိဖြစ်ခဲ့ပြီး တိုက်စစ်မှူး အမ်ဘာပေတစ်ဦးတည်းက ပထမပိုင်း မိနစ် ၃၀ အတွင်း လူကျွံခြောက်ကြိမ်အထိဖြစ်ခဲ့ရာ ပရိသတ်များ၏ လှောင်ပြောင်မှုခံခဲ့ရကြောင်း သိရသည်။ အမ်ဘာပေ သည် ယင်းပွဲတွင် နှစ်ဂိုးသွင်းယူနိုင်သော်လည်း လူကျွံနေသောကြောင့် ငြင်းပယ်ခံခဲ့ရသည်။

"အမ်ဘာပေက လူကျွံဖြစ်ရတာကို စွဲလမ်းနေပြီ" ၊ "ဖလစ်ရဲ့ လူကျွံထောင်ချောက်တွေက ဘယ်လောက်ကောင်းလဲဆိုတာ စိတ်မဝင်စားဘူး။ ဒါပေမဲ့ အမ်ဘာပေက ငါးမိနစ် တစ်ကြိမ် လူကျွံနေတာတော့ မဖြစ်သင့်ဘူး"၊ "အမ်ဘာပေ လူကျွံတာက သူဘယ်လောက်အထိမြန်လဲဆိုတာအတွက် အကြောင်းပြချက်မဟုတ်ဘူး" ၊ "အမ်ဘာပေက သူ့ရဲ့အရှိန်အဟုန်နဲ့ လူကျွံဘောဖြစ်စရာအကြောင်းမရှိဘူး။ နေရာလွတ်တွေ အများကြီးရှိနေတာပါ"၊ "အမ်ဘာပေက လူကျွံဘောစည်းမျဉ်းဘာလဲဆိုတာ မသိတဲ့အကြောင်းကို ဘာစီလိုနာက သိအောင်လုပ်နေသလိုပဲ" စသည်ဖြင့် ပရိသတ်များက လူမှုမီဒီယာများတွင် ဝေဖန်လှောင်ပြောင်၍ ရေးသားခဲ့ကြသည်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်မှာလည်း တယ်ရီဗာနေဘယ်လ်(၁၉၈၄  ခုနှစ်၊ စက်တင်ဘာ ၂ ရက်) နောက်ပိုင်း ဘာနေဗျူးကွင်း၌ ပထမဆုံးရင်ဆိုင်ရသည့် El Clasico ပွဲစဉ်တွင် အနိုင်ရအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံး ဘာစီလိုနာနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK