ဖီဖာမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲအခမ်းအနားကို တနင်္လာနေ့က အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အား ကျော်ဖြတ်ဆွတ်ခူးခဲ့ကြောင်း သိရှိရသည်။
The Best ဆုပေးပွဲတွင် ဆုအမျိုးအစားများစွာ ချီးမြှင့်ခဲ့သည့်အနက် ကမ္ဘာ့အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုမှာ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်သည်။
ယခုဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ဗန်ဒိုက်၊ မက်ဆီနှင့် ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ပါဝင်ခဲ့ပြီး ဗန်ဒိုက်က ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်ခဲ့သည်။
ဗန်ဒိုက်သည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားရရှိရာတွင် အဓိကနေရာမှ ခြေစွမ်းပြခဲ့သူဖြစ်သည့်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ ချီးမြှင့်သည့် အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရရှိထားသည့်အတွက် ရေပန်းစားနေခြင်းဖြစ်သည်။
သို့သော် စီရော်နယ်လ်ဒို တက်ရောက်ခြင်းမရှိသည့် ဆုပေးပွဲ၌ မက်ဆီက ဗန်ဒိုက်ကို အ့ံအားသင့်ဖွယ် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။
ဖီဖာမှ ထုတ်ပြန်သည့် မဲရလဒ်များအရ မက်ဆီသည် ဗန်ဒိုက်ကို (၈)မှတ်အသာဖြင့် အောင်ပွဲခံနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
မက်ဆီက (၄၆)မှတ်၊ ဗန်ဒိုက် က (၃၈) မှတ်၊ စီရော်နယ်လ်ဒိုက (၃၆)မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုမူ ကြိုတင်ရေပန်းစားခဲ့သည့်အတိုင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဆွတ်ခူးခဲ့သည်။
ယာဂန်ကလော့ပ်က (၄၈)မှတ်၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၃၈)မှတ်၊ စပါးနည်း ပြ ပိုချက်တီနိုက (၂၇)မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုကိုလည်း လီဗာပူးလ်အသင်းမှ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်က ရရှိခဲ့သည်။
ကမ္ဘာ့အကောင်းဆုံးအသင်းစာရင်းတွင် လက်ရှိရီးယဲလ်အသင်းမှ ကစားသမား(၄)ဦးပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။
ကမ္ဘာ့အကောင်းဆုံးအ မျိုးသမီးဘောလုံးသမားဆုကို အမေရိကန်ကစားသမား ရက်ပီးနိုးက ရရှိခဲ့ပြီး အမျိုးသမီးနည်းပြဆုကိုလည်း အမေရိကန်လက်ရွေးစင်နည်းပြ ဂျီးလ်အဲလစ်က ရရှိခဲ့သည်။
ထို့ပြင် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးအသင်း၌ အမေရိကန်ကစားသမား (၅)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။
The Best အခမ်းအနားတွင် ချီးမြှင့်ခဲ့သည့်ဆုများ
- အကောင်းဆုံးအမျိုးသား ဘောလုံးသမားဆု - မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)
- အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆု - ရက်ပီးနိုး (အမေရိကန်)
- အကောင်းဆုံးအမျိုးသား ဂိုးသမားဆု - အယ်လစ်ဆန် (ဘရာဇီးလ်/လီဗာပူးလ်)
- အကောင်းဆုံးအမျိုးသမီး ဂိုးသမားဆု - ဗန်ဗီနန်ဒါးလ် (နယ်သာလန်)
- အကောင်းဆုံးအမျိုးသားအသင်း နည်းပြဆု - ယာဂင်ကလော့ပ် (လီဗာပူးလ်)
- အကောင်းဆုံးအမျိုးသမီးအသင်း နည်းပြဆု - ဂျီးလ်အဲလစ် (အမေရိကန်)
- ကမ္ဘာ့အကောင်းဆုံး သွင်းဂိုး (Puskas Awards) ဆု - ဇက်ဆိုရီ (ဟန်ဂေရီ)
- FIFA Fair Play Award - လိဒ်စ်အသင်းနှင့် နည်းပြ ဘီယဲလ်ဆာ
- အကောင်းဆုံးပရိသတ်ဆု - ဆယ်လ်ဗီယာဂရက်ကို (ဘရာဇီးလ်)
- အကောင်းဆုံးအမျိုးသား (၁၁)ယောက်အသင်းစာရင်း - ဂိုး-အယ်လစ်ဆန် (ဘရာဇီးလ်/လီဗာပူးလ်)၊ နောက်တန်း- ဒီလစ် (နယ်သာလန်/ဂျူဗင်တပ်စ်)၊ ရာမို့စ် (စပိန်/ရီးယဲလ်)၊ ဗန်ဒိုက် (နယ်သာလန်/လီဗာပူးလ်)၊ မာဆယ်လို (ဘရာဇီးလ်/ရီးယဲလ်)၊ အလယ်တန်း - ဒီယွန်း (နယ်သာလန်/ဘာစီလိုနာ)၊ ဟာဇက် (ဘယ်လ်ဂျီယံ/ရီးယဲလ်)၊ မိုဒရစ် (ခရိုအေးရှား/ရီးယဲလ်)၊ ရှေ့တန်း - ဘာပေ (ပြင်သစ်/PSG)၊ စီရော်နယ်လ်ဒို (ပေါ်တူဂီ/ဂျူဗင်တပ်စ်)၊ မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)
- အကောင်းဆုံးအမျိုးသမီး (၁၁)ယောက်အသင်းစာရင်း - ဂိုး- ဗန်ဗီနန်ဒါးလ်၊ နောက်တန်း-လူစီဘရွန့်ဇ်၊ ဖစ်ချာ၊ အိုဟားရား၊ ရက်နက်ဒ်၊ အလယ်တန်း-အီရက်ဇ်၊ အွန်နရီ၊ လာဗယ်လီ၊ ရှေ့တန်း-မာတာ၊ မော်ဂန်၊ ရက်ပီးနိုး
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား