Top News

ICJ ၌ နိုင်ငံတော်ကိုယ်စား ဦးဆောင်တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ ကြံခင်းမြို့၊ ပုလဲမြို့၊ မိုးကုတ်မြို့နှင့် မြဝတီမြို့တွင် ပြုလုပ်
24htopnews | October 28, 2024 9:12 AM CST

 

ICJ ၌ နိုင်ငံတော်ကိုယ်စား ဦးဆောင်တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ကြံခင်းမြို့၊ ပုလဲမြို့၊ မိုးကုတ်မြို့နှင့် မြဝတီမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ အမှုရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဝန်းရံထောက်ခံပွဲကို ကြံခင်းမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီခန့်တွင်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့မစျေး၊ နာရီစင်ထိပ်မှ ဗိုလ်ချုပ်ကြေးရုပ်အထိ ပြည်သူများစုပေါင်းချီတက်ခဲ့ကြကြောင်း သိရသည်။ 

“ကြံခင်းမြို့မစျေး နာရီစင်ထိပ်မှာ ဟောပြောပွဲပြုလုပ်တယ်။ အဲဒီနောက် မြင်းကောင်ရေ ၃၀ ခန့်နဲ့ ဝန်းရံပြည်သူ ၂၀၀၀ ကျော်က စျေးတစ်ပတ်ပတ်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအထိ ချီတက်ခဲ့ကြတယ်။ ကျောင်းသားတွေရော၊ ဌာနဆိုင်ရာတွေရော၊ ပါတီ၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြေး ရုပ်မှာေြွကးကြော်သံတွေနဲ့ ထောက်ခံပွဲပြီးဆုံးခဲ့ပါတယ်။ နိုင်ငံကို တရားစွဲဆိုထားတဲ့ ဒီကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီအတွက် ICJ မှာ သွားရောက်ဖြေရှင်းပေးနေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျွန်တော်တို့ တစ်သားတည်းရှိတယ်။ ထောက်ခံတယ်ဆိုတဲ့အကြောင်း ပြသချင်လို့ သွားရောက်ဝန်းရံခဲ့တာပါ။ အခုအချိန်မှာ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ပါတီတွေက နိုင်ငံအတွက်ဆို စုစုစည်းစည်းနဲ့ ရှေ့ထွက်ရပ်ကြတယ်။ ဒီအပေါ်မှာတော့ ပီတိတစ်ခုဖြစ်မိပါတယ်” ဟု ကြံခင်းမြို့နယ် ဘက်ရဲမြို့မှ သွားရောက်ဝန်းရံခဲ့သူ ကိုရွှေသီးက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် သွားရောက်ကာကွယ်ပြီးတော့ တရားရင်ဆိုင်နေတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြောင်း ထောက်ခံပွဲကို ကြံခင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်လိုတဲ့ ခေါင်းဆောင်ကောင်းကို ထောက်ခံဝန်းရံတယ်။ နောက်တစ်ခုက ကျွန်တော်တို့မျိုးဆက်မှာ ပထမဦးဆုံးလို့ ပြောလို့ရတဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝစိတ်ဓာတ်ရှိတဲ့ ခေါင်းဆောင်ရဲ့စိတ်ထားကို လေးစားသောအားဖြင့် ခေါင်းဆောင်နဲ့အတူ ရပ်တည်ကြောင်း ကျွန်တော်တို့ ထောက်ခံကြောင်းပြတာပါ။ ဗိုလ်ချုပ်ကြေးရုပ်အထိ လမ်းလျှောက်ပြီးတော့ လူထုခေါင်းဆောင်ကို ထောက်ခံကြောင်း၊ ICJ မှာ မြန်မာနိုင်ငံ အကျိုးစီးပွားကို ကာကွယ်ပြီးတော့ အမှုရင်ဆိုင်နေတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။ ဒီပွဲက ပြည်သူလူထုက ဦးဆောင်တဲ့ပွဲပါ။ ကျွန်တော်ကတော့ ဒေသကိုယ်စားလှယ်တစ်ဦးအနေနဲ့၊ ဒေသခံတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်” ဟု ကြံခင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောကြားသည်။

ယင်းထောက်ခံပွဲ၌ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ”၊ “နုုိင်ငံအကျိုးစီးပွားကို ကာကွယ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြ”၊ “ICJ တွင် နိုင်ငံအကျိုးစီးပွားအတွက် သွားရောက်ဖြေရှင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အောင်မြင်ပါစေ” ဟု ဒေသခံများက ကြွေးကြော်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မိုးကုတ်မြို့တွင် ဝန်းရံထောက်ခံစဉ်   ဓာတ်ပုံ-လဲ့လဲ့အောင်

ပုလဲမြို့

မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့တွင် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲပြုလုပ်ရခြင်းသည် Gambia နိုင်ငံက တရားစွဲဆိုထားမှုကို အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ကာဖြေရှင်းနေသည့်အပေါ် ရပ်တည်ထောက်ခံသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံကို တရားစွဲဆိုထားတဲ့ဟာပေါ့နော်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ တကယ်လည်း ကျွန်တော်တို့နိုင်ငံက မကျူးလွန်ခဲ့ဘူး။ ဒီဟာနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့အမေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နယ်သာလန်နိုင်ငံမှာ သွားရှင်းနေတယ်။ ကျွန်တော်တို့ရဲ့အမေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နယ်သာလန်နိုင်ငံမှာသွားရှင်းနေသလို ကျွန်တော်တို့ ပြည်သူတွေကလည်း နောက်ကနေ စုစုစည်းစည်းနဲ့ရှိနေတယ်ဆိုတာ ကမ္ဘာကိုပြတာပါ။ ဒီအချိန်ဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်စည်းလုံးရမယ့်အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ICJ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူမျိုးရေးတွေ ဘာသာရေးတွေ နိုင်ငံရေးတွေ ဘာမှအရောင်တွေမခွဲခြားပါနဲ့။ ဒီအချိန်ဟာ အရောင်တွေခွဲခြားရမယ့် အချိန်မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ လူမျိုးအသီးသီး ဘာသာအသီးသီး ပါတီအသီးသီး အဖွဲ့အစည်းအသီးသီး  ဒါတွေအားလုံး စည်းလုံးဖို့ရာ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပုလဲမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်က ရပ်တည်ထောက်ခံပွဲနှင့်ပတ်သက်၍ ပြောကြားသည်။

ထို့ပြင် ကျောင်းသူကျောင်းသားများ၊ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ပြည်သူများလူဦးရေ ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အလားတူမြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားမှုကို သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲကို ပုလဲမြို့အပြင် ကလေးဝမြို့၊ မင်းကင်းမြို့တို့တွင်လည်း ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့

ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သွားရောက်ဖြေရှင်းနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရပ်တည်ထောက်ခံပွဲကို မိုးကုတ်မြို့ မုံကွင်းတွင် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

ထောက်ခံပွဲသိူ့ မိုးကုတ်မြို့တွင်နေထိုင်သော ပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ စုပေါင်းပါဝင်ခဲ့ပြီး မုံကွင်းတွင် စုရပ်အဖြစ် ပြုလုပ်ကာ အခမ်းအနားကျင်းပခဲ့သည်။ ယင်းမှတစ်ဆင့် မိုးကုတ်မြို့အတွင်း လှည့်လည်ထောက်ခံခဲ့ကြောင်း သိရသည်။

“ပွဲကို မိုးကုတ်ထာပွဲကျောက်ကုန်သည်များအဖွဲ့ကနေ ဦးဆောင်ကျင်းပဖို့ လဆန်းပိုင်းလောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီအတွက် NLD ပါတီကနေလည်း ပူးပေါင်းလုပ်မယ်ဆိုတဲ့အတွက် ဒီနေ့မှာလုပ်ဖြစ်တာပါ။ ဒီပွဲမှာ လူမျိုးဘာသာ ဘာတစ်ခုမှ ခွဲခြားမှုမရှိဘဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်ဖြေရှင်းတဲ့အပေါ် သူ့ဘက်ကနေ ပြည်သူတွေအနေနဲ့ ရပ်တည်ပါတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်” ဟု မိုးကုတ်ထာပွဲကျောက်ကုန်သည် ပွဲစားများအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က ပြောကြားသည်။

ထောက်ခံပွဲတွင် မိုးကုတ်မြို့တွင်နေ ထိုင်ကြသော လီဆူ၊ ကိုးကန့်၊ ရှမ်း၊ ဓနု၊ ဂေါ်ရခါး၊ ဟိန္ဒူ စသည့်လူမျိုးများ ပါဝင်ထောက်ခံမှုပြုလုပ်ခဲ့ပြီ လူဦးရေ သောင်းဂဏန်းမျှ တက်ရောက်ထောက်ခံမှုပြုလုပ်ခဲ့သည်။

“အခုထောက်ခံတာက အမေစုကိုပို ထောက်ခံတာပါ။ အခုလုပ်ဆောင်နေတဲ့ ICJ ကိုလည်း ကန့်ကွက်တာမဟုတ်ပါဘူး။ သူတို့အဖွဲ့အစည်းတွေအနေနဲ့ သူတို့အလုပ် သူတို့လုပ်နေကြတာပါ။ အမေစုအနေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်သွားပြီးတော့ ရှင်းလင်းတင်ပြနေတဲ့အပေါ် အမေစုကို ထောက်ခံတဲ့ပွဲပါ။ ပြည်သူတွေရဲ့ ညီညွတ်မှုကို ဒီပွဲမှာ ပြသတာပါ” ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

 

မြဝတီမြို့ 

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် အမှုကြားနာသည့်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ဝန်းရံထောက်ခံပွဲကို ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့၌ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ဝန်းရံထောက်ခံပွဲ စတင်ရာ မြစန္ဒီပန်းခြံဝင်း စင်မြင့်ရင်ပြင်သို့ ဒေသခံပြည်သူများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရှေ့နေများအသင်း အပါအဝင် လူပေါင်းသောင်းနှင့်ချီ ပါဝင်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ဝန်းရံထောက်ခံပွဲသို့ တက်ရောက်လာသူ မြဝတီမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းချိုက “အခု ဂျီနိုဆိုက်ကိစ္စနဲ့ပတ်သက်လို့ ရခိုင်မှာတော့ ထူးထူးခြားခြား ပြန်ဖြစ်လာဖို ့မရှိပါဘူး။ ဂျီနိုဆိုက်နဲ့ စွပ်စွဲတဲ့အတွက်ကြောင့် မြန်မာပြည်သူတွေက တစ်ဖက်နိုင်ငံ စွပ်စွဲသူတွေကို မတရားဖိနှိပ်မယ်ဆိုတာလည်း စိတ်ဓာတ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။                 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြဝတီမြို့တွင် ဝန်းရံထောက်ခံစဉ်   ဓာတ်ပုံ-ကိုရွှေသိန်း (မြဝတီ)

 

 


READ NEXT
Cancel OK