Top News

မြန်မာနိုင်ငံလူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင်အသားဝါ ဘီနှင့် နှစ်ရာခိုင်နှုန်းကျော်မှာ အသည်းရောင်အသားဝါစီ ဖြစ်ပွားနေပြီး ရောဂါဖြစ်နှုန်းမြင့်တက်နေ
24htopnews | October 28, 2024 9:12 AM CST

မြန်မာနိုင်ငံလူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင်အသားဝါ ဘီနှင့် နှစ်ရာခိုင်နှုန်းကျော်မှာ အသည်းရောင်အသားဝါ စီ ဖြစ်ပွားနေပြီး ရောဂါဖြစ်နှုန်းများ မြင့်တက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် မြန်မာအသည်းဖောင်ဒေးရှင်းတို့ ဦးစီးကောက်ယူခဲ့သော စစ်တမ်းအရ သိရသည်။

ဝန်ကြီးဌာနတွင် အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ် ရေးစီမံချက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံ၌ လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးများ၌လည်းကောင်း အသည်းရောင်အသားဝါ စီ ကုသမှုဌာနများ ဖွင့်လှစ်၍ အသည်းရောင်အသားဝါ စီ ရောဂါလူနာများကို အခမဲ့ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

“ပြည်သူ့ဆေးရုံတချို့မှာ အသည်းရောင်အသားဝါ စီ ကုသမှုဌာနတွေကို ဖွင့်လှစ်ကုသပေးနေပါတယ်။ ၂၀၁၉ ခုနှစ် မေလအထိ အသည်းရောင်အသားဝါ စီပိုးဝေဒနာရှင် ၅ဝဝဝကို ဆေးကုသမှုပေးထားပြီး ကုသမှုခံယူပြီး လူနာတွေရဲ့ ကုထုံးအောင်မြင်မှုနှုန်းက ရာခိုင်နှုန်း ၉၀ ကျော်ရှိတဲ့အတွက် ရလဒ်ကောင်းမွန်ပါတယ်။ ဒါကြောင့် တခြားပြည်သူ့ဆေးရုံတွေမှာလည်း အသည်းရောင်အသားဝါ စီ ကုသဌာနတွေကို ထပ်မံဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံမှ အသည်းရောင်အသားဝါ စီ ပိုး ကူးစက်ခံထားရသူလူနာများကို ၂၀၁၇ ခုနှစ် ဇွန်လလယ်ပိုင်းမှစ၍  Pilot Program အဖြစ် အခမဲ့ကုသမှုပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ လကုန်အတွင်း အသည်းရောင်အသား ၀ါ စီ ပိုး လူနာဦးရေ စုစုပေါင်း ၂၀၉၉ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၁၇၃၀ ဦး ကုသမှုကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ၇၂၄ ဦး အသည်းရောင်အသားဝါ စီပိုး လုံးဝပျောက်ကင်းခဲ့ကြောင်းနှင့် ယခင်က ဆေးကုသစရိတ်များစွာ ကုန်ကျခဲ့သည့် အသည်းရောင်အသားဝါ စီပိုး ကုသမှုသည် ယခုအခါ ကာလတိုနှင့် ကုန်ကျစရိတ်သက်သာစွာ ကုသနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကုသပေးရာတွင် အသုံးပြုသည့် ဆေးများအနက် Daclatasvir ဆေးကို အမေရိကန်နိုင်ငံအခြေစိုက် AmeriCares ကုမ္ပဏီက CHAI အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်ဆေးတစ်မျိုး Sofosbuvir နှင့် စမ်းသပ်မှုပစ္စည်းများကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ပုံငွေမှ ကျပ်ငွေလေးဘီလျံခန့် အသုံးပြုပြီးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက်လည်း အသည်းရောင်အသားဝါစီပိုး ကုသရန် ဆေးဝါးများ ထပ်မံဝယ်ယူခဲ့ကြောင်းနှင့် လက်ရှိဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနားနှင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးများကိုပါ ကုသမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လက်ရှိ အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ရေးအတွက် မွေးကင်းစကလေးငယ်များကို ဘီပိုး ကာကွယ်ဆေးထိုးခြင်းနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဘီပိုးကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။

၂၀၁၇ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာတွင် အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံထားရသူဦးရေ ၂၅၇ သန်းခန့်ရှိပြီး အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံထားရသူဦးရေ ၇၁ သန်းခန့်ရှိကြောင်နှင့် ရောဂါကူးစက်ခံထားရသူများအနက် ၂၀ တွင်တစ်ဦးမှာ မိမိတွင်ရောဂါရှိမှန်း သိကြပြီး ယင်းတို့အနက်မှ ၁ ဒသမ ၄၅ သန်းခန့်သည် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ပွား၍ သေဆုံးလျက်ရှိနေကြောင်းသိရသည်။     

မြန်မာအသည်းဖောင်ဒေးရှင်းအနေဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အသင်းခွဲ ၂၃ ခုဖြင့် အသည်းရောင်အသားဝါ ဘီနှင့် စီ ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသည်းရောင်အသားဝါ ဘီနှင့် စီ ရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာအသည်းဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဖောင်ဒေးရှင်းမှ ဒေါက်တာသံစစ်ဆေးခန်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK